17th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မသန်စွမ်းများအရေးအတွက် ကတိကဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ကြေညာ
📌မြန်မာ့အရေးကိုဖြေရှင်းရာတွင် စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးလို့ အာဆီယံဥက္ကဌက ဝန်ခံပြောဆို
📌ကာကွယ်ရေးဝန်ကြီးဌာနမှ စုစည်းထားသည့် တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်အချက်အလက်များ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မသန်စွမ်းများအရေးအတွက် ကတိကဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ရက်စွဲဖြင့် မသန်စွမ်းများအတွက် ကတိကဝတ်များကို ထုတ်ပြန်ကြေငြာခဲ့ကြတာကို ဖတ်ကြားတင်ပြပေးပါ့မယ်။
၁။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အမျိုးသား ညီညွတ်ရေးအစိုးရ အနေဖြင့် မသန်စွမ်းသူများကို လူ့အသိုက်အဝန်းအတွင်း အပြည့်အဝ ပါဝင် ဆောင်ရွက်ခွင့်၊ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို အများနည်းတူရရှိခံစားပိုင်ခွင့် ရရှိစေရေးအပြင် မသန်စွမ်းသူများ ကြုံတွေ့ခံစားနေရသော မညီမျှမှုများကို လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာ မသန်စွမ်းခေါင်းဆောင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
၂။ တော်လှန်ရေးကာလ၊ ကြားကာလအတွင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် ပေးနိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသော "မသန်စွမ်းသူများ ခွင့်တူညီမျှ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ" (Myanmar Coordination Committee for Equal Rights of People with Disabilities – MCERP) နှင့် ညှိနှိုင်းဆွေးနွေးမှုများအရ မသန်စွမ်းသူများနှင့် ပတ်သက်သည့် အောက်ပါ လုပ်ငန်းစဥ်များကို လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက အကောင်အထည် ဖော်ဆောင်ရန် ကတိပြုအပ်ပါသည် -
(က) တော်လှန်ရေးကာလ၊ ကြားကာလအုပ်ချုပ်စီမံမှုများ၊ နောင်ကာလ နိုင်ငံတော်သစ် ပေါ်ပေါက်ရေး အတွက် ညှိနှိုင်းပုံဖော် ဆောင်ရွက်မှု များတွင် မသန်စွမ်းသူများတန်းတူပါဝင်နိုင်စေရေး၊
(ခ) ပြည်သူလူထုနှင့် ဆက်သွယ်ဆောင်ရွက်မှုများတွင် မသန်စွမ်းသူများအား ချန်လှပ်ခြင်း ရှိမနေစေရန် စီစဉ် ဆောင်ရွက်ပေးရေး၊
(ဂ) တော်လှန်ရေးကာလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် ထောက်ပံ့ကူညီမှုများ၊ လူမှု ကာကွယ်စောင့်ရှောက်မှုများ၊ ပြန်လည်ထူထောင်ရေးစီစဉ်ဆောင်ရွက်မှုများတွင် မသန်စွမ်းသူများ တန်းတူပါဝင်ခံစားရရှိနိုင်စေရေး၊
(ဃ) လူသားချင်းစာနာမှုအစီအစဥ်တိုင်းတွင် မသန်စွမ်းသူများအား ကျန်ရစ်မနေစေရန် စနစ်တကျ ဆောင်ရွက်ပေးရေး၊
(င) မသန်စွမ်းသူများ၏အချက်အလက်များကို ဒေသအလိုက် ရယူအသုံးပြုနိုင်စေရန် Mapping များပြုလုပ်ပြီး ဘေးအန္တရာယ်ကြုံတွေ့ရမှုများတွင် မသန်စွမ်းသူများကို ဦးစားပေး ကယ်ဆယ် ဆောင်ရွက်နိုင်စေရန် စီမံထားရှိပေးနိုင်ရေး၊
(စ) ဘေးအန္တရာယ်ကာကွယ်မှုဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို လျော့ကျ နိုင်ရန် သေချာစွာဆောင်ရွက်မည်ဖြစ်ပြီး ကာကွယ်ရေးပစ္စည်းများ၊ အဆောက်အဦများ၊ စနစ်များ၊ အစီအစဉ်များကို သေချာခိုင်မာစေရန် မူဝါဒရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊
(ဆ) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးနှင့် ဖက်ဒရယ်အခြေခံသော လူမှု-စီးပွား ကဏ္ဍစုံ မူဝါဒများ ရေးဆွဲနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရာတွင် မသန်စွမ်းသူများကို ချန်လှပ်ခြင်း မရှိစေရေး စသည်တို့ဖြစ်ပါတယ်။

========================

📌📌မြန်မာ့အရေးကိုဖြေရှင်းရာတွင် စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးလို့ အာဆီယံဥက္ကဌက ဝန်ခံပြောဆိုလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးပြသနာတွေကို သူ့အနေနဲ့ ကြိုးစားဖြေရှင်းဖို့ကြိုးစားပေမယ့် စစ်ကောင်စီဘက်က လိုက်ပါဆောင်ရွက်ခြင်း မရှိဘူးလို့ အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဗုဒ္ဓဟူးနေ့မှာ ဝန်ခံသွားပါတယ်။ ဂျပန်သံအမတ်ကြီး မီကာမီ မာဆာဟီရိုပါ တက်ရောက်နေတဲ့ ကရာတီပြည်နယ်က တံတားဖွင့်ပွဲတွင် အရာရှိအရာခံများ ရှေ့မှောက်မှာ ဟွန်ဆန်က ပြောဆိုလိုက်တာပါ။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး အဖုအထစ်ဖြစ်စေတဲ့အထိ နေပြည်တော်ခရီးကို ကိုယ်တိုင်သွားရောက်ပြီး စစ်အုပ်စုကိုစည်းရုံးဖို့ကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။ ဖနွမ်းပင်မှာ နဂိုကစီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးအစည်းအဝေးဟာလည်း စစ်ကောင်စီဘက်ကလွှတ်တဲ့ ဝန်ကြီးကိုဖိတ်ကြားထားလို့ ရက်ရွှေ့ဆိုင်းခဲ့ရဖူးပါတယ်။ အကြိမ်ကြိမ်စေ့စပ်ညှိနှိုင်းဖို့ကြိုးစားပေမယ့် အာဏာသိမ်းစစ်အုပ်စုဟာ အာဆီယံဘုံသဘောတူချက် ၅ ရပ်ကိုလိုက်နာခြင်း အလျဉ်းမရှိခဲ့ပါဘူး။ လူပြောသူပြောများခဲ့ရတဲ့ အာဆီယံဥက္ကဌဟွန်ဆန်ရဲ့ ကြိုးပမ်းမှုတွေဟာ အလှည့်ကျဥက္ကဌတာဝန် တလခွဲအချိန်မှာပဲ ခုလိုဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး ဟွန်ဆန်က သူ့ရဲ့ဥက္ကဌသက်တမ်းအတွင်းမှာ မြန်မာ့အရေးကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း ပြောဆိုသွားပါတယ်။ “ကျွန်တော်အနေနဲ့ မြန်မာအရေးမှာ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရတယ်၊ ဘေးကျပ်နံကျပ် အခက်တွေ့နေတာပဲ၊ ဒီအတွက် ဖြစ်လိုရာ ဖြစ်စေတော့လို့ပဲ ဆိုရတော့မယ်”လို့ ကရာတီပြည်နယ်က တံတားဖွင့်ပွဲတွင် ဟွန်ဆန်ကပြောဆိုပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဟွန်ဆင်ရဲ့ တာဝန်ချိန်ဟာ ၁၀ လနှင့် ၁၄ ရက်သာ ကျန်ရှိကြောင်း၊ မြန်မာအရေး ခက်ခဲမှုကြောင့် နောက်တက်မယ့် အာဆီယံဥက္ကဋ္ဌက ဆက်လက်တာဝန်ယူရနိုင်ကြောင်းလည်း ဟွန်ဆန်က မှတ်ချက်ပြု ပြောဆိုသွားပါတယ်။
“စစ်ကောင်စီအဖွဲ့ဟာ သူတို့ကိုယ်တိုင် တိုးတက်အောင် မလုပ်ချင်ကြဘူးဆိုရင် ကျွန်တော်တို့လည်း စိုးရိမ်ပူပန်နေဖို့ မလိုဘူး၊ နွားနောက်က လှည်းဆိုတာက နွားမရွေ့ဘဲ ဘယ်လိုလုပ် ရှေ့တိုးနိုင်မှာလဲ” လို့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားပါတယ်။ တရုတ်ကျောထောက်နောက်ခံထားပြီး ကိုယ်တိုင်က အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်တဦးဖြစ်တယ်လို့ ဝေဖန်ခံနေရတဲ့ အာဆီယံအလှည့်ကျဥက္ကဌဟာ စစ်ကောင်စီကို စည်းဝေးပွဲတွေမှာ တန်းတူထားဖို့အပြင်းအထန်ကြိုးစားခဲ့သူပါ။ ဒါပေမယ့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ကန့်ကွက်မှုနှင့်အတူ စစ်ကောင်စီကစပြီး အာဆီယံဘုံသဘောတူညီချက်ကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ကိုပဲ ဝိုင်းဝန်း ဖိအားပေးခံနေရဆဲဖြစ်ပါတယ်။ ခုတော့ မြန်မာမပါဝင်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းက ဖနွမ်းပင်မှာစတင်လိုက်ပါပီ။
နိုင်ငံတကာ သံတမန်ရေးရာမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ကျဆုံးမှုနှင့်အတူ မင်းအောင်လှိုင်လက်အောက်ခံ ဦးဝဏ္ဏမောင်လွင်ဟာလည်းအာဆီယံရဲ့ ဖယ်ကျဉ်ထားမှုကို ခံနေရဆဲပါပဲ။ နိုင်ငံရေးနဲ့မပက်သက်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ခွင့်ပေးဖို့ အာဆီယံဘက်က ဆုံးဖြတ်တာကို အကြမ်းဖက်စစ်အုပ်စုက လက်မခံဘဲ ကိုယ်စားလှယ်မလွှတ်ခဲ့ပါဘူး။ အကြမ်းဖက်စစ်အုပ်စုဟာ ပဋိညာဉ်ပါ အချက်တွေကိုထောက်ပြပီး အာဆီယံကိုပြန်လည်ဝေဖန်နေပေမယ့် စစ်ကောင်စီကိုယ်တိုင်ကတော့ အဓမ္မအာဏာသိမ်းမှုနှင့်အတူ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေဆဲဖြစ်ပါတယ်။

========================

📌📌ကာကွယ်ရေးဝန်ကြီးဌာနမှ စုစည်းထားသည့် တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်အချက်အလက်များ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စုစည်းထားသည့် (၁.၂.၂၀၂၂ မှ ၇.၂.၂၀၂၂) ထိ တစ်ပတ်အတွင်း နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်များကို တင်ပြပေးပါမယ်။ မြန်မာနိုင်ငံအနှံ့ ပြည်သူ့ခုခံတော်လှန်စစ် (၁၁၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၄၀၃) ဦး သေဆုံးကာ (၁၁၀)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကချင်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲ ၁၁ ကြိမ် ၊ ပြည်သူ့ခုခံတော်လှန်စစ် ၁ ကြိမ် နှင့် ပေါက်ကွဲမှု ၇ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ပြည်သူ့ခုခံတော်လှန်စစ် ၅၀ ကြိမ် နှင့် ပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးတိုင်းတွင် ပြည်သူ့ခုခံတော်လှန်စစ် ၁၂ ကြိမ် နှင့် ပေါက်ကွဲမှု ၁၄ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ချင်းပြည်နယ်တွင် ပြည်သူ့ခုခံတော်လှန်စစ် ၇ ကြိမ် နှင့် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲ ၄ ကြိမ် နှင့် ပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မကွေးတိုင်းတွင် ပြည်သူ့ခုခံတော်လှန်စစ် ၁၆ ကြိမ် နှင့် ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲ ၂ ကြိမ် နှင့် ပေါက်ကွဲမှု ၁ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ကရင်နီ (ကယား) ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲ ၄ ကြိမ် နှင့် ပြည်သူ့ခုခံတော်လှန်စစ် ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ပဲခူးတိုင်းတွင် ပြည်သူ့ခုခံတော်လှန်စစ် ၂ ကြိမ် နှင့် ပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်တွင် ပြည်သူ့ခုခံတော်လှန်စစ် ၁ ကြိမ် နှင့် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဧရာဝတီတိုင်းတွင် ပြည်သူ့ခုခံတော်လှန်စစ် ၁ ကြိမ် နှင့် ပေါက်ကွဲမှု ၉ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မွန်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲ ၂ ကြိမ် ၊ ပြည်သူ့ခုခံတော်လှန်စစ် ၂ ကြိမ် နှင့် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်တိုင်းတွင် ပြည်သူ့ခုခံတော်လှန်စစ် ၁၅ ကြိမ် နှင့် ပေါက်ကွဲမှု ၇၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ တနင်္သာရီတိုင်းတွင် လက်နက်ကိုင်တိုက်ပွဲ ၁ ကြိမ် ၊ ပြည်သူ့ခုခံတော်လှန်စစ် ၇ ကြိမ် နှင့် ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
တစ်ပတ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အကြမ်းဖက်ကျုးလွန်ခဲ့သည့် ဖြစ်စဉ်ပေါင်း (၁၄၁) ကြိမ် တိတိ ရှိခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ ‌ဒေသခံပြည်သူ (၉၁)ဦးသေဆုံးခဲ့ကာ (၁၄၉) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၄၄၉) ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
ဆက်လက်ပြီး ၂၀၂၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်နေ့အထိ ကိန်းဂဏန်းဆိုင်ရာအချက်အလက်များ တင်ပြပေးပါမယ်။
စကစတပ်သားသေဆုံးသူ (၈၃၅၄) ဦး
စကစတပ်သားဒဏ်ရာရသူ (၂၈၉၆) ဦး
အရပ်သားသေဆုံးသူ (၁၆၉၅) ဦး
အရပ်သားထိခိုက်ဒဏ်ရာရသူ (၉၈၅) ဦး
အရပ်သားဖမ်းဆီးထိန်းသိမ်းခံရသူ (၄၈၄၇) ဦး
ပြောခဲ့တဲ့ ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များကို သတင်းမီဒီယာပေါင်း (၄၀) နှင့် မြေပြင်မှ တိုက်ရိုက်ရရှိသော သတင်းအချက်အလက်များကို ဆန်းစစ်လေ့လာစုစည်းထားခြင်း ဖြစ်ပြီး မြေပြင်တွင် ဖော်ပြထားသော ကိန်းဂဏန်းများထက် ပိုမိုဖြစ်ပွားနိုင်ကြောင်း အသိပေးလိုပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment