18th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ငွေတိုက်စာချုပ် နဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါး
📌တော်လှန်ရေးအင်အားစုတွေကို နှစ်လတာအတွင်း အမေရိကန်ဒေါ်လာ ၆ သိန်းကျော် အထိပံ့ပိုးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်
📌အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နှင့်တွေ့ဆုံသင့်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ်ကို မလေးရှားကတိုက်တွန်း

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ငွေတိုက်စာချုပ် နဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတပုဒ်ကို တင်ဆက်ပေးပါ့မယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကနေ နွေဦးတော်လှန်ရေးး ငွေတိုက်စာချုပ်များကို ရောင်းချခဲ့ရာမှာ ပထမအကြိမ်အနေနဲ့ အခက်အခဲတစ်ချို့ကြောင့် ရပ်တန့်သွားခဲ့ရာ အခုအခါမှာတော့ Kachin Political Interim Coordination Team (KPICT) အဖွဲ့နဲ့ ပူးတွဲရောင်းချခြင်း၊ Cryptocurrency အသုံးပြုရောင်းချခြင်း နဲ့ ကိုယ်စားလှယ်များဖြင့် ရောင်းချခြင်း တို့ကို ဆက်လက်ပြုလုပ်လျက်ရှိပါတယ်။ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကြေညာချက်အရ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့အထိ ငွေတိုက်စာချုပ်ပေါင်း ၄၇၈၂၂ ခုကို ရောင်းချပြီး ဖြစ်ကြောင်းသိရပါတယ်။ ကိုယ်စားလှယ်တဦးအဖြစ်တာဝန်ယူရောင်းချနေတဲ့ အကြောင်း နဲ့ စာချုပ်ဝယ်ယူသူများ ဘာကြောင့် ဝယ်သင့်တယ်ဆိုတာကို ကိုယ်စားလှယ်အမှတ် AP033 က အောက်ပါတိုင်း ပြောထားပါတယ်။

“ဟုတ်ကဲ့ပါ ကျနော်ကတော့ Agent ID 033 နဲ့ NUG အစိုးရရဲ့ Bond တွေကို ရောင်းချပေးနေတဲ့ ကိုယ်စားလှယ်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိကျနော်ရောင်းချထားတဲ့ ဘွန်းပမာဏက ယူအက်စ်ဒေါ်လာအားဖြင့်ဆိုလို့ရှိရင် ဒေါ်လာ ၂ သိန်းနီးပါးကို ရောက်ရှိလို့လာပါပြီ တခြား အေးဂျန့်တွေလည်း ကျနော့်လိုပဲ ရောင်းချရမယ်လို့မျှော်လင့်ပါတယ်။ အခုလက်ရှိဖြစ်နေတဲ့ နွေဦးတော်လှန်ရေးအောင်ပွဲရရှိဖို့လို့အတွက် ဘဏ္ဍာရေးအထောက်အပံ့ဖြစ်ဖို့ ဘွန်းက အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ရောင်းချပေးနေတဲ့ ဘွန်းတွေကို ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ လူတွေက တတ်နိုင်သလောက် ၁၀၀ တန် တတ်နိုင်တဲ့လူက ၁၀၀၊ ၁၀၀၀ တန်တတ်နိုင်တဲ့လူက ၁၀၀၀ ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့ ပုံမှန်ဝယ်ပြီးတော့ တော်လှန်ရေးကို အထောက်အပံ့ပြုကြမယ်ဆိုရင် ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးကြီးဟာ မကြာခင်မှာ မလွဲမသွေ အောင်မြင်လာမှာဖြစ်ပါတယ်။”

ငွေတိုက်စာချုပ်များကို ကိုယ်စားလှယ်ဖြင့် ဝယ်ယူရာမှာ ဝယ်သူများဘက်က လွယ်လွယ်ကူကူ ဝယ်ယူနိုင်ကြောင်းကို ကိုယ်စားလှယ်က ခုလိုဆက်ပြောပါတယ်။

“ဘွန်းဝယ်ယူရတဲ့ process ကိုကြည့်မယ်ဆိုရင်လည်း Agent ကနေတဆင့် အကုန်လုံးကိုတာဝန်ယူပြီးဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် အခုဆိုရင် အလွန်အဆင်ပြေပါတယ််။ ပြီးတော့ ဘွန်းမှာ error တစ်ခုခု ပြဿနာ တစ်ခုခုဖြစ်လာလို့ရှိရင် Agent in person ဆက်သွယ်ပြီးတော့ ဖြေရှင်းလို့ရတဲ့အတွက်လည်း ပိုပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုရှိကြမယ်လို့မျှော်လင့်ပါတယ်။ ဒီဘွန်းဝယ်ထားတဲ့အရာတွေအကုန်လုံးဟာ တော်လှန်ရေးပြီးသွားရင် အကုန်ပြန်လည်ထုတ်ယူရရှိမယ့်ငွေတွေဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူနိုင်ကြပါတယ်။ တော်လှန်ရေးကိုလည်း အထောက်အပံ့သေချာပေါက်ဖြစ်နေတယ်ဆိုတာကို ကျနော်ဘွန်းအေးဂျန့်တစ်ယောက်အနေနဲ့ အာမခံပြောကြားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ”

ယခုအခါ ငွေတိုက်စာချုပ်များကို မတရားမှုအလိုမရှိတဲ့ ပြည်တွင်းပြည်ပက ပြည်သူများ ဝယ်ယူလျက်ရှိပါတယ်။ နိုင်ငံတကာရောက် မြန်မာများက အားတက်သရော ဝယ်ယူနေကြသလို ပြည်တွင်းကလည်း အခက်အခဲများကြားမှ လက်လှမ်းမီသလောက် ချိတ်ဆက်ပြီး ဝယ်ယူနေကြပါတယ်။ နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ်များ ဘာကြောင့်ဝယ်သင့်တယ်ဆိုတာကို ပြည်တွင်းက ဝယ်ယူသူတစ်ယောက်က အောက်ပါအတိုင်း Radio NUG ကို စာရေးပေးပို့ထားတာရှိပါတယ်။
NUG Bond ကို ဘာလို့ဝယ်လဲဆိုရင် အချက် (၄) ချက်ကြောင့်ဖြစ်ပါတယ်။
ပထမအချက်ကတော့ အခုဆို ရင် စစ်ကောင်စီ ကို တနိုင်ငံလုံးအနှံ့မှာ PDF/LPDF, အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေပါ တော်လှန်နေကြတယ်။ ဒါပေမဲ့ ဒီအင်အားတွေကို စုစည်းပြီး တော်လှန်ရေးကို တကယ် အပြီးသတ် အောင်မြင်အောင် ဖော်ဆောင်ပေးနိုင်မှက NUG ပါပဲ။ NUG သာလျှင် တော်လှန်ရေးကို အောင်မြင်အောင် ဦးဆောင်နိုင်မဲ့ အဖွဲ့အစည်းဖြစ်တယ်၊ NUG အင်အားရှိမှ တော်လှန်ရေး အင်အားရှိမယ်လို့ ယုံကြည် ယူဆလို့ Bond ကို ဝယ်တာပါ။
ဒုတိယချက်အနေနဲ့ကတော့ ကိုယ့် အသက်အရွယ် ခွန်အားအနေအထားအရ ခုလို ငွေကြေးထောက်ပံ့ရေးပိုင်းသာ တတ်နိုင်တာမို့၊ ကိုယ် တတ်နိုင်တဲ့ နေရာကနေပါဝင်ပေးဖို့ Bond ဝယ်ခြင်းဖြစ်ပါတယ်။
နံပါတ်သုံးအချက်ကတော့ ပြည်တွင်း/ပြည်ပ က မြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံကို စေတနာရှိတဲ့ သူတွေအားလုံး Bond ကို တတ်နိုင်သလောက် ဝယ်ပေးခြင်းအားဖြင့် တော်လှန်ရေး အောင်မြင်ဖို့ လိုအပ်တဲ့ ငွေပမာဏ တခုရရှိလာပြီး၊ မကြာမီ ကာလအတွင်း ထိရောက်တဲ့ အရွေ့တခုကို မြင်ရမယ်လို့ ယုံကြည်တာကြောင့် Bond ကို ဝယ်ကို ဝယ်ရမဲ့တာဝန်တခုအနေနဲ့ ယူဆပြီးဝယ်တာပါ။
နောက်ဆုံးအချက်ကတော့ တော်လှန်‌ရေး အောင်မြင်အောင် ပြည်ပနိုင်ငံတွေရဲ့ အကူအညီကို တောင်းခံနေခြင်းထက် ကိုယ့်အား ကိုယ်ကိုးပြီး လုပ်ဆောင်ရမဲ့ အချိန်ရောက်ပြီလို့ ယူဆထားပါတယ် ဒါကြောင့် Bond ကို နိုင်သလောက် ဝယ်ယူနေခြင်းဖြစ်ပါတယ်လို့ ရေးသားပေးပို့ထားပါတယ်။
ပြည်တွင်းပြည်ပမှာ အခုလိုအားတက်သရော ဝယ်ယူမှုတွေရှိနေတဲ့ကြားမှာပဲ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဘဏ္ဍာငွေလိုအပ်ချက်ကတော့ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အာဏာရှင်ကင်းစင်တဲ့နိုင်ငံတော်သစ်ကို ရဲရဲတည်ဆောက်ကြဆိုတဲ့ ယုံကြည်ဟစ်ကြွေးမှုနှင့်အတူ ကျနော်တို့ပြည်သူတွေဟာ အခုလိုပဲ ပြည်သူ့အားပြည်သူကိုးပြီး ရုန်းကန်တိုက်ပွဲမှသည် အောင်ပွဲဆီချီတက်ကြရဦးမှာဖြစ်ပါတယ်။

========================

📌📌တော်လှန်ရေးအင်အားစုတွေကို နှစ်လတာအတွင်း အမေရိကန်ဒေါ်လာ ၆ သိန်းကျော် အထိပံ့ပိုးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ပါတယ်

ပြည်သူ့တော်လှန်ရေးမိသားစုအစီအစဥ်ရဲ့ နှစ်လတာအချိန်ကာလအတွင်းမှာ မိသားစုအဖွဲ့ဝင်ဦးရေ (၄၅၈၆) ဦး ပါဝင်အကျိုးပြုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထည့်ဝင်လာကြတဲ့မိသားစုများရဲ့ ထောက်ပံ့မှုများဟာ အမေရိကန်ဒေါ်လာ ၆၀၈,၆၄၁ ရှိတဲ့အတွက် မြန်မာငွေအားဖြင့် ကျပ်သိန်းပေါင်း (၁၀,၆၅၁) တိတိဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ပြည်သူ့ကာကွယ်ရေးအင်အားစုအသီးသီးဆီ ခွဲဝေဖြန့်ဖြူးပြီးဖြစ်တယ်လို့ဆိုပါတယ်။

များပြားလှတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်များကို လစဉ်ထောက်ပံ့နိုင်ရေး ရည်မှန်းချက်ကိုပြည့်မီရန် များစွာဝေးကွာနေသေးသော်လည်း မိသားစုများရဲ့ လစဥ်ထောက်ပံ့မှုများကြောင့် ကာကွယ်ရေးအဖွဲ့အစည်းများအတွက် လိုအပ်ချက်အချို့ကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး စိတ်ဓါတ်ခွန်အားကိုပါ တိုးမြှင့်စေခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ပြည်သူ့တော်လှန်ရေးမိသားစုအစီအစဉ်ဟာ ကျွန်တော်တို့လို ဖက်ဆစ်စစ်တပ်ကို တော်လှန်ချင်စိတ်တစ်ခုတည်းနဲ့အိမ်က စွန့်ခွာလာသူများအတွက် လက်တွေ့အကျိုးပြုတဲ့အစီအစဉ်ပါပဲ။ မိသားစုများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းမေတ္တာပို့ပေးပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မအာဏာသိမ်းပြီးနောက်ပိုင်း မိမိကိုယ်ကိုခုခံပိုင်ခွင့်အရ ပြည်သူ့ခုခံတော်လှန်စစ်များကို ပြည်သူလူထုတရပ်လုံးက နည်းမျိုးစုံဖြင့်ဆင်နွှဲတိုက်ပွဲဝင်နေကြပါတယ်။ တော်လှန်ရေးအတွက် အဓိကလိုအပ်ချက်မှာ ဘဏ္ဍာငွေဖြစ်ပြီး နည်းပညာအခြေခံတဲ့လှုပ်ရှားမှုပေါင်းစုံနဲ့ ပြည်သူတရပ်လုံးက ပူးပေါင်းထည့်ဝင်နေကြတာကိုလည်းတွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လူငယ်အများစုဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီနဲ့နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်

ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များကို သတင်းမီဒီယာပေါင်း(၄၀) နှင့် မြေပြင်မှ တိုက်ရိုက်ရရှိသော သတင်းအချက်အလက်များကို ဆန်းစစ်လေ့လာစုစည်းထားချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်နေ့အထိ စစ်ကောင်စီတပ်ဘက်က သေဆုံးသူပေါင်းဟာ ၈၃၅၄ ဦးထိရှိခဲ့ပြီဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ရက်စွဲဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုန်ပြန်ထားပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နှင့်တွေ့ဆုံသင့်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ်ကို မလေးရှားကတိုက်တွန်းလိုက်တဲ့သတင်းကို တင်ပြပေးပါ့မယ်

အာဏာသိမ်းစစ်အုပ်စုဘက်က မည်သူမျှပါဝင်ခြင်းမရှိတဲ့ အာဆီယံနိင်ငံခြားရေးဝန်ကြီးများ သီးသန့်စည်းဝေးပွဲကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ဖနွမ်းပင်မှာကျင်းပခဲ့ကြပါတယ်။ အဲ့ဒီပွဲမှာ အာဆီယံရဲ့ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်စွတ်ဟွန်း ( Prak Sokhonn) ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်တာပါ။ စစ်ကောင်စီရဲ့ အာဆီယံဘုံသဘောတူချက်တွေကို လိုက်နာခြင်းမရှိတဲ့အပေါ် ဘေးကျပ်နံကျပ်ဖြစ်နေကြောင်း၊ နွားကရှေ့ကို မရွေ့ဘဲ လှည်းက ရှေ့တိုးလို့မရကြောင်း ပြောခဲ့တဲ့အထိစိတ်ပျက်နေတဲ့ အာဆီယံအလှည့်ကျဥက္ကဌ ဟွန်ဆန်ရဲ့ လက်ထောက်လည်းဖြစ်တဲ့ အထူးကိုယ်စားလှယ်ဟာ ရှေ့လမှာ မြန်မာပြည်ထဲလာရောက်ဖို့ရှိနေပါတယ်။ ဒီခရီးစဉ်ကိုရည်ရွယ်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ယနေ့ အာဆီယံနိုင်ငံခြားရေးဝန်‌ကြီးများအစည်းအဝေးမှာ တိုက်တွန်းသွားပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာပြည်ကိုရောက်ရင် NUG ကိုယ်စားလှယ်များကို တွေ့ဆုံရန်၊ လွှတ် တော်အမတ်များ၊ CSO များ အပါအဝင် အလွှာပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် NUCC နှင့်လည်းတွေ့ဆုံရန်လိုတယ်လို့ တောင်းဆိုခဲ့ကြောင်း မလေးရှားဝန်ကြီးက ၎င်းရဲ့လူမှုကွန်ရက်ပေါ်မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ဒါ့ပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကကျင်းပပြီးစီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြည်သူ့ညီလာခံ ရလဒ်များကိုလည်း သိရှိထားသင့်တယ်လို့ အာဆီယံ အထူးကိုယ်စားလှယ်ကို မလေးရှားဝန်ကြီးက သတိပေးပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ခွင့်မရခဲ့ပေမယ့် အစည်းအဝေးသို့ မိန့်ခွန်းတရပ်ပေးပို့ခဲ့ပါတယ်။ ဒါကိုသူကြည့်ရှုပြီးပြီဖြစ်တယ်လို့လည်းဆိုပါတယ်။ အများသဘောတူထားတဲ့အတိုင်းပဲ အာဆီယံဘုံသဘောတူချက် ငါးရပ်အပေါ် မလေးရှားဘက်က ခိုင်ခိုင်မာမာရပ်တည်နေကြောင်းကိုလည်း အသိပေးပြောဆိုသွားပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ကြားကာလပြည်နယ်အတိုင်ပင်ခံကောင်စီခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ စသည်ဖြင့် အင်အားစုများပါဝင်ပါတယ်။ NUCC ပြည်သူ့ညီလာခံကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပပြီးစီးခဲ့ပြီး ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ပေါ်ပေါက်လာသည်အထိ ကြိုးစားစွမ်းဆောင်နေကြတာလည်းဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment