16th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ဂမ်းဘီးယား-မြန်မာအမှုအတွက် ဥပဒေပညာရှင်အဖွဲ့ကြေငြာခြင်း
📌ကရင်ပြည်နယ်က စစ်ဘေးရှောင်များကို ICRCကူညီရန် စာရင်းများ ကောက်ယူ
📌မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့တာရပ်ဖို့ ပါကစ္စတန်ကို Burma Campaign UK တောင်းဆို
📌ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါငံခါး ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်းဝင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး (၄)ချက် ပစ်ခတ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ဂမ်းဘီးယား-မြန်မာအမှုအတွက် ဥပဒေပညာရှင်အဖွဲ့ကြေငြာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွှတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံး
ထုတ်ပြန်ကြေငြာချက် အမှတ် (၄/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရင်ဆိုင်နေရသော ဂမ်းဘီးယား-မြန်မာအမှုအတွက် ဥပဒေပညာရှင်အဖွဲ့ကြေငြာခြင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်တပ်၏ အကြမ်းဖက်မှုကြောင့် မြေစာပင်ဖြစ်ရသည့် ဒုက္ခသည်များအတွက် တရားမျှတမှု ရရှိရေးသည် မိမိ၏ တာဝန်ဝတ္တရားအဖြစ် အလေးအနက်ခံယူသည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်းက ရိုဟင်ဂျာများအပေါ် ထိုးနှက်ခဲ့သည့် စစ်တပ်၏ စစ်ဆင်ရေးများနှင့် စပ်လျဉ်း၍ ယခုအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှောက်တွင် ရင်ဆိုင်နေရသော အမှုသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူ တစ်ရပ်လုံးအတွက် အလွန်အရေးကြီး အလေးထားရမည့်ကိစ္စအဖြစ် ခံယူထားပါသည်။
မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရင်ဆိုင်နေရသော ယင်းအမှုနှင့် စပ်လျဉ်း၍ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ၏လမ်းညွှန်မှုဖြင့် ကြေငြာထားပြီးဖြစ်ပါသည်။ ယင်းအမှုကို ချောမွေ့စွာ ဆက်လက်ဆောင်ရွက်နိုင်ရန် အမျိုးသား ညီညွတ်ရေးအစိုးရသည် ပဏာမကန့်ကွက်မှုများကို ရုပ်သိမ်းကြောင်း ၎င်း၏ ဆုံးဖြတ်ချက်အား တရားရုံးကို အသိပေးထားပြီး ဖြစ်ပါသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့နှင့် လက်တွဲဆောင်ရွက်မည့် အောက်ပါပုဂ္ဂိုလ် (၂) ဦး ပါဝင်သော ဥပဒေအဖွဲ့သစ်ကို ယနေ့ ထုတ်ပြန် ကြေငြာအပ်ပါသည်။ ၎င်းပုဂ္ဂိုလ်(၂) ဦးမှာ -
ပါမောက္ခ မစ္စတာ ဂျွန်မာ့စ်သူဗီနင် (Professor Jean-Marc Thouvenin) သည်
• ဟိဂ် (Hague) မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဉပဒေတက္ကသိုလ်၊ (The Hague Academy of International Law) အထွေထွေအတွင်းရေးမှူးချုပ်
• Institute de droit International အဖွဲ့ဝင်
• ပဲရစ်နောင်တဲတက္ကသိုလ် (University Paris Nanterre) ပါမောက္ခ
• ပြင်သစ်လူ့အဖွဲ့အစည်း၏ နိုင်ငံတကာရေးရာ ဉပဒေဘုတ်အဖွဲ့ဝင် (Board Member of the French Society for International Law)
• Annuaire Francais de Droit International စာစောင်၏ အယ်ဒီတာဘုတ်အဖွဲ့ဝင်
• Paris Sygna Partners ဥပဒေအဖွဲ့၊ ပိုင်ရှင်အဖွဲ့ဝင်
• ၁၉၉၂ ခုနှစ်မှ စတင်၍ (ICJ) အပြည်ပြည်ဆိုင်ရာတရားရုံး၊ အမြဲတမ်း အနုညာတ ခုံသမာဓိရုံး၊ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာခုံရုံး၊ ဉပဒေဆိုင်ရာ တရားရုံး (European Court of Justice) များတွင် ဉပဒေအကြံပေးနှင့် ရှေ့နေအဖြစ်လည်းကောင်း၊ အတိုင်ပင်ခံရှေ့နေအဖြစ်လည်းကောင်း ဆောင်ရွက်နေပါသည်။
Steven Powles QC သည်
• နိုင်ငံတကာတရားရုံးများတွင် လူ့အခွင့်အရေး၊ မဟုတ်မမှန် အကျဉ်းချခြင်းနှင့် စစ်ရာဇဝတ်မှုများတွင် အထူးကျွမ်းကျင်သည့် ရှေ့နေတစ်ဦးဖြစ်သည်။ ဥရောပလူ့အခွင့်အရေး တရားရုံးနှင့် အခြားသော နိုင်ငံတကာခုံရုံးများရှေ့တွင် ထင်ရှားခဲ့ပြီး နိုင်ငံတကာဥပဒေဆိုင်ရာ ထိပ်တန်းလက်တွေ့ကျမ်းတစ်စောင်ကို ရေးသားခဲ့သူဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် အထက်ပါဉပဒေရေးရာအဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရင်ဆိုင်လျက်ရှိသည့် အမှုကို ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
တချိန်တည်းတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေသည့် အထောက်အထားများကို ဆက်လက် ရှာဖွေစုဆောင်းပြီး တင်ပြသွားပါမည်။ International Criminal Court (ICC) ၏ စီရင်ပိုင်ခွင့်အာဏာကို ၂၀၀၂ ခုနှစ် နောက်ပိုင်း ကျူးလွန်သော Rome Statute တွင် အကျုံးဝင်သည့် ရာဇဝတ်မှုအားလုံးအတွက် အပ်နှင်းပေးထားပြီး မြန်မာနိုင်ငံနှင့် ပြည်သူများ၏ ကောင်းကျိုးကို ရည်မျှော်၍ လူ့အခွင့်အရေးနှင့် တရားမျှတမှုကို အလေးထားသူအားလုံး၏ ပံ့ပိုးကူညီမှုအားလုံးကို ရယူကာ လက်တွဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ဒူဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

========================

📌📌ကရင်ပြည်နယ်က စစ်ဘေးရှောင်များကို ICRCကူညီရန် စာရင်းများ ကောက်ယူ

ကရင်ပြည်နယ်အတွင်းရှိ လေးကေ့ကော်ဒေသ စစ်ဘေးရှောင်များကို ကူညီနိုင်ရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)က စာရင်းကောက်ယူမှုများ လာရောက်ပြုလုပ်ခဲ့တယ်လို့ စစ်ရှောင်စခန်းတွင် ဦးဆောင်နေသူများက ပြောပါတယ်။ အဲဒီလိုကူညီဖို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကော်ကော်ဒေသအတွင်းရှိ မဲ့ထော်သလေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ လေးကေ့ကော်နှင့် ကျောက်ခက်မှ စစ်ဘေးရှောင်ဒေသခံပြည်သူများနှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ICRCက ကွင်းဆင်းတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
လေးကေ့ကော်စစ်ရှောင်စခန်းသစ်ရှိ တာဝန်ခံတစ်ဦးက “သူတို့လောလောဆယ် စာရင်းကောက်ထားတာတော့ လုပ်နေတယ်။ နောက်ထပ်ကျန်သေးရင်လည်း စာရင်းတွေ ပြုစုပေးပို့ဖို့ပြောတယ်။ သူတို့အဖွဲ့အစည်းအနေနဲ့တော့ တကယ်ဒုက္ခရောက်သူ စစ်ရှောင်တွေကို တတ်နိုင်သမျှကူညီမယ်ပြောတယ်”လို့ သံလွင်ခက်သတင်းဌာနကို ပြောခဲ့ပါတယ်။
ICRCအနေဖြင့် စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေးကို ဦးစားပေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒေသခံ‌စစ်ရှောင်များကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ "လက်ရှိစစ်ဘေးရှောင်ကာလအတွင်းမှာရော စစ်ရှောင်ပြီးလို့ ကိုယ်အိမ်ကိုယ့်နေရပ်ကိုပြန်တဲ့အထိ တတ်နိုင်သလောက်ကူညီပေးမယ်လို့ ပြောခဲ့ပါတယ်”လို့ မယ်ဝါးခီးဒေသခံစစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းချိန်မှာစ၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကရင်ပြည်နယ်အတွင်းမှ ဒေသခံ ၇၀၀၀၀ ကျော်သည် နေရပ်စွန့်ခွါစစ်ဘေးရှောင်နေကြရသည်ဟု ကရင်အမျိုးသားအစည်းအရုံး-(KNU ဗဟို)ကယခုလ ၈ ရက်တွင် ထုတ်ပြန်ထားခဲ့ပါတယ်။

========================

📌📌မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့တာရပ်ဖို့ ပါကစ္စတန်ကို Burma Campaign UK တောင်းဆို

ပါကစ္စတန်ဝန်ကြီးချုပ်အနေနဲ့ မြန်မာအကြမ်းဖက်စစ်တပ်ကို လက်နက်ထောက်ပံ့တာရပ်ဖို့ ဗြိတိန်အခြေစိုက် Burma Campaign UKအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ လက်ရှိ ပါကစ္စတန်နိုင်ငံဟာ မြန်မာစစ်တပ်နဲ့ ကာလရှည်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ်ရှိထားပြီး JF-17 တိုက်လေယာဉ်အပါအဝင် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ထောက်ပံ့နေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။လက်ရှိမှာ ပါကစ္စတန်နိုင်ငံဟာ မြန်မာစစ်တပ်ကို စက်သေနတ်ကြီးတွေ၊ ဗုံးပစ်လောင်ချာတွေအပြင် တိုက်လေယာဉ်တွေနဲ့ ဒုံးကျည်တွေ ရောင်းချဖို့ရှိနေတယ်လို့ သတင်းမီဒီယာတွေမှာဖော်ပြနေတယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။ လက်ရှိပါကစ္စတန် ဝန်ကြီးချုပ်အီမရမ်ခန်းဟာ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတွေလူမျိုးတုန်းသတ်ဖြတ်ခံရမှုကို ဝန်ကြီးချုပ်မဖြစ်ခင်က လူမှုကွန်ရက်ကနေ ရှုတ်ချပြောဆိုခဲ့သူဖြစ်ကြောင်း လူမျိုးတုန်းသတ်ဖြတ်မှုကျူး လွန်ခဲ့တဲ့မြန်မာစစ်တပ်ကို အခုလက်နက်တပ်ဆင်ပေးနေတာ အီမရမ်ခန်းရဲ့သူတော်ကောင်း ယောင်ဆောင် မှုကို ပြသနေကြောင်း Burma Campaign UKရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အန်နာရောဘတ်စ်က ပြောပါတယ်။ Burma Campaign UKက ဝန်ကြီးချုပ် အီမရမ်ခန်းဆီ စာပေးပို့ရာမှာ မြန်မာစစ်တပ်ကို ဝန်ကြီးချုပ်ရောင်း လိုက်တဲ့ လက်နက်တွေဟာ ရိုဟင်ဂျာတွေကို ဖိနှိပ်ဖို့သုံးတဲ့လက်နက်တွေအဖြစ် မကြာခင်မှာ ပြောင်းလဲသွားနိုင်တယ်လို့ သတိပေးခဲ့ကြောင်းသိရပါတယ်။

========================

📌📌ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါငံခါး ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်းဝင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး (၄)ချက် ပစ်ခတ်

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် (၄) လုံး ဒေါငံခါးရပ်ကွက်ရှိ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်း ကျရောက်သည်ဟု ဒီးမော့ဆို PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဘာသာရေးအဆောက်အဦး(၁)လုံး လက်နက်ကြီးထိမှန်ခဲ့သည့်အပြင် အိမ်သာ(၁)လုံးကိုလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။ ယင်းအပြင် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံရောက်ကျေးရွာတွင်လည်း နေအိမ် (၁) လုံးကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့သွားကြကြောင်း သိရပြီး ဖေဖော်ဝါရီလ(၁၃)ရက်ကလည်း ငွေတောင်ဆည်အနီးမှ နေအိမ် (၃) လုံးကို မီးရှို့ခံခဲ့ရတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်လှုပ်ရှားနေရာများဖြစ်သော ငွေတောင်၊ ဒေါခလိုက်လင်း၊ အောင်ချမ်းသာ၊ ရွှေယောက်ရပ်ကွက်တို့တွင် ပြည်သူများ စစ်ဘေးရှောင်နေကြရပြီး ကျန်ခဲ့သည့်နေအိမ်များကို အာဏာသိမ်းတပ်က မကြာခဏမီးရှို့ခြင်း၊ ပစ္စည်းများ ဖေါက်ထွင်းယူဆောင်ခြင်းတို့ကြောင့် နေရပ်စွန့်ခွာပြည်သူ့နေအိမ်များစွာ ပျက်စီးဆုံးရှုံးမှုဖြစ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment