၂၀၂၂ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက(၇၅) နှစ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့စွဲဖြင့် သဝဏ်လွှာ ပေးပို့
📌NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို ပြင်သစ်ပါလီမန် ဆွေးနွေးပွဲတခုမှာ လူကိုယ်တိုင် တက်ရောက်တဲ့ ဓာတ်ပုံမှတ်တမ်းတွေ့
📌မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ဖို့ရာ အကြမ်းဖက်မှုလျှော့ချရေးဟာ အရေးကြီးတဲ့အကြောင်းကို အာဆီယံအထူးသံတမန် နဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးထား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက(၇၅) နှစ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့စွဲဖြင့် သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
သဝဏ်လွှာထဲမှာ ရေးသားဖေါ်ပြထားတာကတော့
ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ် တပို့တွဲလဆန်း (၁) ရက်နေ့တွင်ကျရောက်သည့် မွန်အမျိုးသားနေ့ သမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပါသည်။
ဗုဒ္ဓသက္ကရာဇ် ၁၁၁၉ ခုနှစ် တပို့တွဲလဆန်း (၁) ရက်နေ့တွင် မွန်အမျိုးသားညီနောင်နှစ်ပါးဖြစ်သည့် သမလမင်းနှင့် ဝိမလမင်းတို့က မျက်မှောက်ခေတ် ပဲခူးမြို့နေရာဒေသတွင် မွန်အမျိုးနွယ်စုတို့အား ဦးဆောင်ကာ ပထမဟံသာဝတီ မွန်နေပြည်တော်ကိုထူထောင်ခဲ့သည်။ ယင်းနေ့ကို မွန်အမျိုးသားနေ့ အဖြစ်သတ်မှတ်လိုက်ခြင်းဖြင့် လွန်ခဲ့သည့်ပထမထောင်စုနှစ်ကာလကတည်းကပင် မွန်လူမျိုးတို့၏ ကြီးမြတ်သောသမိုင်းနှင့် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစွာတည်ရှိခဲ့ခြင်းကို အသိအမှတ်ပြု မှတ်တမ်းတင်ဖော်ပြခြင်းပင်ဖြစ်သည်။
ရာမညဒေသဟုအမည်တွင်သည့် လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတောင်ပိုင်းဒေသတွင် မွန်လူမျိုး တို့သည် ဗုဒ္ဓသာသနာထွန်းကားရေးအတွက် စေတီပုထိုးကျောင်းကန်များတည်ဆောက်ခြင်း၊ မြို့ပြရပ်ရွာများ ထူထောင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကူးလူးဆက်ဆံရောင်းဝယ်ဖောက်ကားခြင်းများ ရှိခဲ့သည်သာမက အရှေ့တောင်အာရှ ဒေသတွင် ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း သမိုင်းမှတ်တမ်း များ၌ အထင်အရှားတွေ့ရှိရပေသည်။
ခေတ်အဆက်ဆက် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝကျင့်သုံးခဲ့ကြသည့် မွန်လူမျိုးတို့သည် ဗြိတိသျှကိုလိုနီလက်အောက်သို့ အခြားတိုင်းရင်းသားလူမျိုးများနည်းတူ ရောက်ရှိခဲ့ရသည်။ ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားလူမျိုးများနည်းတူ ဗြိတိသျှနှင့် ဂျပန်တို့အား ဆန့်ကျင်တော်လှန်ရာတွင်တက်ကြွစွာပါဝင်ခဲ့ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိ ပြီးနောက် ဖဆပလခေါင်းဆောင်များထံ မွန်ပြည်နယ်သတ်မှတ်ပေးရန် အရေးဆိုသည့်အခါ ဖဆပလ ခေါင်းဆောင်များက ငြင်းပယ်ခဲ့သဖြင့် လက်နက်ကိုင်တော်လှန်ရေးကို မလွဲမရှောင်သာဆောင်ရွက်ခဲ့ကြသည်။
မွန်အမျိုးသားများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ခိုင်မာပြတ်သားသောရပ်တည်မှုများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ ခေတ်အဆက်ဆက်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် အခြားသော တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
ယခုအချိန်သည် အကြမ်းဖက်စစ်အာဏာရှင်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့ပြီး နိုင်ငံသူနိုင်ငံသားများအပေါ် အကြမ်းဖက်နှိမ်နှင်းခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသောကြောင့် ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းများဖြင့် ခုခံတွန်းလှန်နေကြရချိန်ဖြစ်သည်။ ထိုကဲ့သို့သောအချိန်အခါတွင် မွန်အမျိုးသားနိုင်ငံရေးအင်အားစုများသည် အခြားသောတိုင်းရင်းသား ပြည်သူများနှင့်အတူ တစ်စိတ်တစ်ဝမ်း တည်းဖြင့် စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူ့ဘဝ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ တန်းတူညီမျှရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် နိုင်ငံရေးဦးတည်ချက်များဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် စုစည်းလက်တွဲပြီး ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရပါသည်။
ယနေ့ကျရောက်သည့် မွန်အမျိုးသားနေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နှစ်ပေါင်း (၇၀) ကျော် အသက်သွေးချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် မွန်လူမျိုးတို့အား ဦးညွတ်ဂုဏ်ပြုပါကြောင်းနှင့် နွေဦးတော်လှန်ရေးတွင် ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ပြည်သူများ၊ မွန်လူငယ်များ၊ မွန်အမျိုးသမီးများ၊ မွန်ကျောင်းသားများအား အထူးပင် ဦးညွတ်ဂုဏ်ပြုပါကြောင်းဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ဟူ၍ပါရှိပါတယ်။
========================
📌📌NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို ပြင်သစ်ပါလီမန် ဆွေးနွေးပွဲတခုမှာ လူကိုယ်တိုင် တက်ရောက်တဲ့ ဓာတ်ပုံမှတ်တမ်းတွေ့ကြရတယ်ဆိုတဲ့ သတင်းကို တင်ဆက်ပေးပါမယ်
မြန်မာအရေး တွေ့ဆုံပွဲများတွင် အွန်လိုင်းဇွန်းဖြင့်သာ တွေ့ဆုံကြရလေ့ရှိသည့် စီဒီအမ်ခေါင်းဆာင် NUG ဝန်ကြီး ဒေါက်တာဦး ေဇာ်ဝေစိုးကို ပြင်သစ်နိုင်ငံပါလိမန်အဆောက်အအုံတွင်း လူကိုယ်တိုင် တက်ရောက်သည့် ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ မြင်ကြရပါတယ်။ အဆိုပါတွေ့ဆုံပွဲတက်ရောက်တဲ့ ပြင်သစ်အထက်လွှတ်တော် အမျိုးသမီးအမတ်တဦး၏ ဖေ့စ်ဘွတ်မှာ တင်ထားတာပါ။ အဆိုပါတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး သတင်းအပြည့်အစုံမသိရသေးပေမယ့် မြန်မာပြည်အရေးကို ပြင်သစ်အစိုးရက ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုနေပြီလို့ အဆိုပါ အမျိုးသမီးအမတ်က မှတ်ချက်ရေးထားပါတယ်။ အွန်လိုင်းအစိုးရလို့ စစ်ကောင်စီက ရှုတ်ချတဲ့သဘော ဝေဖန်ခံရပေမယ့် နိုင်ငံတကာမျက်နှာစာမှာ NUG ဝန်ကြီးတွေကိုယ်တိုင် မီဒီယာများ၊ နိုင်ငံရေးခေါင်းဆောင်များနဲ့ တိုက်ရိုက်တွေ့ဆုံမှုတွေ ခရီးစဉ်တွေနဲ့ ခြေလှမ်းတွေ တိုးလာတယ်လို့ ဆိုရမှာပါ။ NUG၏ လူ့အခွင့်အရေးဝန်ကြီး ဦးအာင်မျိုးမင်း၏ နိုင်ငံတကာခရီးစဉ်များပြီးနောက် ဒေါက်တာဇော်ဝေစိုးဟာ ပြည်ပနိုင်ငံခရီးစဉ်များတွင် လူကိုယ်တိုင် တက်ရာက်တွေ့ဆုံတာ၊ မျက်နှာတိုက်ရိုက် ထုတ်ဖော်ပြသည့် ဒုတိယမြောက် NUG ဝန်ကြီး ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။
========================
📌📌မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ဖို့ရာ အကြမ်းဖက်မှုလျှော့ချရေးဟာ အရေးကြီးတဲ့အကြောင်းကို အာဆီယံအထူးသံတမန် နဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးထားကြတယ်လို့သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး မြန်မာ့အရေး အာဆီယံ အထူးသံတမန်လည်းဖြစ်တဲ့ ပရက်ဆော့ခွန်းနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ အွန်လိုင်းကနေ တွေ့ဆုံစဉ် အဲဒီလို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာ့အရေးဖြေရှင်းမှုမှာ အကြမ်းဖက်မှုလျှော့ချပြီး ယုံကြည်မှုတည်ဆောက်နိုင်မှသာ သက်ဆိုင်ရာ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုပေါ်လာနိုင်မှာကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေး သုံးသပ်သူတစ်ဦးက ‘အကြမ်းဖက်မှုကို လျှော့ချလိုရင် နံပါတ်တစ်လုပ်ရမှာက အခုလတ်တလော စစ်ကိုင်းတိုင်းအတွင်း မင်းအောင်လှိုင်တပ်တွေ ထင်ရာစိုင်းနေတဲ့ ရွာထဲဝင်လု၊ ရွာကိုမီးရှို့၊ တွေ့တဲ့လူဖမ်း သတ်ဖြတ်နေတာတွေကို အဲဒါတွေဟာ အကြမ်းဖက်မှုတွေဖြစ်တယ်။ အဲဒါတွေကို မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်ဆိုတာမျိုးလောက် အာဆီယံအနေနဲ့ အရင်စပြောရဲဖို့လိုမယ်’လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က ကျေးရွာကိုကျေးရွာမှန်း သိလျက်နဲ့ လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ ဒီဇင်ဘာ ၂၄ ရက်နေ့ ၊ ဖရူဆိုမြို့နယ်အတွင်း အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမျိုးဟာ အာဆီယံမူ ၅ ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး အဲဒီလိုလုပ်ရပ်တွေအပေါ် အာဆီယံအနေနဲ့ မသိချင်ယောင် ဆောင်ခဲ့ခြင်းဟာ အကြမ်းဖက်မှုတွေ လျှော့ချရေးအတွက် ဖော်ဆောင်ရခက်ခဲလိမ့်မယ်လို့ သူကဆက်ပြောပါတယ်။
အာဆီယံအထူးသံက သူ့ရဲ့မြန်မာ့ပထမဆုံး ခရီးစဉ်မှာ ဦးစားပေးလုပ်ဆောင်မယ့် ကိစ္စတွေကို ဆွေးနွေးထားသလို အာဆံအတွင်းရေးမှူးချုပ်ကလည်း အထူးသံရဲ့ခရီးစဉ်အတွက် လိုအပ်တဲ့အကူအညီပေးဖို့ အသင့်ရှိတဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံ အလျည့်ကျဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ဒီနှစ်ရဲ့ ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှာ ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ၁၇ အထိ ကျင်းပနေပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment