၂၀၂၂ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေး NUG အစိုးရက ဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေထံ ကူညီပံ့ပိုး
📌အကြမ်းဖက်စစ်ကောင်စီအလိုကျ ဟန်ပြငြိမ်းချမ်းရေးမှာပူးပေါင်းဖို့တိုက်တွန်းခဲ့မိတဲ့အပေါ် ခရစ်ယာန်အသင်းတော် MCC က ပြန်လည်တောင်းပန်
📌ဂျပန် Kirin မြန်မာနိုင်ငံမှ ထွက်ခွာတော့မယ်လို့ ကြေငြာချက်ထုတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေး NUG အစိုးရက ဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေထံ ကူညီပံ့ပိုးနေတဲ့သတင်းကို တင်ပြပေးပါ့မယ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းသိရပါတယ်။
အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ကရင်နီပြည်နယ်အတွင်း ဘေးလွတ်မည့်ဟုထင် သော နေရာများသို့ ထွက်ပြေးပုန်းရှောင် နေကြရသော ပြည်သူများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်များနှင့် ကရင်ပြည် နယ် ဆက်စပ်မြို့နယ်များသို့ လာရောက် ခိုလှုံလျက်ရှိကြသည့် ပြည်သူများ၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ် များရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီပံ့ပိုးခဲ့ခြင်းဖြစ်ပါတယ်။
အခုလိုဘေးဒုက္ခရောက်နေကြတဲ့ပြည်သူများထံ ထောက်ပံ့မှုများပြုလုပ်ရှာမှာ ထွက်ပြေးတိမ်းရှောင်စစ်ဘေးရှောင်များအတွက် ၃၀၆.၉၂ သန်း၊ ကျဆုံးသူရဲကေင်းနှင့်ထိခိုက်ဒဏ်ရာရသူများကို ၁၁.၇၅သန်း၊ ဝန်ကြီးဌာနစီဒီအမ်ဝန်ထမ်းများကို ၂၁.၉၂ သန်းအသီးသီးပေးအပ်ခဲ့ကြောင်း ထုတ်ပြန်စာရင်းများက ဖော်ပြထားပါတယ်။ ဒါ့ပြင် စီဒီအမ်ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေး ၂ နှစ်အောက်မိခင်များ မသန်စွမ်းပြည်သူများအတွက် ၁၇.၃၄ သန်းအပြင် အထွေထွေ လူသားချင်းစာနာမှုအကူအညီများအဖြစ် ၃.၁၈ သန်းအသီးသီး ကူညီနိုင်ခဲ့တယ်လို့ ထုတ်ပြန်စာရင်းအရ သိရပါတယ်။
ဒေသခံမိတ်ဖက်အဖွဲ့အစည်းများ၊ လူငယ် အဖွဲ့များနှင့် ချိတ်ဆက်၍ စားနပ်ရိက္ခာလိုအပ်ချက်များ၊ အသုံးအဆောင်ပစ္စည်းများအပြင် ဒေသအသီးသီးရှိ တော်လှန်ရေး၌ ပါဝင်ရင်း အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များကိုလည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးလျက်ရှိရာ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်အတွင်း စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း (၃၆၀၀) ကျော် ပံ့ပိုးပေးပြီး ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ထုတ်ပြန်စာရင်းအရ သိရပါတယ်။
ထောက်ပံ့မှုများကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ အတားအဆီး အမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်ရောက်အောင် ပင်ပန်းခံစီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ စေတနာ့ဝန်ထမ်းပြည်သူများကို ကျေးဇူးတင်ရှိပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့ကြပါတယ်။
========================
📌📌အကြမ်းဖက်စစ်ကောင်စီအလိုကျ ဟန်ပြငြိမ်းချမ်းရေးမှာပူးပေါင်းဖို့တိုက်တွန်းခဲ့မိတဲ့အပေါ် ခရစ်ယာန်အသင်းတော် MCC က ပြန်လည်တောင်းပန်လိုက်ပါတယ်
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီက မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်ရေးအတွက် မေတ္တာရပ်ခံပန်ကြားခြင်းလို့ ခေါင်းစဉ်တပ်ကာ အကြမ်းဖက်အာဏာသိမ်းအဖွဲ့ရဲ့အလိုကျ ကြေငြာချက်တစောင်ကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ထုန်ပြန်ခဲ့တာဖြစ်ပါတယ်။ ထိုကြေငြာချက်မှာ စစ်ကောင်စီကကျင်းပတဲ့ပွဲကို အချိန်မီတက်ဖို့နှင့် ဘုရားသခင်၏မေတ္တာအားဖြင့် ပန်ကြားတယ်လို့ ရေးသားခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့ပြီး ခုခံတော်လှန်ရေးစစ်ပွဲများတွင်လည်း စစ်ရာဇဝတ်မှုများကို ထင်ထင်ရှားရှားကျူးလွန်ထားတဲ့ စစ်ကောာင်စီရဲ့ ငြိမ်းချမ်းရေးအမည်ခံ ဆွေးနွေးပွဲဟာလည်း တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ မတက်ရောက်လာတာကြောင့် အလွတ်သဘောသာ တွေ့ဆုံနိုင်ခဲ့ကြတာပါ။ Myanmar Student Christian Movement – Magway Region ကတော့ စစ်ကောင်စီအလိုကျဖြစ်နေတဲ့ ခရစ်ယာန်အသင်းတော်များကောင်စီရဲ့ မေတ္တာရပ်ခံစာကို ပြင်းထန်စွာ ရှုံ့ချခဲ့တဲ့အပြင် ပြန်လည် တောင်းပန်၍ တာဝန်ရှိသူများ နုတ်ထွက်ပေးရန်အထိ တောင်းဆိုခဲ့ပါတယ် ဒါ့ပြင် မြန်မာနိုင်ငံ တက္ကသိုလ်ခရစ်ယာန်လုပ်ငန်းကလည်း မေတ္တာရပ်ခံချက်နဲ့ပက်သက်ပီး ဒါဟာ MCC ရဲ့သဘောထားသာဖြစ်ပြီး လုံးဝရှုတ်ချကြောင်း ဖော်ပြခဲ့ပါတယ် ဒါ့ပြင် MCC နဲ့ပူးပေါင်းလုပ်ဆောင်နေသောလုပ်ငန်းများကိုလည်း အကန့်အသတ်မရှိရပ်နားမယ်လို့ ကြေငြာခဲ့ကြပါတယ်။
အဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှာတော့ ခရစ်ယာန်အသင်းတော်များကောင်စီဟာ စစ်ကောင်စီဖိတ်ခေါ်ပွဲတက်ဖို့ ၎င်းတို့တိုက်တွန်းခဲ့မိတဲ့အပေါ် ပြန်လည်တောင်းပန်ခဲ့ပါတယ်။ တောင်းပန်ကြောင်းကို ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှာ ပြန်လည်ထုတ်ပြန်ထားပါတယ်။ အဆိုပါပန်ကြားစာကြောင့် အဖွဲ့ဝင်အသင်းတော်များ ပူးပေါင်းဆက်သွယ်သောအဖွဲ့အစည်းများ ခရစ်ယာန်မောင်နှမများ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လို့ ဝမ်းနည်းသွားကြောင်းနှင့် အနူးအညွတ်တောင်းပန်ကြောင်း ပြန်လည်တောင်းပန်စာမှာ ရေးသားထားပါတယ်ခင်ဗျာ။ မြန်မာပြည်အာဏာသိမ်းခံထားရတာ တနှစ်ကျော်လာခဲ့ပေမယ့် စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေက မရပ်တန့်သေးပါဘူး။ ပြည်သူ့ခုခံတွန်းလှန်စစ်တွေ ဒေသအနံ့မှာ ပုံစံမျိုးစုံပေါ်ပေါက်နေတာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ဒေါက်တိုင်မှန်သမျှကို ဖြိုလဲပစ်ကြဖို့ တိုက်တွန်းတပ်လှန့်သံတွေလည်း ပြင်းထန်နေဆဲဖြစ်ပါတယ်။
========================
📌📌ဂျပန် Kirin မြန်မာနိုင်ငံမှ ထွက်ခွာတော့မယ်လို့ ကြေငြာချက်ထုတ်ခဲ့တဲ့သတင်းကို တင်ပြပေးပါ့မယ်
စစ်တပ်စီးပွားရေး ဦးပိုင်နှင့် မြန်မာဘီယာကို ပူးတွဲ ထုတ်လုပ်နေသော ဂျပန် Kirin ဟာ မြန်မာနိုင်ငံမှ ထွက်ခွာတော့မယ့်အကြောင်း ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ရက်စွဲနဲ့ တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ Kirin Holdings ဟာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL) အပါအဝင်လုပ်ငန်းစုများနှင့်အတူ ဖက်စပ်လုပ်ငန်းနှစ်ခုကိုပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဦးပိုင်လီမိတက် MEHLဟာ အကြမ်းဖက်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်နှင့် ထိပ်တန်းဗိုလ်ချုပ်များကို တိုက်ရိုက်ဘဏ္ဍာငွေ ပေးဆောင်နေတာဖြစ်ပါတယ်။ MEHL ရှယ်ယာရှင်စစ်ဗိုလ်ချုပ်များကလည်း လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုများနှင့် လူသားမဆန်တဲ့ စစ်ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်ရာမှာ တိုက်ရိုက်တာဝန်ရှိသူများဖြစ်ကြပါတယ်။ နွေဦးတော်လှန်ရေးကာလမှာ ပြည်သူလူထုတရပ်လုံးက အကြမ်းဖက်စစ်တပ်နဲ့ဆက်စပ်သည့်လုပ်ငန်းမှန်သမျှကို ပစ်မှတ်ထား သပိတ်မှောက်ဆန့်ကျင်နေကြတာဖြစ်ပြီး Myanmar Beer ဟာလည်း အကြီးအကျယ် ဆန့်ကျင်ခံနေရပါတယ်။ ပြည်သူများသပိတ်မှောက်တာခံရပြီးနောက် Kirin ဟာ ၂၀၂၁ ခုနှစ် ပထမနှစ် နှစ်ဝက်မှာပဲ တစ်နှစ်တာရောင်းချရငွေ ၄၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းကြေညာခဲ့ရပါတယ်။ အခုလို Kirin Holdings က MEHL နှင့် ပူးပေါင်းစီးပွားရေးမှ နှုတ်ထွက်တဲ့ဆုံးဖြတ်ချက်အပေါ် သွေးစွန်းငွေရပ်တန့်ရေးလှုပ်ရှားမှုအဖွဲ့ကြီး Justice for Myanmar က ကြိုဆိုလိုက်ပါတယ်။
Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “မြန်မာ၊ ဂျပန်နဲ့ ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို MEHL နဲ့ သူတို့ရဲ့ လုပ်ငန်းအဆုံးသတ်ဖို့ Kirin ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ မြန်မာဘီယာကို သပိတ်မှောက်မှုမှာ သန်းနဲ့ချီပြီး ပါဝင်ခဲ့ကြတာဖြစ်လို့ စုပေါင်းလုပ်ဆောင်မှုက စစ်အုပ်စုအပေါ် နှောင့်ယှက်နိုင်ကြောင်း ပြသနေပါတယ်။ Kirin ဟာ မြန်မာစစ်တပ်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ဘယ်တော့မှ စီးပွားရေးမ၀င်သင့်ပါဘူး။ Kirin ရဲ့ အကျိုးအမြတ်များသော ဘီယာချက်စက်ရုံဟာ စစ်ကောင်စီတွက် ငွေကြေးထောက်ပံ့ပြီး ထိပ်တန်းဗိုလ်ချုပ်များကို ကြွယ်ဝစေပါတယ်။ Kirin က နုတ်ထွက်ပြီးနောက်မှာလည်း အကြမ်းဖက်စစ်အစိုးရနဲ့ MEHL ကို ငွေပေးချေမှုတွေကိုလည်း တားဆီးရဦးမှာဖြစ်ပါတယ်။ Kirin နုတ်ထွက်မှုကို ကြိုဆိုပေမယ့် NUG အစိုးရနဲ့ တိုင်ပင်ပြီး လုပ်ရမှာဖြစ်ကြောင်း အခြားစီးပွားရေးကုမ္ပဏီတွေလည်း အကြမ်းဖက်သမားတွေနဲ့ စီးပွားမရှာသင့်ပါဘူး" လို့ မရတနာမောင်က ပြောဆိုပါတယ်။ KIRIN အတိုင်းပဲ Daiwa House၊ Eneos Holdings နှင့် Yokogawa Bridge Corp အပါအဝင် စစ်အစိုးရနှင့်ချိတ်ဆက် စီးပွားရေးလုပ်ကိုင်နေသော အခြားသော ဂျပန်ကုမ္ပဏီများကလည်း အကြမ်းဖက်စစ်ကောင်စီနှင့် အဆက်အသွယ် ဖြတ်တောက်ပြီး လုပ်ငန်းရုပ်သိမ်းသင့်တဲ့အကြောင်း Justicce for Myanmar ကတိုက်တွန်းထားပါတယ်။
အာဏာသိမ်းအုပ်စုရဲ့ စီးပွးရေးလုပ်ငန်းဖြစ်တဲ့ မြန်မာဘီယာကိုရောင်းဝယ်ဖောက်ကားမှုမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားပြီး ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ မူဆယ် ၁၀၅ မိုင်တွင် ကုန်ကားအပြည် မြန်မာဘီယာများကို မူဆယ် PSDA က ဖမ်းဆီးပြီး ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ကုန်ကားကိုတော့ လူသားချင်းစာနာထောက်ထားမှုဖြင့် ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment