သတင်းခေါင်းစဉ်များ -
📌အာဏာသိမ်းစစ်ကောင်စီကို အိမ်နီးချင်းနိုင်ငံမျာကအသိအမှတ်မပြုဘဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုလည်း တက်ရောက်ခွင့်မရ
📌ဂျန်နရေးရှင်း Z တွေရဲ့ တီထွင်ဖန်တီးမှုစွမ်းအားက နှစ်ပေါင်းများစွာကြာမှ ရနိုင်မယ့် လက်နက်တွေကို လပိုင်း အနည်းငယ်နဲ့ ရရှိလာခဲ့တယ်လို့ ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်ပြောကြား
📌အာဏာရှင်စစ်တပ်ဟာ အကျပ်အတည်းနဲ့ကြုံရမှသာ ငြိမ်းချမ်းရေး ကမ်းလှမ်းလေ့ရှိတယ်လို့ KNU တပ်မဟာ ၅ ခေါင်းဆောင်ကပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အာဏာသိမ်းစစ်ကောင်စီကို အိမ်နီးချင်းနိုင်ငံမျာကအသိအမှတ်မပြုဘဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုလည်း တက်ရောက်ခွင့်မရခဲ့ပါဘူး
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသီးသန့်အစည်းအဝေးမှာ မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ဖိတ်ကြားခြင်းမခံရဘဲ စစ်အုပ်စုဘက်ကလည်း သူတို့မတက်ရောက်ဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ရက်စွဲနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဘက်က ခုလိုသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဌဖြစ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ကိုယ်တိုင် နေပြည်တော်စစ်ခေါင်းဆောင်နဲ့လာရောက်တွေ့ဆုံခဲ့ပေမယ့် အာဏာသိမ်းစစ်အုပ်စုကို အာဆီယံတွင်းပြန်လည်နေရာရရေးကြိုးပမ်းမှုဟာ အရာမထင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့အရင်အစည်းအဝေးတွေအတိုင်းပဲ နိုင်ငံရေးအရကိုယ်စားမပြုသူ ပုဂ္ဂိုလ်များကိုသာ တက်ရောက်ရမှာဖြစ်တယ်လို့ အာဆီယံကအလိုရှိပေမယ့် စစ်အုပ်စုဟာ မည်သည့်ပုဂ္ဂိုလ်ကိုမှ စေလွှတ်မှာမဟုတ်ဘူးလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အာဏာသိမ်းအဖွဲ့ရဲ့နိုင်ငံခြားရေးဝန်ကြီးအဖြစ် နေရာယူထားသူ ဦးဝဏ္ဏမောင်လွင်တက်ရောက်ဖို့ ကမ္ဘောဒီးယားကကြိုးစားခဲ့ဖူးပေမယ့် အဖွဲ့ဝင်နိုင်ငံတွေကန့်ကွက်လို့ ဆွေးနွေးပွဲရက်ရွှေ့လိုက်ရသည်ထိ ဖြစ်ခဲ့ဖူးပါတယ်။ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ပြုလုပ်မယ့် ဆွေးနွေးပွဲအတည်ပြုနေ့မှာတော့ စစ်ကောင်စီဟာ ၎င်းတို့ရဲ့တရားဝင်မှုကို ခုလိုပဲ ငြင်းဆန်ခံလိုက်ရပီး အာဆီယံရဲ့မကြုံစဖူးပြင်းထန်သောဆုံးဖြတ်ချက်ကိုလည်း ရင်ဆိုင်နေရပါတယ်။
ဒီအစည်းအဝေးဟာ ၂၀၂၂ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံက ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖြစ်ပါတယ်။ အာဆီယံခေါင်းဆောင်တွေအားလုံး ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီ ၅ ချက်ကို မြန်မာအာဏာသိမ်း စစ်ကောင်စီဘက်က အခုအချိန်အထိ မလိုက်နာတဲ့အတွက် ဆက်လက် ဖယ်ကြဉ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
တိုင်းပြည်အာဏာကို ဥပဒေမဲ့ သိမ်းယူထားခဲ့တဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနကတော့ အာဆီယံရဲ့ဆုံးဖြတ်ချက်ဟာ အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲရေးမူကြီး (၅)ချက်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ၊ မြန်မာနိုင်ငံခြားရေးမူဝါဒတွေနဲ့ သွေဖည်နေတယ်လို့ဆိုပါတယ်။ အာဆီယံမှာ နိုင်ငံတိုင်း တန်းတူရည်တူ ပါဝင်တက်ရောက်ခွင့်ရှိရေးဆိုတဲ့ မူနဲ့ ထုံးတမ်းစဉ်လာတွေကို သွေဖည်နေလို့ မလွှဲမရှောင်သာတဲ့ အခြေအနေကြောင့် မြန်မာကအစည်းအဝေးမတက်တာလို့ ထုတ်ပြန် ကြေညာပါတယ်။ နေပြည်တော်ထိလာရောက်ပြီး စစ်ခေါင်းဆောင်နှင့်တွေ့ဆုံခြင်း စစ်အုပ်စုလက်အောက်ခံဦးဝဏ္ဏမောင်လွင်ကိုဖနွမ်းပင်ကိုဖိတ်ခေါ်ဆွေးနွေးခြင်း စတဲ့နည်းပေါင်းစုံဖြင့် အလှည့်ကျဥက္ကဌ ဟွန်ဆင်ရဲ့ကြိုးပမ်းဆောင်ရွက်ခဲ့မှုကိုတော့ အသိအမှတ်ပြုတယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။ မြန်မာ့အရေးကြားဝင်ဖြေရှင်းပေးနိုင်ရန် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကိုချမှတ်ခဲ့ပေမယ့် အကြမ်းဖက်စစ်အုပ်စုဟာ လိုက်နာခြင်းမရှိပါဘူး။ စစ်အာဏာရှင်တွေဟာ အာဆီယံထိပ်သီးအစည်းအဝေးများကို နိုင်ငံရေးကိုယ်စားပြုအနေနဲ့ တက်ရောက်ခွင့်မရတာဟာ ဒုတိယကြိမ်မြောက်အစည်းအဝေးလည်းဖြစ်ပါတယ်။
========================
📌📌ဂျန်နရေးရှင်း Z တွေရဲ့ တီထွင်ဖန်တီးမှုစွမ်းအားက နှစ်ပေါင်းများစွာကြာမှ ရနိုင်မယ့် လက်နက်တွေကို လပိုင်း အနည်းငယ်နဲ့ ရရှိလာခဲ့တယ်လို့ ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်ပြောကြား
ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၂
နွေဦးတော်လှန်ရေးမှာ ဦးဆောင်ထွက်လာခဲ့တဲ့ ဂျန်နရေးရှင်း Z တွေရဲ့ တီထွင်ဖန်တီးမှုစွမ်းအားက နှစ်ပေါင်းများ စွာကြာမှ ရနိုင်မယ့်လက်နက်တွေကို လပိုင်းအနည်းငယ်နဲ့ ရရှိလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင် ပြောကြားလိုက်ပါတယ်။
“လက်နက်ထုတ်လုပ်ရေးပေါ့။ ဂျန်နရေးရှင်း z ပေါ့။ တကယ်ကို သူတို့ရဲ့ တီထွင် ဖန်တီးနိုင်မှုစွမ်းအားမြင့်မားမှု တွေနဲ့ နှစ်ပေါင်းများစွာကြာမှ ရနိုင်မယ့် ပညာရပ်တွေကို လပိုင်းအနည်းငယ်အတွင်းမှာ ရရှိလာပြီးတော့ တိုးတက်မှုများစွာ စောင်ကြဉ်းလာနိုင်တယ်။ လက်နက်ရရှိရေးမှာ ခက်ခဲရင်တောင်မှ အခု ထုတ်လုပ်နိုင်ပြီဆိုတဲ့ အခြေနေတွေဆောင်ရွက်လာနိုင်ပါတယ်။” လို့ ကာကွယ်ရေး အတွင်းဝန် ဦးနိုင်ထူးအောင်က NST နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားလိုက်တာပါ။
တစ်နှစ်တာပြည့်မြောက်တော့မယ့် ကာလအတွင်းမှာ အဓိကဆောင်ရွက်ထားနိုင်တာကတော့ chain of command ဖြစ်ပြီး chain of command ရဲ့ အပေါ်မှာ ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော် မတီ C3C ကို ထားပြီးဖွဲ့စည်းထားနိုင်ခဲ့တယ်ဆိုတာနဲ့ C3C ကိုဖွဲ့စည်းတာမှာ NUG တခုတစည်းမဟုတ်ဘဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်ထားတယ်လို့ ဆိုပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာန NUG တစ်ခုတည်းမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အ စည်းတွေပါ ပါဝင်တဲ့ chain of command တစ်ခု လုပ်ဆောင် နိုင်ခဲ့တယ်။ ပြန့်ကြဲနေတဲ့ Local Defence Force တွေကို အတိုင်းအတာတစ်ခုပေါ့။ အားလုံးလို့တော့ကျနော် ပြောတာမဟုတ်ဘူး။ အတိုင်းအတာတစ်ခုအထိ chain of command ထဲမှာ ထည့်သွင်းပြီးတော့ တော်လှန်ရေး မှာ စနစ်တကျပါဝင်လာနိုင်အောင် ဆောင်ရွက်နိုင်ခဲ့တာရှီပါတယ်။” လို့ ဦးနိုင်ထူးအောင်က ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကို စည်းကမ်းထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အကောင်းမွန်ဆုံး လုပ်ဆောင်ထားနိုင်ခဲ့တယ်လို့လဲ ပြောကြားထားတာတွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တွေကို သင်ကြားတဲ့အခါမှာလည်း code of conduct ကို အထူးအလေးပေးသင်ကြားပြီးတော့ စစ်သားကောင်း တစ်ယောက်မှာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို အကောင်းဆုံးသင်ကြားပြသထားတယ်လို့ဆိုပါတယ်။
“PDF တွေက အဖွဲ့တွေ အများကြီးရှိနေတယ်။ နေရာတိုင်းမှာရှိနေတယ် ဆိုပေမယ့် စစ်ကောင်စီနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စည်းကမ်းလိုက်နာမှုက ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင်စည်းကမ်း ရှိတယ်။ ပြည်သူတွေက အားကိုးတယ်။ ပြည်သူတွေ့ ယုံကြည်တယ်။” လို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ကတော့ တိုက်ပွဲအတွက် အသင့်ဖြစ်မယ့် လူ့စွမ်း အားအရင်းအမြစ်တွေကို မွေးထုတ်ထားပြီးဖြစ်သလို လက်နက်ရရှိရေးအပိုင်းမှာလည်း အတိုင်းအတာတစ်ခုအ ထိတော့ လုပ်ဆောင်ထားနိုင်တယ်လို့လည်း မှတ်ချက်ပေးထားတာတွေ့ရပါတယ်။
========================
📌📌အာဏာရှင်စစ်တပ်ဟာ အကျပ်အတည်းနဲ့ကြုံရမှသာ ငြိမ်းချမ်းရေး ကမ်းလှမ်းလေ့ရှိတယ်လို့ KNU တပ်မဟာ ၅ ခေါင်းဆောင်ကပြောဆိုလိုက်ပါတယ်
အာဏာသိမ်းစစ်ကောင်စီဟာ ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ထာဝရငြိမ်းချမ်းရေးအမည်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်ချနိုင်မယ့် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ မတက်ရောက်လာလို့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ကအစည်းအဝေးဟာ အလွတ်သဘောတွေ့ဆုံမှုသာ ဖြစ်ခဲ့ပါတယ်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (KNLA) တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲက ဖေဖော်ဝါရီလ ၁၄ရက်နေ့က မူတြော်ခရိုင်သတင်းစဉ်သို့ပြောကြားရာမှာတော့- ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှု ရည်ရွယ်ချက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ချေမှုန်းရန်အတွက်သာဖြစ်ပြီး အာဏာရှင်စစ်တပ်ဟာ ၎င်းတို့အအခက်အခဲတစုံတရာမရှိရင် ဘယ်တော့မှ ငြိမ်းချမ်းရေးကမ်းလှမ်းလေ့မရှိဘူးလို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။
"လက်ရှိ PDF အနေအထားက သူတို့အတွက် ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်စေတယ်ဆိုတာ သူတို့ သိတယ်။ အဲဒါ ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အပစ်အခတ်ရပ်စဲလိုက်မယ်ဆိုရင် PDF ကို ရှင်းလင်းမှု တွေ လုပ်ဆောင်မယ်ပေါ့။ ဒါက သူတို့အစီအစဉ်တစ်ခုပဲ။" လို့ ဗိုလ်မှူးချုပ်စောမူဟဲက ကရင်ဘာသာဖြင့် ပြောဆိုပါတယ်။
ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုမှာ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးအဖွဲ့ကော NCA မထိုးထားတဲ့အဖွဲ့ကော ဖိတ်ခေါ်တယ်ဆိုပေမယ့် အာဏာသိမ်းမှုကိုခုခံနေတဲ့ နွေဦးတော်လှန်ရေး အင်အားစုများမပါဝင်ဘူးလို့ စစ်အုပ်စုကဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကရင်ပြည်နယ်)-ပ.က.ဖ ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဆာ့ကပေါ်က “PDF ကိုရော၊ တော်လှန်ရေးအင်အားစုအားလုံးကိုရော ချေမှုန်းရလွယ်ကူအောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတာသာဖြစ်တယ်လို့ ပြောလိုပါတယ်။ စစ်ကောင်စီဟာ စစ်ရေးအရရော၊ နိုင်ငံရေးအရရော ဘက်ပေါင်းစုံက အထိနာနေချိန်မှာ ထာဝရငြိမ်းချမ်း ရေးဆိုပြီး ကမ်းလှမ်းလာတာ သူတို့အနေနဲ့ ဘယ်လိုမှ အခြေအနေမဟန်တော့မှန်း သိနေလိုပဲဖြစ်တယ်။ ပြည်တွင်း ရော၊ နိုင်ငံတ ကာကပါ စစ်ကောင်စီအကြောင်းသိလာတော့ နည်းလမ်းဟောင်းအတိုင်း ဆောင်ရွက်နေတာလို့ပဲ မြင်တယ်။ ဒီလိုကမ်း လှမ်းမှုမျိုးကိုလည်း အကြိမ်ကြိမ် သင်ခန်းစာ ရပြီးသားလည်းဖြစ်တယ်။ အကြိမ်ကြိမ်လည်း ခံစားခဲ့ကြပြီး လည်း ဖြစ်တဲ့အကြောင်း ဒေသခံသတင်းမီဒီယာ ကေအိုင်စီကို ပြောကြားပါတယ်။ အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှအပြီးတိုင်ဖယ်ရှားပစ်ရေး နွေဦးတော်လှန်ရေးမှာ မကြုံစဖူးတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရင်ဆိုင်နေရချိန်တွင် ငြိမ်းချမ်းရေးအယောင်ဆောင်ကမ်းလှမ်းမှုသည် ဘယ်ကိုဦးတည်တယ်ဆိုတာ ကြိုသိနိုင်တယ်လို့်လည်း စောဆာ့ကပေါ်က ဆက်ပြောပါတယ်။
ဒီငြိမ်းချမ်းရေးကမ်းလှမ်းမှုဟာ စစ်ကောင်စီက အခွင့်အရေးရယူဖို့အတွက် လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်ပါ တယ်။ အဲဒါ ရန်သူရဲ့ပရိယာယ်ကို ကျနော်တို့ခေါင်းဆောင်တွေက မသိရင် မှားနိုင်တယ်ပေါ့နော်။ သူတို့တွေ မသွားကြ တာ ကျနော်တို့ ကရင်ပြည်သူတွေအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်” လို့ ဗိုလ်မှူးချုပ်စောမူဟဲကလည်း ပြောဆိုကြောင်း သိရပါတယ်။နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုနေ့အမည်ခံ အခမ်းအနားသို့ ဖဒိုစောရွှေမောင်းတက်ရောက်တာကို တွေ့ရှိရပြီး "စောရွှေမောင်း က KNU မှာလက်ရှိဘာတာဝန်မှမရှိပါဘူး။ တစ်ဦးချင်းဆန္ဒအရသွားတာဖြစ်တယ်။ ကေအဲန်ယူနဲ့လုံးဝမပတ်သက်ပါဘူးခင်ဗျ"လို့ ပဒိုစောတောနီးက သတင်းဌာနတွေကိုပြောဆိုထားပါတယ်။ ပဒိုရွှေမောင်းဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒူးပလာယာခရိုင် ဥက္ကဌ တာဝန်ကို ဇန်နဝါရီလ ၂၇ရက်နေ့ကစပြီး အနားယူခဲ့တာဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သော ပြည်သူလူထုရဲ့တော်လှန်ရေးကို အကူအညီများပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက အကန့်အသတ်မထားဘဲဆွေးနွေးမယ်လို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ သို့သော်ပြည်သူ့ဆန္ဒနှင့်ရပ်တည်ကာ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်နေသော KNU အပါအဝင် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များက မတက်ရောက်ပါဘူး။ တက်ရောက်သော အဖွဲ့ များမှာလည်း ဆုံးဖြတ်ချက်ချနိုင်သူများမဟုတ်ဘဲ ကိုယ်စားလှယ်များသာဖြစ်လို့ အလွတ်သဘောသာတွေ့ဆုံစကားပြောပွဲ ဖြစ်ခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment