၂၀၂၂ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်အာဏာရှင်ယန္တရားလည်ပတ်ရန်ထောက်ကူပြုနေတဲ့ ထောက်တိုင်များကိုချေမှုန်းဖြိုလဲသွားမယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက အသိပေးထုတ်ပြန်
📌မွန်ပြည်နယ်ရှိ LPDF မဟာမိတ်များတပ်ပေါင်းစုက ခရီးသွားပြည်သူများနှင့်မိတ်ဆက်တွေ့ဆုံ
📌“လွတ်မြောက်ဖို့အတွက် တို့တွဲလက်” အမည်ဖြင့် စစ်အာဏာရှင်ဖြုတ်ချရေး ရန်ပုံငွေပွဲအစီအစဉ်ကို မိတ်ဆက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်အာဏာရှင်ယန္တရားလည်ပတ်ရန်ထောက်ကူပြုနေတဲ့ ထောက်တိုင်များကိုချေမှုန်းဖြိုလဲသွားမယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက အသိပေးထုတ်ပြန်ခဲ့ပါတယ်
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ကြေငြာချက်တစောင်ကို ဖေဖေါ်ဝါရီ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်တွင် CDM ဝန်ထမ်းများရဲ့ အရေးကြီးသောအခန်းကဏ္ဍကိုဖော်ညွှန်းထားပါတယ်။ ယိုင်လဲနေပြီဖြစ်တဲ့ စစ်ကောင်စီယန္တရားများ အဆုံးတိုင်ပြိုကျသွားစေရန် ဆက်လကပူးပေါင်းဖို့ကိုလည်း တိုက်တွန်းထားတာတွေ့ရပါတယ်။ အာဏာသိမ်းလုပ်ရပ်ကို လက်သင့်မခံသော ပြည်သူတရပ်လုံး၏ တော်လှန်မှုကို CDM ဝန်ထမ်းများရဲ့ အကြမ်းမဖက်လှုပ်ရှားမှုက တတပ်တအား အင်အားဖြည့်ပါဝင်ခဲ့ကြကြောင်း ထိုသို့ ပူးပေါင်းမှုကြောင့်သာ တနှစ်အတွင်း စစ်အုပ်စုယန္တရားများ မတည်ဆောက်နိုင်ဘဲ ယိုယွင်းပျက်စီးနေပြီဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဖေဖေါ်ဝါရီလ ၃ ရက်နေတွင် အာဏာသိမ်းအကြမ်းဖက် ဒုတိယအကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကရင်နီပြည်နယ်သို့ရောက်ရှိလာပြီး ဖေဖေါ်ဝါရီလ ၂၅ နောက်ဆုံးထား၍ ဝန်ထမ်းများကို စစ်ကောင်စီပေးသောတာဝန်များ ဆက်လက်ထမ်းဆောင်ရန် ညွှန်ကြားခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ အကြိမ်ကြိမ်ကျးလွန်ခြင်းကို အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်ခဲ့ကြောင်း ထိုစစ်ကောင်စီကိုအမြစ်ဖြတ်မချေမှုန်းနိုင်ပါက နောက်ထပ် နှစ်ပေါင်း ၇၀ ခန့် အာဏာရှင်လက်အောက်ပြန်ရောက်သွားနိုင်တယ်လို့လည်း ထုတ်ပြန်ချက်က ဖော်ပြသတိပေးပါတယ်။ စနစ်ဆိုးအောက် ထပ်မရောက်ရန် CDM အခန်းကဏ္ဍမှာ အလွန်အရေးကြီးတာကြောင့် CDM တွင်ဆက်လက်ပါဝင်ပေးရန် လေးနက်စွာတိုက်တွန်းကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။
CDM ပြုလုပ်ခြင်းဖြင့် ပြည်သူနဲ့ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများက ဖိတ်ခေါ်လာသည်မှာ တနှစ်ကျော်ခဲ့ပီဖြစ်လို့ အချိန်အားဖြင့်လုံလောက်ပြီဖြစ်ပါတယ်။ ကရင်နီပြည်နယ်တွင် CDM မလုပ်ဘဲ စစ်ကောင်စီကိုသစ္စာခံနေသော ဝန်ထမ်းအားလုံးကို ယခုထုတ်ပြန်ချက်ထွက်သည့်နေ့မှစ၍ CDM ပြုလုပ်ရန် ထပ်မံတိုက်တွန်းကြေင်း ပါရှိပါတယ်။ သတိပေးတိုက်တွန်းချက်များကို မလိုက်နာဘဲ အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားများလည်ပတ်နိုင်ရန် ဆက်လက် အထောက်အကူပြုမယ့် ထောက်တိုင်အားလုံးကို ချေမှုန်းဖြိုလဲသွားမယ့်အကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက သဘောထားထုတ်ပြန်ချက်မှာရေးသား ကြေငြာခဲ့ပါတယ်။
========================
📌📌မွန်ပြည်နယ်ရှိ LPDF မဟာမိတ်များတပ်ပေါင်းစုက ခရီးသွားပြည်သူများနှင့်မိတ်ဆက်တွေ့ဆုံခဲ့တဲ့သတင်းကို ဖတ်ကြားတင်ပြပေးပါ့မယ်
ဗိုလ်ချုပ်မွေးနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ LPDF မဟာမိတ်တပ်ပေါင်းစုကို တရားဝင်ဖွဲ့စည်းလိုက်ကြောင်း အသိပေးချက်နှင့်အတူ မွန်ပြည်နယ်တွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ ခရီးသွားပြည်သူများနှင့် မိတ်ဆက်တွေ့ဆုံခြင်းကို ပြုလုပ်ခဲ့ကြပါတယ် မွန်ပြည်နယ် ရေး-မော်လမြိုင် အဝေးပြေး ကားလမ်းမကြီးပေါ်ရှိ စံပြကျေးရွာ အနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် မဟာမိတ်အဖွဲ့သုံးဖွဲ့စုပေါင်း၍ နယ်မြေစိုးမိုးရေးလှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ထိုလှုပ်ရှားမှုကို ရေး မော်လမြိုင် ကားလမ်းမကြီးပေါ် ၁၀၆၊ ၅၈၈၊ ၃၄၃ နှင့် ၅၈၇ တပ်ရင်း အကြားရှိ စံပြကျေးရွာဘေးတွင် လှုပ်ရှားခဲ့တာဖြစ်တယ်လို့ Ye Special Tasks Force-YSTF ကသတင်းဖော်ပြထားပါတယ် ကော်သူးလေတပ်မဟာ(6) တပ်ရင်း(16) ရဲ့ဝခတပ်ခွဲ နယ်မြေတွင် ခိုလှုံ အခြေစိုက်ခွင့်ရသော MSRU အဖွဲ့၊ ရေးဘီလူးအဖွဲ့ YSTF တို့ပူးပေါင်းပြီး ကျောပိုးအိတ်စခန်းစနစ်ဖြင့် ဖွဲ့စည်းထားတာဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ခရီးသွားပြည်သူများနှင့် ထိပ်တိုက်မျက်နှာချင်းဆုံမိတ်ဆက်ခဲ့ရာမှာ လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက် အသင့်ရှိနေမည်ဖြစ်ကြောင်း သင်္ကေတများကို အတူဖော်ထုတ်ပြသခဲ့ပြီး တွေ့ဆုံစကားပြောခဲ့ကြတာဖြစ်ပါတယ် “ကျွန်တော်တို့ကို ပြည်သူက လက်ခံနိုင်သလား လက်မခံဘူးလား ဆိုတာကို စမ်းသပ်တဲ့ သဘောပါ၊ ပြည်သူ အများစုက လက်သုံးချောင်းထောင်ကာ အားပေးသလို သူတို့အားရလို့၊အချို့ဆို ငိုကြတယ် စကားတော့ အကြာကြီး မပြောလိုက်ရဘူး” လို့ Ye Special Tasks Forces - YSTF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ အဆိုပါဒေသခံ LPDF များထုတ်ပြန်ခဲ့သောရုပ်သံမှတ်တမ်းတွင် ခရီးသွားပြည်သူများကို ခေတ္တမျှကားရပ်တန့်စေပြီး ဆင်းစေကာ လက်သုံးချောင်းထောင်ပီး ထောက်ခံသောမှတ်တမ်းများရယူလိုကြောင်း ပြောကြားနေတာကိုကြားရပါတယ်။ မကြောက်ပါနဲ့ ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ပြည်သူ့ရင်ဘတ်ကိုဘယ်သူမှမချိန်ပါဘူးလို့လည်း ပြောနေတာ ကြားသိရပါတယ်။ ခရီးသွားပြည်သူများနဲ့မိတ်ဆက်ရာမှာ တချက်ပူးပေါင်းပေးအမနော် လို့ပြောဆိုနေတဲ့ အမျိုးသမီးစစ်သည်များရဲ့အသံကိုလည်းပါဝင်ပါတယ်။ ခေတ္တမျှကားများကိုရပ်တန့်မိတ်ဆက်ခဲ့ပြီးနောက်မှာ အားလုံးကားပေါ်တက်နိုင်ပါပြီ တက်တဲ့အချိန်မှာကျနော်တို့ကိုထောက်ခံတဲ့အနေနဲ့ လက်သုံးချောင်းထောင်ပြီး သင်္ကေတပြကြဖို့လည်း ပြောဆိုပါတယ်။ လက်မထောင်လည်းဘာမှမဖြစ်ပါဘူး ကျနော်တို့ပြည်သူ့စစ်သားတွေဘက်က သေနတ်မထုတ်ပါနဲ့လို့ ပြောဆိုသွားပါတယ်။
အဆိုပါစစ်ကြောင်းက ဗိုလ်ချုပ်မွေးနေ့မှာ ကျနော်တို့ မော်လမြိုင်ရေးကားလမ်းမပေါ်မှာ ပြည်သူနှင့်ငြိမ်းချမ်းချစ်ကြည်စွာတွေ့ဆုံပွဲလုပ်ခဲ့ခြင်းဖြစ်ကြောင်း ခုဆိုရင်ရေးမြို့နယ်မှာ ကွဲထွက်နေတဲ့ လိုကယ်ပီဒီအက်ဖ်များအနေနဲ့ တပ်မဟာ တခုအနေနဲ့ စစ်ကြောင်းထိုးနိုင်ရန် စတင်ပေါင်းစုနေပြီဆိုတဲ့အကြောင်း ပြည်သူကို တရားဝင်တင်ပြပါတယ်လို့ အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
========================
📌📌“လွတ်မြောက်ဖို့အတွက် တို့တွဲလက်” အမည်ဖြင့် စစ်အာဏာရှင်ဖြုတ်ချရေး ရန်ပုံငွေပွဲအစီအစဉ်ကို မိတ်ဆက်ခဲ့ကြတဲ့သတင်းတပုဒ်တင်ပြပေးပါ့မယ်
“လွတ်မြောက်ဖို့အတွက် တို့တွဲလက်” ရန်ပုံငွေရှာဖွေရေး ကံစမ်းမဲအစီအစဉ်ကို နော်ဝေနိုင်ငံတွင် သတင်းသုံးနေထိုင်လျှက်ရှိသော ရွှေဝါရောင် ဆရာတော် အရှင်ထာဝရမှ ဦးဆောင်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ၊ မေရီလန်းနှင့် ဗာဂျီးနီးယားပြည်နယ်မှ မြန်မာမိသားစုများ (DMV Myanmar Families) နှင့် ဗမာ့ဒီမိုကရေစီအရေး လှုပ်ရှားထောက်ပံ့ရေးအဖွဲ့ (Support the Democracy Movement in Burma) တို့မှ စီစဉ်ဆောင်ဆောင်လျက်ရှိပါတယ်။
CRPH - OFP Fundraising Program ၏ ပေါင်းစည်းမှုနဲ့အတူ အနီးကပ်ဆောင်ရွက် အကောင်အထည်ဖော်နေတဲ့ အဆိုပါရန်ပုံငွေရှာဖွေပွဲမှာ ရရှိလာသော ရန်ပုံငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ နွေဦးတော်လှန်ရေးတွင် လိုအပ်နေသည့် နေရာများနှင့် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာနများကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ကံစမ်းမဲဆုများအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ပါသည့် တန်ဖိုးမဖြတ်နိုင်သော စာအုပ်လေးနှင့်အတူ ပန်းချီစန်းဝင်းသောင်း၊ ပန်းချီချောအိသိမ်း၊ ပန်းချီနုယဉ်၊ ပန်းချီထွန်းတည်လင်းနှင့် ပန်းချီစောကနေဒီတို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဂုဏ်ကို ဖော်ကျူး ရေးဆွဲထားသည့် အဖိုးတန်ပန်းချီကားများအပြင် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ United States Congressional Medal (2008) ဒင်္ဂါးပြားများကိုပါ အမှတ်တရဆုများအဖြစ် ထည့်သွင်းထားတယ်လို့ သိရပါတယ်။
ရန်ပုံငွေပွဲအစီအစဉ်တွင် တမူထူးခြားပြီး ပထမဦးဆုံးအနေဖြင့် NFTs ဒီဂျစ်တယ်အနုပညာလက်ရာများကိုလည်း ဆုလက်ဆောင်များအဖြစ် ထည့်သွင်းပေးသွားရန် ကြိုးစားလျက်ရှိတယ်လို့သိရပါတယ်။
“လွတ်မြောက်ဖို့အတွက် တို့တွဲလက်” ကံစမ်းမဲအစီအစဉ် ကြိုတင်မိတ်ဆက်ပွဲ (Online) အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည ၈:၃၀ တွင်ကျင်းပသွားမှာဖြစ်ပြီး ကံစမ်းမဲလက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ ၂၀ နှင့်ညီမျှသော စျေးနှုန်းဖြင့် ကမ္ဘာတဝန်းတွင် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment