17th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မြဝတီတောင်ပိုင်းက လေးကေကော်ဒေသမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပြန်လုပ်လာ
📌သုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုကာကွယ်ပေးရမယ်လို့ အစုရှယ်ယာဝင်တွေက မြန်မာတယ်လီနောကိုတောင်းဆို
📌ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖတ်မာကျေးရွာနေ ဒေသခံဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မြဝတီတောင်ပိုင်းက လေးကေကော်ဒေသမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပြန်လုပ်လာနေပါတယ်

အတန်ကြာတိုက်ပွဲတွေငြိမ်နေရာကနေပြီး လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းမှာတိုက်ပွဲပြင်းထန်ခဲ့တဲ့ မြဝတီတောင်ပိုင်းဒေသဟာ ဖေဖေါ်ဝါရီလ ၁၆ ရက်မနက်ပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်ခဲ့ပါတယ်။ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်မြို့သစ်တွင် နံနက် ၈ နာရီမှစတင်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ရာ ညနေ ၃ နာရီ ၂၀ မိနစ်တွင် စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ရသည်ထိ စစ်ကောင်စီတပ်ဟာ အထိနာခဲ့ပါတယ်။ KNLA နှင့်ပူးပေါင်းတပ်ဖွဲ့တွေ ခုလိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဟာ ၎င်းတို့နေထိုင်ရာ အမြောက်ကုန်း (ဒေသအခေါ် ခွေးကုန်း )မှ လက်နက်များစွန့်ပစ်ပြီး ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။ သာလွန်အင်အားထိုးစစ်များနဲ့ စစ်ကောင်စီအားထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် KNU-KNLA နှင့်ပူးပေါင်းတပ်တွေဟာ စခန်းအချို့ကို လွန်ခဲ့တဲ့လအတွင်းက ဆုတ်ပေးခဲ့ရပါတယ်။ ယခုတဖန် တိုက်ပွဲအတွင်းမှာတော့ KNU-KNLA နှင့်ပူးပေါင်းတပ်ဖွဲ့တို့ ဆုတ်ခွာလိုက်ရတဲ့ ဖလူးလေးရွာ လက်နက်ကြီးပစ်စခန်းအကုန်းအပါအဝင် ပတ်ဝန်းကျင်နယ်မြေကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း KNLA - PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောပါတယ်။ ဖေဖေါ်ဝါရီလ ၁၅ ရက် နံနက်ပိုင်းမှစလို့ ဝိုင်းပတ်ပိတ်ဆို့ကာ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၁၆ နေ့လည် ၁၂ နာရီခန့်မှာတော့ စစ်ကောင်စီနှင့် BGF ကျူးကျော်ထားတဲ့ စခန်းကုန်းကိုပြန်လည်သိမ်းယူနိုင်ခဲ့တာပါ။ လက်နက်များလည်း သိမ်းဆည်းရမိပါတယ်။ ဒေသတွင်း လှုပ်ရှားနေသည့် တပ်မှူးတစ်ဦးက " ကုန်းကိုတော့ နေ့လည်ကတည်းက ပြန်ထိုင်နိုင်ပြီပေါ့နော်။ အဲဒီနေရာက အချက်အခြာကျတဲ့နေရာဆိုတော့ နင်ရောက် နင်နေ၊ ငါရောက် ငါနေပေါ့။ အခုတော့ KNLA နှင့်ပူးပေါင်းတပ်တွေ ပြန်ထိုင်ကြတယ်ပေါ့" လို့ အတည်ပြုပြောဆိုပါတယ်။ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပြီးနောက်စစ်ကောင်စီဘက်မှ အကျအဆုံး များကြောင်းကို PDFတပ်ဖွဲ့ဝင် တစ်ဦးကခုလိုပြောပါတယ်
“စစ်ကောင်စီ ဘက်က ကားသုံးစီးနဲ့ အလောင်းတွေကို ပြန်သယ်သွားတယ်။ သူတို့ဘက်က အကျအဆုံး များတယ်။ လက်နက်တွေနဲ့ စစ်သုံးပစ္စည်းအချို့ ကျနော်တို့ သိမ်းနိုင်ခဲ့တယ်။ ကျနော်တို့ ဘက်က သုံးယောက် ဒဏ်ရာရပါတယ်။ အကျအဆုံးမရှိပါဘူး” ဟု ၎င်းက ပြောပြပါတယ်။
စခန်းကိုပြန်လည်သိမ်းပိုက်နိုင်ပြီးနောက် မွန်းလွဲ ၃ နာရီမှာတော့ စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်များလာရောက်ပစ်ခတ်ပါတယ်။ ဒါ့အပြင် စွယ်တော်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ အခုဆိုရင် စစ်ကောင်စီဘက်ကလက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာနိုင်တာကြောင့် ထောင်ချီတဲ့ဒေသခံတွေဟာ စစ်ဘေးရှောင်ဖို့ တကျော့ပြန် ပြင်ဆင်နေကြပြီလို့လည်းသိရပါတယ်။ နှစ်ကုန်ပိုင်းက ပြင်းထန်ခဲ့တဲ့တိုက်ပွဲများကြောင့် နေရပ်မပြန်ရဲသူတွေ စစ်ဘေးရှောင်နေဆဲရှိသလို နေရပ်ပြန်နေပြီဖြစ်တဲ့ ဒေသခံပြည်သူတွေဟာလည်း အခုဆိုရင် တကျော့ပြန် လက်နက်ကြီးနှင့် လေကြောင်းရန်ကို ကြောက်ရွံ့နေကြရပြီဖြစ်ကြောင်းသိရပါတယ်။

========================

📌📌သုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုကာကွယ်ပေးရမယ်လို့ အစုရှယ်ယာဝင်တွေက မြန်မာတယ်လီနောကိုတောင်းဆိုနေကြပါတယ်

မြန်မာပြည်မှာရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ဆိုင်းပြီး လုပ်ငန်းကိုပြန်လည်ရောင်းချတော့မှာဖြစ်တဲ့ တယ်လီနော(မြန်မာ) ဆက်သွယ်ရေးကုမ္ပဏီဟာ သုံးစွဲသူတွေရဲ့ အချက်အလက်များကို ကာကွယ်ထားကြောင်း အာမခံချက်ပေးရမယ်လို့ တယ်လီနော အစုရှယ်ယာရှင်တွေကတောင်းဆိုနေကြကြောင်း ရိုက်တာသတင်းတပုဒ်အရ သိရပါတယ်။ တယ်လီနော်မြန်မာကိုဆက်ခံ ဝယ်ယူမယ့် ရွှေဗျိုင်းဖြူအုပ်စုဟာ အာဏာသိမ်းစစ်အုပ်စုနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်ပတ်သက်နေတဲ့ အထောက်အထားများ မကြာသေးခင်က ပေါ်ထွက်လာပါတယ်
ရွှေဗျိုင်းဖြူဟာ နော်ဝေအစိုးရပိုင် တယ်လီနောအုပ်စု၊ M1 Group နှင့် မြန်မာစစ်ကောင်စီတို့ပါဝင်တဲ့ လျှို့ဝှက်ဆွေးနွေးညှိနှိုင်းမှုမှတဆင့် တယ်လီနောမြန်မာ လုပ်ငန်း၏ ၈၀ ရာခိုင်းနှုန်းအား ရယူပိုင်ဆိုင်နိုင်ရန်ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တယ်လီနောကုမ္ပဏီအစုရှယ်ယာရှင်တွေကလည်း မြန်မာပြည်သူတွေ လိုလားမှုနှင့်အညီ သုံးစွဲသူတွေရဲ့ အချက်အလက်ကိုကာကွယ်ရမယ်လို့ ဖိအားပေးနေကြတာဖြစ်ပါတယ်။ တယ်လီနောကုမ္ပဏီရဲ့ အစုရှယ်ယာ ၅၉% ကို ပိုင်ဆိုင်ထားတဲ့ နော်ဝေးအစိုးရဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ဆက်သွယ်မှုကို မှတ်ချက်ပေးအကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ တယ်လီနော အစုရှယ်ယာ ၁.၆၄% ကိုယူထားတဲ့ စတုတ္ထအများဆုံး အစုရှယ်ယာရှင် DNB Asset Management ၊ ၁.၃၁% ကို ယူထားတဲ့ အဋ္ဌမအများဆုံး အစုရှယ်ယာရှင် Storebrand Asset Management တို့အပြင် ဝ.၉၆% ကို ပိုင်ဆိုင်ထားတဲ့ KLP ပင်စင်ရန်ပုံငွေအဖွဲ့ စတဲ့ အစုရှယ်ယာရှင်တွေက သုံးစွဲသူတွေရဲ့အချက်အလက်ကို ကာကွယ်အာမခံဖို့ ခုလိုတောင်းဆိုနေတာပါ။

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ တယ်လီနော တယ်လီဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှုကို သုံးစွဲသူ ၁၈ သန်းရဲ့ အချက်အလက်တွေကိုကာကွယ်ဖို့ထက် ကုမ္ပဏီဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ မြန်မာဥပဒေတွေနဲ့အညီ လုပ်ဆောင်ခဲ့ရတယ်လို့ တယ်လီ နောကုမ္ပဏီက တုံ့ပြန်ထားပါတယ်။
“တယ်လီနောရဲ့ ရင်းနှီးမြှုပ်နှံမှုကိုရောင်းချပြီး လုပ်ငန်းလိုင်စင်ကို ပြန်အပ်တဲ့အခါ မြန်မာဥပဒေတွေ၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့အညီ အချက်အလက်တွေကို ဆက်ပြီး သိမ်းဆည်းထားရပါမယ်” လို့ တယ်လီနော ပြောခွင့်ရအမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ကို ဆန့်ကျင်သူတွေရဲ့ တယ်လီဖုန်းခေါ်ဆိုချက် မှတ်တမ်းတွေနဲ့ ထွက်ပြေးပုန်းရှောင်နေသူတွေ ရှိခဲ့တယ်လို့ နောက်ဆုံးသိထားတဲ့နေရာကိုဖော်ပြနိုင်သော မှတ်တမ်းတွေကိုလွှဲပေးဖို့ တောင်းခံခဲ့ကြောင်း အမည်မဖော်လိုတဲ့ တယ်လီနောဝန်ထမ်းနှစ်ဦးက ပြီးခဲ့တဲ့သီတင်းပတ်မှာ ရိုက်တာသတင်း ဌာနကပြောခဲ့ပါတယ်။ တယ်လီနောဘက်က လိုက်နာပြီး လွှဲပြောင်းပေးခဲ့ရတယ်လို့လည်း အဆိုပါဝန်ထမ်းနှစ်ဦးရဲ့စကားကို ကိုးကားပြီး ရိုက်တာက ရေးသားခဲ့ပါတယ်။

တယ်လီနောရဲ့ မြန်မာနိုင်ငံက အစုရှယ်ယာတွေကို လက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီကို ရောင်းမယ်လို့ တယ်လီနောဘက်က ကြေညာထားတာဖြစ်ပါတယ်။ ဒါပေမယ့် အစုရှယ်ယာအများစုကို စစ်ကောင်စီနဲ့ အဆက်အစပ်ရှိတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ပိုင်ဆိုင်မှာဖြစ်တယ်လို့ အထောက်အထားများပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ခုလို သုံးစွဲသူတွေရဲ့ လုံခြုံရေးအချက်အလက်များအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။

========================

📌📌ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖတ်မာကျေးရွာနေ ဒေသခံဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်

ဖေဖော်ဝါရီ ၁၅ရက်ညပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်စဉ်မှာ အသက် ၂၀ ကျော်အရွယ် သူတို့နှစ်ဦးဟာ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်ခြင်းကို ခံခဲ့ကြရတာပါ။

“သူတို့ မိဘရွာနဲ့ သူတို့ရွာနဲ့ ပြန်လာတဲ့ လမ်းမှာ တိုက်ပွဲဖြစ်တာနဲ့ ကြုံတာတဲ့။ ကြုံတဲ့အခါမှာ ကြောက်ကြောက်နဲ့ဆိုင်ကယ်နဲ့ထွက်ပြေးတာ။ အဲဒါ စစ်တပ်တွေက သူတို့ကို ရပ်ဖို့ပြောတာ ကြောက်တော့ မရပ်ရဲဘူး အဲ့မှာ အပစ်ခံရတာ။ အဲဒီမှာ အမျိုးသမီးက အရင်သေသွားတယ်တဲ့။ အမျိုးသားကလည်း အဲဒီ သေနတ်ဒဏ်ရာနဲ့ပဲဆုံးသွားတယ်”ဟု နီးစပ်တဲ့ဒေသခံတယောက်က ပြောပါတယ်။

သေဆုံးသူအပြစ်မဲ့ ပြည်သူနှစ်ဦးဟာ မင်္ဂလာဆောင်ပြီးစ လအနည်းငယ်သာရှိသေးတယ်လို့ ဆိုပါတယ်။ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က KIA/ PDF ပူး​ပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်​ကောင်စီတပ်တို့ဟာ ပူတာအိုမြို့နယ် ဖတ်မာရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် စစ်​ကောင်စီတပ်က အထိနာလို့ ပြည်သူများထွက်​ပြေးတိမ်း​ရှောင်​နေ​သော ဖတ်မာရွာနှင့် လုံရှာယန် ဘက်သို့လက်နက်ကြီးများဖြင့်တစ်ညလုံးပစ်ခတ်ခဲ့​ကြောင်း NLD ပါတီက ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီး ချန်းဂျော်ရ်ရမ် ကလူမှုကွန်ရက်တွင်ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ အခုလို အထိနာလာတိုင်းရမ်းသမ်းပြီး လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတဲ့ စစ်​ကောင်စီတပ်တွေဟာ ဖတ်မာရွာအတွင်းရှိ နေအိမ်တွင်းပုန်းအောင်းနေတဲ့ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်​နေ​ကြောင်း အခုလိုစစ်ရာဇဝတ်မှုလုပ်ရပ်ကိုလည်း ကန့်ကွက်​ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးချန်းဂျော်ရ်ရှမ်က ဖော်ပြပါတယ်။ နေရာစုံမှာ ပြည်သူ့ခုခံတော်လှန်စစ်ကို ကြောက်လန့်တကြားရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်တွေဟာ ခုလိုပဲတိုက်ပွဲကြုံလာတိုင်း ပြည်သူကိုရမ်းသမ်းပစ်ခတ်မှုကြောင့် နေ့စဉ်လိုလိုအရပ်သားတွေ သေဆုံးမှုက မြင့်တက်လာနေပါတယ်။ ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းကလည်း မြစ်ကြီးနားမြို့ပေါ်ရှိ ကားတစ်စီးအား လိုက်လံပစ်ခတ်ရာ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပါသေးတယ်။

“ဒီမြစ်ကြီးနားမှာဆိုရင် ၁၁ရက်နေ့ညမှာ သူတို့အနောက်ကနေ လိုက်ပစ်လို့ အမျိုးသမီးတစ်ယောက် ဆုံးသွားတယ်။ အဲဒီလို လုပ်နေတဲ့ဟာတွေက ကျွန်မတို့ ကချင်ပြည်နယ်မှာ နေရာစိပ်စိပ်ဖြစ်လာပြီ။ ဒီဟာက လူမဆန်တဲ့လုပ်ရပ်တွေ သူတို့တအားလုပ်နေတာ။ အဲဒါကို စိတ်မကောင်းလည်းဖြစ်မိတယ်။ အဲဒီလို မျိုးအာဏာရှင် လက်အောက်ကနေ ကျွန်မတို့အမြန်ဆုံးလွတ်မြောက်ချင်ပြီ။ အပြစ်မရှိတဲ့ မိသားစုတွေက အခုလို ကြုံနေရတာ အမြန်ဆုံးလွတ်မြောက်ချင်ပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဖေဖေါ်ဝါရီလအစပိုင်းမှာ KIA နှင့် PDF တပ်ဖွဲ့များဟာ ပူတာအိုမြို့နယ် ဆွမ်ပီယာန် ​ကျေးရွာရှိ စစ်​ကောင်စီတပ်စခန်းအား သိမ်းယူနိုင်ခဲ့ပါတယ်။ ထို့နောက်ပိုင်းမှာ ထိုဒေသတဝိုက်ရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်။ အပြစ်မဲ့ဇနီးမောင်နှံ ပစ်သတ်ခံလိုက်ရတဲ့ အခင်းဖြစ်ပွားရာ ပူတာအိုမြို့နယ် ဖတ်မာကျေးရွာကိုလည်း စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့ထားပြီး ရွာသားများကို လူသားဒိုင်းပြုလုပ်ခြင်း ရမ်းသမ်းပစ်ခတ်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment