သတင်းခေါင်းစဉ်များ -
📌အကြမ်းဖက်စစ်ကောင်စီသည် ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားများအပေါ် သက်သေခံလက်မှတ် CI လုပ်ငန်းစဉ်ဖြင့် ကိုယ်ကျိုးရှာခေါင်းပုံဖြတ်နေ
📌BIMSTEC အဖွဲ့ ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်အုပ်စုကတက်ရောက်မယ့်အန္တရာယ်
📌NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုး ကျန်းမာရေးကောင်းလျက်ရှိပီး အမှုနှစ်ခုကို ရင်ဆိုင်နေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အကြမ်းဖက်စစ်ကောင်စီသည် ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားများအပေါ် သက်သေခံလက်မှတ် CI လုပ်ငန်းစဉ်ဖြင့် ကိုယ်ကျိုးရှာခေါင်းပုံဖြတ်နေတဲ့သတင်းတပုဒ်ကိုတင်ပြပေးပါ့မယ်
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ပိုမိုခက်ခဲကျပ်တည်းအောင် ခေါင်းပုံဖြတ်ခွင့် ဖန်တီးပေးနေသည့် အကြမ်း ဖက်စစ်အုပ်စု ၏ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) သက်တမ်းတိုးထုတ်ပေးခြင်း လုပ်ငန်းစဉ်နှင့်ယင်းလုပ်ငန်းစဉ် အကောင်အထည်ဖေါ်မှုတွင် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်း၊ ကုမ္ပဏီနှင့် အေဂျင်စီတို့အား အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန မှ ပြင်းထန်စွာ ရှုံ့ချကြောင်း ဖော်ပြပါ ကြေငြာချက်မှာ -
အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ်စဉ် (၂/၂၀၂၂)
(၁)အကြမ်းဖက်စစ်ကောင်စီသည် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှု အလွယ်တကူဖြစ်ပေါ်စေနိုင်သည့် လူစုလူဝေးဖြစ်ပေါ်မှုကိုရှောင်ရှားရန်နှင့် စီးပွားရေးကျန်းမာရေး လူမှုရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မြန်မာအလုပ်သမားများအတွက် ကုန်ကျစရိတ်သက်သာစေရန် ပိုမိုသင့်လျော်သောနည်းလမ်းကိုမစဉ်းစားဘဲ ၎င်းတို့၏အကျိုးစီးပွားအတွက် အလုပ်သမားများ၏ ချွေးနည်းစာကို ခေါင်းပုံဖြတ်နိုင်မည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် cerificate of identidy CI သက်တမ်းတိုးပေးခြင်းနည်းလမ်းကို အသုံးချက်လျက်ရှိကြောင်း သိရသည်။
(၂) အလုပ်သမားများအနေဖြင့် ယင်းလုပ်ငန်းစဉ်အတွက် ပွဲစားများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ မိမိအစီအစဉ်ဖြင့်သာ ဆောင်ရွက်ရန်အကြမ်းဖက်စစ်အုပ်စုမှ ကြေညာထားသော်လည်း စခန်းတာဝန်ခံ စစ်ကောင်စီလက်ကိုင်တုတ်များအနေဖြင့် ပွဲစားများမှတဆင့် သက်တမ်းတိုးသူများကိုသာ ဦးစားပေးလျက်ရှိကြောင်းသိရပါသည်။
(၃) အကြမ်းဖက် စစ်အုပ်စုမှ ကြေငြာထားသည့် CI သက်တမ်းတိုးလုပ်ငန်းစဉ်တွင် Counter Service Co.ltd နှင့်ချိတ်ဆက်ထားသော ဆဲဗင်းအလဲဗင်းဆိုင်များတွင်ဘတ် ၃၁၀ ပေးသွင်းရန် ငွေသွင်းပြေစာတွင် ဖော်ပြထားသော နေ့ရက်အတိုင်း စီအိုင် ထုတ်ပေးရေးစခန်းများသို့သွားရောက်ကာ သက်တမ်းတိုးဆက်လက်ဆောင်ရွက်ရမည်ဟုဖော်ပြသော်လည်း ပွဲစားများသည် အမှန်တကယ် ကုန်ကျငွေထွက်အဆပေါင်းများစွာ ပိုမိုကောက်ခံနေသည့်အပြင် စခန်းတာဝန်ခံများအနေဖြင့်လည်း ငွေသွင်းပြေစာပါသတ်မှတ်ရက်အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ Service Provider ပေါင်း၍ ကိုယ်တိုင်လာသည့်အလုပ်သမားများအပေါ် တန်းစီကြေး Queue ကြေး အဖြစ် ဘတ် ၈၀၀ ထပ်မံကောက်ခံ၍ အလုပ်သမားများရဲ့ ချွေးနဲစာကို ခေါင်းပုံဖြတ်မှုအား အကြမ်းဖက်အုပ်စုအနေဖြင့် မျက်ကွယ်ပြုလျက်ရှိနေပါသည်။ စီအိုင်စခန်းများတွင်တာဝန်ယူထားသည့်အကြမ်းဖက်စစ်ကောင်စီတာဝန်ရှိသူများကလည်း စီအိုင်သက်တမ်းတိုး လာရောက်လျှောက်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများအား ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ကြားသိရပါသည်။
(၄) မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ ပိုမိုကျပ်တည်းရန် ခေါင်းပုံဖြတ်ခွင့်ဖန်တီးပေးနေသည့် အကြမ်းဖက်အုပ်စု၏ သက်သေခံလက်မှတ် CI သက်တမ်းတိုးထုတ်ပေးခြင်းလုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော်မှုတွင် ပူးပေါင်းနေသည့်အဖွဲ့အစည်း ကုမ္ပဏီနှင့်အေဂျင်စီတို့အားပြင်းထန်စွာ ရှုံ့ချကြောင်း ကြေငြာအပ်ပါသည်ဟု ရေးသားဖော်ပြပါရှိပါတယ်။
========================
📌📌BIMSTEC အဖွဲ့ ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်အုပ်စုကတက်ရောက်မယ့်အန္တရာယ်တခုရှိနေတဲ့အကြောင်း သတင်းတပုဒ်ကို ပြောပြပေးပါ့မယ်
အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံတို့ အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ဟာ သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၅ ကြိမ်မြောက်အစည်းအဝေးကို ကျင်းပတော့မှာဖြစ်ပါတယ်။ မတ်လ ၃၀ ရက်နေ့မှာကျင်းပမယ့် ဒီအစည်းအဝေးက အာဏာသိမ်းခံထားရခြင်းပဋိပက္ခကြီးမားနေစဉ်အတွင်းမှာပဲ မြန်မာနိုင်ငံကို အစည်းအဝေးတက်ရောက်ဖို့ အတည်ပြုပီး ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာဖော်ပြချက်အရ သိရပါတယ် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကလည်း အစည်းအဝေးတက်ရောက်ဖို့ အတည်ပြုထားပီးပါပီ။ BIMSTEC အဖွဲ့အနေနဲ့ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း တရားမဝင်မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံခဲ့ကြပါတယ်။ မကြာခင်ကျင်းပဖို့ရှိတဲ့ ထိပ်သီးအစည်းအဝေးမှာလည်း စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပီးသွားတက်ရောက်မယ့် အန္တရာယ်ကြီးတရပ်ရှိနေတဲ့အကြောင်း justice for myanmar အဖွဲ့ကြီးက ရေးသားလိုက်ပါတယ်။
ရွေးကောက်ခံလွှတ်တော်အမတ်များကို ဖမ်းဆီးနှိပ်စက်နေပီး နိုင်ငံခေါင်းဆောင်များကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေတဲ့အပြင် မြန်မာနိုင်ငံတဝှမ်းလုံးမှာလည်း အကြမ်းဖက်စစ်ရာဇဝတ်မှုတွေကို မင်းအောင်လှိုင်ဦးဆောင်တဲစစ်တပ်ကကျူးလွန်လျက်ရှိနေပါတယ်။ ကမ္ဘာ့ကုလသမဂအဖွဲ့က တရားဝင်အသိအမှတ်ပြုခြင်းမရှိဘဲ စစ်ကောင်စီဘက်က သံတမန်သစ်ခန့်အပ်ဖို့ကိစ္စကိုလည်း ကုလသမဂ္ဂ က ငြင်းဆိုထားပါတယ်။ ဒါ့အပြင် အာဆီယံထိပ်သီးအစည်းအဝေးများမှာ မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်ပိတ်ပင်ခဲ့သည်အထိ အာဆီယံလိုအဖွဲ့အစည်းက ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ကြား BIMSTEC အဖွဲ့ရဲ့ စစ်အုပ်စုပေါ် ဆက်ဆံနေမှုဟာ စိတ်ပျက်ဖွယ်ရာဖြစ်ပီး လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေးအပေါ် လျစ်လျူရှုခြင်းဖြစ်ကြောင်း justice for myanmar က ထုတ်ဖော်ရေးသားလိုက်ပါတယ်။
BIMSTEC ထိပ်သီးအစည်းအဝေးမှာ အဲ့ဒီအစုအဖွဲ့ရဲ့ ပဋိဉာဥ်ကို အတည်ပြုဖို့ရှိပြီး နည်းပညာ လွှဲပြောင်းပေးအပ်တာ၊ ဥပဒေရေးရာအထောက်အကူ ပေးအပ်တာတွေနဲ့ သံတမန်ရေးရာသင်တန်း ကိစ္စရပ်တွေမှာ သဘောတူညီမှုတွေ ချမှတ်မှာဖြစ်တဲ့အတွက် အရေးပါတဲ့ အစည်းအဝေးတစ်ရပ် ဖြစ်နိုင်ကြောင်းလည်း သိရှိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဇွန်လမှာ BIMSTEC စီမံအုပ်ချုပ်ရေးရုံးက BIMSTEC နေ့အတွက် “ခေါင်းဆောင်” တွေရဲ့ သတင်းစကားများကို ထုတ်ပြန်ခဲ့ရာမှာလည်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်လည်း ပါဝင်ခဲ့ပြီး “လေးစားအပ်ပါသော မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ”၊ “နိုင်ငံတော်ဝန်ကြီး ချုပ်” လို့ ရည်ညွှန်းဖော်ပြခဲ့ကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်များ ပူးပေါင်းပါဝင်ခဲ့တဲ့ BIMSTEC စစ်ရေးလေ့ကျင့် မှုတွေကို အိန္ဒိယနိုင်ငံက လက်ခံကျင်းပခဲ့ပါသေးတယ်။ တရားမဝင်စစ်ကောင်စီက မြန်မာနိုင်ငံ ကိုယ်စား လှယ်အနေဖြင့် အစည်းအဝေးများစွာကိုလည်း တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ BIMSTEC ပူးပေါင်းဆောင်ရွက်ရေးကို ဦးဆောင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုသည် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူပြစ်ဒဏ် ချမှတ်ခံရခြင်း မရှိဘဲ ခေတ်အဆက်ဆက် ကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်သာ ဖြစ်ပါတယ်။ တရားမဝင်စစ်ကောင်စီ အနေနဲ့ BIMSTEC တင်မဟုတ်ပဲ တခြားဘယ်ကမ္ဘာ့ဖိုရမ်တွေမှာမှ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ လူထုထောက်ခံချက် ရရှိထားတာ မရှိပါဘူး။ BIMSTEC ရဲ့ ထိတွေ့ဆက်ဆံမှုက စစ်ကောင်စီကို သူတို့ရဲ့အကြမ်းဖက်စစ်ဆင်ရေးတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ ရဲဆေးတင်ပေးသလိုဖြစ်နေတဲ့အကြောင်း၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများသည် အကြမ်းဖက်မြန်မာစစ်ကောင်စီကို တရားဝင်မှုပေးအပ်နေတာတွေ ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုကြောင်း justice for myanmar အဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းမြန်မာစစ်တပ်ဟာ တရားမဝင်အာဏာသိမ်းမှုကို လက်နက်အားကိုးကျူးလွန်ခဲ့ပီး နိုင်ငံတဝန်းကပြည်သူများရဲ့ လက်နက်ကိုင်တော်လှန်နေမှုများကို ရင်ဆိုင်နေရတာ ခုဆိုရင် တနှစ်ပြည့်ကာနီးအချိန်ထိ တိုင်းပြည်ကိုထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအင်အားကြီးမားတဲ့အချို့ဒေသတွေမှာဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ကြားမှာပဲ နယ်မြေစိုးမိုးနိုင်ခြင်းမရှိတော့ပါဘူး။ အာဆီယံဥက္ကဌသစ်ဖြစ်လာတဲ့
ဟွန်ဆင်ရဲ့ ဦးဆောင်မှုနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဆိုရင်လည်း စစ်ကောင်စီလက်အောက်ခံဝန်ကြီးကိုဖိတ်ကြားခဲ့တာကြောင့် အများကလက်မခံဘဲ အစည်းအဝေးပျက်ပြားသွားခဲ့ရပါတယ်။
========================
📌📌NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုး ကျန်းမာရေးကောင်းလျက်ရှိပီး အမှုနှစ်ခုကို ရင်ဆိုင်နေရပါတယ်
စစ်တပ်က ဥပဒေမဲ့အာဏာသိမ်းမှုကြောင့် ဖေဖေါ်ဝါရီလ က စလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ခေါင်းဆောင်များနှင့်တကွ အဖွဲ့ဝင်များဟာ စစ်တပ်ရဲ့ဖမ်းဆီး ပုဒ်မတပ် ထောင်ချတာခံနေရပါတယ် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုပြန်ကြားရေးအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကြည်တိုးဟာ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း NLD ပါတီ၀င်များ၏ထိန်းသိမ်းခံရမှုအခြေအနေများ အပါအဝင် ပါတီ၏လှုပ်ရှားမှုများနှင့် အခြားသောသတင်းအချက်အလက်များကို ၎င်း၏ လူမှုကွန်ရက်မှုတစ်ဆင့် အသိပေးတင်ပြခဲ့သူဖြစ်ပီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့အရောက်မှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ဦးကြည်တိုးသည် အင်းစိန်အကျဉ်းထောင်၌ ဖမ်းဆီးခံထားရပြီး အမှုနှစ်မှုဖြင့်တရားစွဲခံထားရကာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ၎င်း၏အမှုလိုက်ရှေ့နေတစ်ဦးထံမှ သိရပါတယ်။ ဖမ်းဆီးခံထားရသောဦးကြည်တိုးသည် ကိုဗစ်တတိယလှိုင်းများဖြစ်ပွားသည့် ယမန်နှစ် ဇူလိုင်နှင့်ဩဂုတ်လအတွင်း COVID-19 ရောဂါတစ်ကြိမ်ဖြစ်ပွားခဲ့၍ ဆေးကုသမှုခံယူခဲ့ရတာရှိပေမယ့် လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေမှာကောင်းမွန်နေကြောင်း အဆိုပါရှေ့နေက ပြောပါတယ်။
"သူ့ရဲ့ကျန်းမာရေးကကောင်းပါတယ်။ မနှစ်က ဇူလိုင်နဲ့ ဩဂုတ်အတွင်း ကိုဗစ်ကာလတုန်းက ကိုဗစ် တစ်ကြိမ်ဖြစ်ခဲ့ဖူးလို့ ဆေးကုသမှုခံယူလိုက်ရသေးတယ်။ အခုကတော့ လမ်းလဲလျှောက်နိုင်တယ်။ ကျန်းမာရေးကောင်းပါတယ်" လို့ရှေ့နေက ဆိုပါတယ်။
ဦးကြည်တိုးသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအင်းစိန်ထောင်အတွင်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နှင့် ၅၀၅(က) စသည့်အမှုနှစ်မှုဖြင့် တရားရင်ဆိုင်နေရသည်ဟု သိရပါတယ်။
"လက်ရှိ အမှုနှစ်မှုနဲ့တရားစွဲခံထားရပါတယ်။ ကမာရွတ်မှာ ၅၀၅(က) နဲ့တစ်မှု၊ ဗဟန်းမှာ ၅၀၅- ကနဲ့ တစ်မှုပါ။ ၅၀၅-က အမှုက သူ့ရဲ့လူမှုကွန်ရက်မှာတင်ထားတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ တရားစွဲတာပါ။ ၅၀၅(က)ကတော့ Chair NLD Page မှာ ပြည်သူသို့ ပန်ကြားချက်ဆိုတဲ့စာနဲ့ ပတ်သက်တာပါ" ဟု ရှေ့နေကဆက်လက်ပြောပြပါတယ်။
ထိုအမှုနှစ်မှုနှင့် ပတ်သက်၍ တရားလိုနှင့် တရားလိုပြသက်သေများအား စစ်ဆေးပြီးစီးခဲ့ပြီး လာမည့် ဇန်နဝါရီ ၂၇ ရက်နှင့် ၃၀ ရက်များတွင် စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးရမည်ဟု သိရပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၁ ဒီဇင်ဘာလ ၃၁ ရက်အထိ၊ ၁၁ လအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်အရေအတွက် ၆၄၉ ဦးရှိပြီး သေဆုံးခဲ့သူ ၁၄ ဦးရှိခဲ့ပီးဖြစ်တယ်လို့ NLD ပါတီက စာရင်းပြုစုသတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အန်အယ်ဒီခရီးရှည်အစီအစဉ်မှာ ပါတီဥက္ကဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးကြည်တိုးကို အမာခံ အညတြ ရဲဘော်တစ်ဦးအနေဖြင့် ဂုဏ်ပြုတွေ့ဆုံခဲ့ဖူးပါတယ်။
ကိုယ်ရောက်တဲ့နေရာမှာ တာဝန်ပေးခံရတဲ့အခါ စေတနာပါပါနဲ့တကယ်လုပ်ပါ တံခါးစောင့်ပဲလုပ်ရလုပ်ရပေါ့ ဟု ဦးကြည်တိုးက ပြောကြားခဲ့သလို အန်အယ်ဒီပါတီရဲ့ ၃၂ နှစ်တာကာလ ခရီးကြမ်းထဲမှာ ကိုကြည်တိုးတို့လို ပါတီရဲ့ဆင်းရဲဒဏ်ကော အာဏာရဒဏ်တွေကိုပါ ကြံ့ကြံ့ခံတဲ့ ပါတီဝင်တွေကို အမြုတေအဖြစ်တွေ့ရပီး ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ဖူးပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment