၂၀၂၂ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေမတက်ရောက်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ဆွေးနွေးပွဲမဖြစ်မြောက်
📌မွန်အမျိုးသားနေ့မှာ မွန်လူမျိုးများ အလုပ်မသွား ရုံးမတက် ကျောင်းမသွားကြဖို့ မွန်ပြည်သစ်ပါတီက တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေမတက်ရောက်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ဆွေးနွေးပွဲမဖြစ်မြောက်ခဲ့ပါဘူး။
ပထမဆုံးအနေနဲ့ ဒီသတင်းကို တင်ပြပေးချင်ပါတယ်။
လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ပင်လုံစာချုပ်လက်မှတ်ထိုးခြင်း ၇၅ နှစ်မြောက်အခမ်းအနားကို အာဏာသိမ်းစစ်အုပ်စုဘက်က စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားအဖြစ် ဟန်ဆောင်ကျင်းပဖို့ကြိုးစားခဲ့ကြသလို အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ထာဝရငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲကျင်းပမယ်လို့ မက်လုံးပေး ကြေငြာခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင်ကျင်းပတဲ့ ၇၅ နှစ်မြောက်ပင်လုံစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုလည်း အမေရိကန်၊ ဗြိတိန်အပါ အဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်မှုနှင့်အတူ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ တစ်ပါတီအာဏာရှင်နှင့် စစ်အာဏာရှင်စနစ်ဆိုးများကြောင့် ယခုထိဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအစစ်မတည်ဆောက်နိုင်သေးဘဲ ပြည်ထောင်စုအတုအယောင်အခမ်းအနားများသာ ကျင်းပနေတာဖြစ်တယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ အာဏာရှင်အစိုးရအဆက်ဆက်က ပင်လုံကတိကဝတ်ကို ချိုးဖောက်မှုနှင့်အတူ လူမျိုးကြီးဝါဒကျင့်သုံးပြီး တိုင်းရင်းသားများကို ခွဲခြားဆက်ဆံမှုများရှိခဲ့တဲ့အပေါ် တောင်းပန်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်းမှုကိုဆန့်ကျင်သော ခုခံတွန်းလှန်စစ်ကို တပြည်လုံး အနှံ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာ ထာဝရငြိမ်းချမ်းရေးအမည်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်ကတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေ မတက်ရောက်ခဲ့ကြပါဘူး။ ဒါကြောင့် အလွတ်သဘောတွေ့ဆုံပွဲသာ ပြုလုပ်ဖြစ်ခဲ့ကြပါတယ်။ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်များနဲ့ အလွတ်သဘောတွေ့ဆုံပွဲကိုတော့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့၊ NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့မှ ကိုယ်စားလှယ်များကသာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က အလွတ်သဘောတွေ့ဆုံခဲ့ကြပါတယ်။
စစ်ကောင်စီဘက်က ရည်မှန်းထားခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင်များမလာတာကြောင့် ပျက်ပြားသွားခဲ့တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောပါတယ်။ တွေ့ဆုံပွဲကိုတက်ရောက်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက အခုလို ပြောပါတယ်။ “သူတို့ဘက်ကတော့ NCA လမ်းကြောင်းကို အခြေပြုပြီးတော့မှ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အကြောင်းအရာတွေကို သူတို့ဘက်က ရှင်းပြတယ်။ ဒီမှာ ဆွေးနွေး ဆုံးဖြတ်နိုင်စွမ်း မရှိဘူးဆိုရင်လည်း ကိုယ့်ရဲ့ ခေါင်းဆောင်တွေဆီကို တင်ပြပါ။ အချိန်မရွေး မေးလို့ရတယ်၊ အချိန်မရွေး ဆက်သွယ်လို့ရတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒါကို ဗိုလ်ချုပ်ရာပြည့်ဘက်က ပြောပြတယ်။ အဓိကတော့ သူတို့ပြောချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ပြောပြတာပါ။”
မွန်ပြည်သစ်ပါတီမှ ပါတီတာဝန်ရှိသူတဦးကလည်း အလွတ်သဘောတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ကြတဲ့ အခြေအနေကို အခုလို VOA သတင်းဌာနကို ပြောပါတယ်။
“အဓိကကတော့ နေ့လယ် ၁၁ နာရီလောက် ဆွေးနွေးပွဲလေးတော့ လုပ်ဖြစ်တယ်။ တွေ့ဆုံပွဲပေါ့။ တွေ့ဆုံပွဲလေးမှာတော့ သူကတော့ အဖွဲ့အစည်းအလိုက်ပေါ့နော်၊ ဘာတွေများ ဆွေးနွေးစရာ ရှိပါသလဲလို့တော့ လမ်းကြောင်းဖွင့်ပြီးတော့ ပြောတာပဲပေါ့နော်။ ဒါပေမယ့် ကျနော်တို့ မွန်ပြည်သစ်အနေနဲ့ကျတော့ လောလောဆယ် အနေအထားအရ အထူးအထွေ ဆွေးနွေးစရာ မရှိဘူးလို့ပဲ ပြောထားပါတယ်ခင်ဗျ။” စစ်ကောင်စီဟာ သူတို့ကျင်းပတဲ့ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ကပွဲမှာ
မြန်မာ့ငြိမ်းချမ်းရေးသမိုင်းမှာ တခါမှမရှိဘူးတဲ့ ကြိုတင်ကန့်သတ်ချက် မထားတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ထုတ်ဖော်ကြေငြာခဲ့ပေမယ့် တိုင်းရင်းသားနယ်မြေဒေသများမှာ အရပ်သားတွေကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းသာမက ပြည်သူလူထုရဲ့ နေအိမ်ရပ်ရွာများကိုလည်း နေ့စဉ်နီးပါး မီးရှို့ဖျက်ဆီးမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ အကြိုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားသွားတာနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဘာမှတုံ့ပြန်သံမကြားရသေးပါဘူး။ NUG က ပြုလုပ်တဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့် အခမ်းအနားကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ပင်လုံစာချုပ်ရဲ့အနှစ်သာရ စစ်မှန်သော ပြည်ထောင်စုအဖြစ် ပေါင်းစည်းကြရန် ပင်လုံကတိကဝတ်များကိုလည်း လက်တွေ့အကောင်အထည်ပေါ်အောင် ဆောင်ရွက်ဖို့လိုကြောင်းနှင့် ဒီလိုဖော်ဆောင်သွားနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရကဦးဆောင်တာဝန်ယူရမှာဖြစ်ပြီး တောင်တန်းဒေသနဲ့ တိုင်းရင်းသား အင်အားစုများကလည်း ပူးပေါင်းပါဝင်ဖို့အရေးကြီးတယ်လို့ ပြောဆိုသွားကြောင်းသိရှိရပါတယ်။
========================
📌📌ဆက်လက်ပြီး မွန်အမျိုးသားနေ့မှာ မွန်လူမျိုးများ အလုပ်မသွား ရုံးမတက် ကျောင်းမသွားကြဖို့ မွန်ပြည်သစ်ပါတီက တိုက်တွန်းထားတဲ့သတင်းကို တင်ပြပေးပါ့မယ်။
မွန်လူမျိုးတို့ရဲ့ကံကြမ္မာကို မွန်တွေကိုယ်တိုင်ဖန်တီးနိုင်ဖို့နှင့် ကိုယ်ပိုင်အခွင့်အရေးတွေကိုရရှိဖို့အတွက် မွန်အမျိုးသားနေ့မှာ အလုပ်မသွား ရုံးမတက် ကျောင်းမသွားကြဖို့ကို မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တိုက်တွန်းထားတာတွေ့ရှိရပါတယ်။ ၇၅ နှစ်မြောက် မွန်အမျိုးသားနေ့ဟာ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင် ကျရောက်မှာဖြစ်ပြီး ထိုနေ့မှာ မွန်လူမျိုးတို့ရဲ့ ဇာတိသွေးဇာတိမာန်အပြည့်နဲ့ အမျိုးသားစိတ်ဓာတ်ကိုပြဖို့ မွန်အမျိုးသားနေ့ အခမ်းအနားကို တညီတညွတ်တည်း ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းနှိုးဆော်ချက်မှာ ဖော်ပြပါတယ်။
မွန်အမျိူးသားနေ့မှာ တရားဝင်ရုံးပိတ်ပေးဖို့အရေးကို မွန်ပြည်သစ်ပါတီ၊ မွန်သံဃာတော်အဖွဲ့အစည်းတွေ၊ မွန်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မွန်ပြည်သူလူထုတွေက အာဏာပိုင် အစိုးရအဆက်ဆက်ကို တင်ပြတောင်းဆိုခဲ့ပေမယ့် အသိအမှတ်ပြုတာ မရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
မိမိတို့ကြမ္မာ မိမိတို့ဖန်တီးခွင့်ရှိရမည်ဆိုတဲ့အတိုင်း မွန်အမျိုးသားနေ့ကို ရုံးပိတ်ရက်သတ်မှတ်ပေးရေး မိမိတို့အသိစိတ်ဓါတ်နှင့် ထုတ်ဖော်သွားကြရန် NMSP ရဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကြညာညာချက်ကတိုက်တွန်းပါတယ်။ မွန်လူငယ်တစ်ဦးဖြစ်သူ မင်းစိုက်မနိက်က “ဘယ်လူမျိုးမဆို အထွဋ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ်တစ်ရက်ကို ရုံးပိတ်ရက်တစ်ရက်အပြည့် ခံစားနိုင်ဖို့ သတ်မှတ်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့နိုင်ငံမှာ တခြားလူမျိုး၊ တချို့ဘာသာဝင်တွေတောင်မှ ရုံးပိတ်ရက်ခံစားခွင့် ရရှိထားတယ် ကျနော်တို့ နိုင်ငံသားဘက်တွေဖြစ်ကြည့်ရင် ကျနော်တို့ မွန်လူမျိုးတွေရဲ့ နေ့ထူးနေ့မြတ် မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရရှိနိုင်ဖို့ဆိုတာ တော်တော်လေးကို ရုန်းကန်နေရဦးမှာ လက်လှမ်းမီနိုင်ဖို့ တော်တော်လေး ကြိုးစားရဦးမှာ” ဖြစ်တယ်လို့ ဒေသခံသတင်း Mon News Agency ကိုပြောဆိုပါတယ်။
မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက် သတ်မှတ်ပေးရန် အဆိုကို သံဖြုဇရပ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦးက သမ္မတဦးသိန်းစိန်လက်ထက်မှာ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်သွင်းခဲ့ဖူးသလို မွန်ပြည်နယ်အစိုးရ ဦးစီးကျင်းပတဲ့ မွန်ပြည်နယ်နေ့ အခမ်းအနားတစ်ခုမှာ ယခင် NMSP ဥက္ကဌဟောင်း နိုင်ထောမွန်ကလည်း တောင်းဆိုခဲ့ဖူးကြောင်း သတင်းများအရ သိရပါတယ်။
NMSP ရဲ့ထုတ်ပြန်တိုက်တွန်းချက်နဲ့ပက်သက်ပြီး “ဒီလိုတိုက်တွန်းနှိုးဆော်တာ တွေ့ရတော့ ဝမ်းသာတယ်။ ကိုယ်တောင်းဆိုတာမရရင် ထိုင်စောင့်မနေဘဲ ကိုယ့်အခွင့်အရေးရဖို့ ခုလိုတိုက်တွန်းတယ်ဆိုတာ တကယ့်ကောင်းတဲ့အချက်ဖြစ်တယ်။ ဦးဆောင်သူဘက်က ဒီလိုအသံထွက်လာပြီဆိုရင် ပြည်သူတွေအနေနဲ့ ပါဝင်ဖို့က ပိုပြီးအားရှိသွားပါတယ်”လို့ မွန်လူငယ် တဦးက ပြောပါတယ်။
နှစ်စဥ်တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ဟာ မွန်အမျိုးသားနေ့ဖြစ်ပြီး နိုင်ငံတကာပြက္ခဒိန်အရ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၁၆ ရက် ဗုဒ္ဓဟူးနေ့မှာ ကျရောက်မှာဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျရောက်မယ့် ၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို မော်လမြိုင်မြို့ ရာမညရဌ ဗုဒ္ဓတက္ကသိုလ်ကျောင်းတွင် လူဦးရေအကန့်အသတ်နှင့် ကျင်းပသွားမှာဖြစ်သလို NMSP ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသတွင်းလည်း ဘင်ခရာစစ်ကြောင်း၊ အလံတင် စစ်ရေးပြအခမ်းအနားများနှင့် ကျင်းပရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment