1st MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၁ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ရဲ့ ခရီးစဉ် နှင့် တွေဆုံ
📌လေတပ်အရာရှိတဦး ပြည်သူ့ဘက်ရပ်တည်လာပြီး စစ်အုပ်စုအတွင်း အချင်းချင်းယုံကြည်မှုပျက်ပြား
📌စစ်ကောင်စီက ယင်းမာပင်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ရဟာတ်ယာဉ်များဖြင့် ပစ်ခတ်သတ်ဖြတ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ရဲ့ ခရီးစဉ် နှင့် တွေဆုံမှုများကို တင်ဆက်ပေးပါ့မယ်

အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေဟာ ဒေါက်တာထွန်းအောင်ရွှေသည် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၆ နှင့် ၂၇ ရက်နေ့များတွင် South Australia State, Adelaide မြို့သို့သွားရောက်ခဲ့ပြီးရမြန်မာနိုင်ငံသားများ၊ မြန်မာနွယ်ဖွားတိုင်းရင်းသားများ၊ ပြည်နယ်လွှတ်တော်အမတ်များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခွင့် ရခဲ့တယ်လို့ သိရှိရပါတယ်။

ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က City of Salisbury ရှိ Carisbrooke Park မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ရန်ပုံငွေရှာဖွေခြင်းနဲ့ NUG Bond ဈေးရောင်းပွဲမှာ ဒေသခံ မိသားစုတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပြီး တက်ရောက်လာတဲ့ဝန်ကြီး The Hon Jing Lee MLC (the Assistant Minister to the Premier of South Australia), လွှတ်တော်အမတ် The Hon Tung Ngo MLC (Australian Labour Party) နဲ့ City of Salisbury မြို့တော်ဝန် Mayor Gillian Aldridge တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါက်တာထွန်းအောင်ရွှေဟာ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှာ United Myanmar Community - South Australia (UMCSA) ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဲဒီဆွေးနွေးပွဲကို ချင်း‌တောင်တန်းဒေသ အဖွဲ့အစည်းတွေရဲ့ ဦးဆောင်သူတွေ၊ လီဆူး၊ ကချင်၊ ကရင်၊ ဗမာ လူမျိုးစုအသီးသီးရဲ့ ဦးဆောင်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ အမြင်ချင်း ဖလှယ်ခဲ့တယ်လို့ NUG အစိုးရရဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

========================

📌📌ဆက်လက်ပီး လေတပ်အရာရှိတဦး ပြည်သူ့ဘက်ရပ်တည်လာပြီး စစ်အုပ်စုအတွင်း အချင်းချင်းယုံကြည်မှုပျက်ပြားနေတဲ့သတင်းတပုဒ်ကိုတင်ပြပေးပါ့မယ်

နေပြည်တော်၊ အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းတွင် လုပ်သက် ၁၇ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် သင်တန်းတက်ရောက်နေသော လေတပ်အရာရှိ DSA အပတ်စဉ်(၅၀) မှ ဗိုလ်ကြီးဇေသူအောင်ဟာ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို သည်းခံနိုင်ခြင်းမရှိတော့ဘဲ ပြည်သူလူထုနှင့်အတူ ရပ်တည်လာခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO - Local PDF) ထံ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် မိသားစုနှင့်အတူ CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး သတင်းများကို ပြည်သူ့ဘက်ခိုလှုံသူရဲ့ လုံခြုံရေးအရ နောက်ကျထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်လိုက်သော ဗိုလ်ကြီးဇေသူအောင်နှင့် မိသားစုကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Locla PDF) တပ်ဖွဲ့က ကောင်းမွန်စွာကြိုဆိုလက်ခံပြီး လုံခြုံ သည့် နေရာ စီစဉ်ပေးထားပြီဖြစ်ပါတယ်။ CDM ပြုလုပ်လာသူ လေတပ် ဗိုလ်ကြီးဇေသူအောင်သည် စစ်ကောင်စီလေတပ်၏ ပထမဦးဆုံးသော CDM အရာရှိတစ်ဦးလည်းဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒုဗိုလ်မှူးကြီးအဆင့်ထိအောင် ၎င်းတို့အကြမ်းဖက်အုပ်စုကို စိတ်ပျက်စွန့်ခွာမှုနဲ့ရင်ဆိုင်နေရပြီး တချိန်တည်းမှာ NON CDM စစ်တပ်အရာရှိတွေကိုလည်း စစ်အုပ်စုကိုယ်တိုင် သံသယအပြည့်နဲ့ ဖမ်းဆီးမှုတွေပြုလုပ်လာနေပါတယ်။ ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့စု (၄၉)မှ ရဲမှူးမြင့်အောင်အား အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး သွားကြောင်း CDM ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် Myanmar Police CDM Channel - MPCC က ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။ နေပြည်တော်မှအပြန်ခရီးမှာ ရဲမှူးမြင့်အောင်အားဖမ်းသွားတာလို့ သိရပြီး အကြောင်းတစုံတရာ မသိရသေးပါဘူး။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အင်းစိန် မှု့ခင်းရဲတပ်ဖွဲ့ (CID) မှ ဒုရဲမှူးကြီးဇော်ဝင်းနှင့် ယင်းမာပင်ခရိုင်မှူး ဒုရဲမှူးကြီးအောင်နွယ်ဦး တို့ကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးကာ စစ်ကြောရေးတွင် စစ်ဆေးနေကြောင်း ပေးပို့လာသော တပ်တွင်း သတင်းရင်းမြစ်များအရ သိရတယ်လို့ Myanmar Police CDM Channel - MPCC က ဖော်ပြပါတယ်။ ဒီဖြစ်စဉ်တွေကိုကြည့်ရင် အကြမ်းဖက်စစ်ကောင်စီကိုယ်တိုင်က ၎င်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေကို ယုံကြည်မှုပျောက်ဆုံးနေပြီး သံသယနဲ့မျက်ခြေမပြတ်စောင့်ကြည့်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်တွေ ပေါ်ပေါက်ရတဲ့အကြောင်းရင်းများထဲက တချက်ကတော့ တပ်တွင်းလျှို့ဝှက်သတင်းအချက်အလက်တွေ စစ်အာဏာရှင်ဆန့်ကျင်ရေးပြည်သူ့တော်လှန်ရေးအင်အားစုများထံ ပေါက်ကြားရောက်ရှိနေသည့်အချက်လည်း ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။

စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) အနေဖြင့် နယ်မြေသတင်းများနှင့် ဖမ်းဆီးရေးဆောင်ရွက်ရာတွင်လည်း သတင်းချပြပေါင်းစပ်မှုမရှိဘဲ အရပ်သားသတင်းပေးများမွေးမြူကာ ရဲများအား ပြန်လည်စောင့်ကြည့်ခြင်းများပြုလုပ်နေတယ်လို့လည်း MPCC က ရေးသားဖော်ပြခဲ့ပါတယ်။
အခုလို တပ်တွင်းသတင်းများ ပေါက်ကြားနေမှုများအပေါ် ထိန်းချုပ်နိုင်ရန် လျှို့ဝှက်အဖွဲ့ငယ်များ ဖွဲ့စည်းကာ အချင်းချင်းစောင့်ကြည့်နေကြောင်း တပ်တွင်းဖရဲသီးများ သတင်းပေးပို့ချက်ကို ကိုးကား၍ MPCC ထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားမှုကို လက်မခံနိုင်တော့ဘဲ အာဏာဖီဆန် CDM ပြုလုပ်ခြင်းတွေ နေ့စဉ်လိုလိုဖြစ်ပေါ်နေတာတွေ့ရသလို အချို့သောတပ်တွင်းနေ ဖရဲသီးများရဲ့ တော်လှန်နည်းပုံစံကလည်း လျှို့ဝှက်သတင်းအချက်အလက်များကို ပြည်သူ့ထံချပြပြီး စစ်အုပ်စုကိုတော်လှန်နေကြတာ ဖြစ်ပါတယ်။

========================

📌📌စစ်ကောင်စီက ယင်းမာပင်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ရဟာတ်ယာဉ်များဖြင့် ပစ်ခတ်သတ်ဖြတ်နေတဲ့သတင်းကိုတင်ပြပေးပါ့မယ်

အကြမ်းဖက်အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချင်းပုန်းရွာနှင့်အနီး၀န်းကျင်ကျေးရွာများရှိ ဒေသခံအချို့နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် စုစုပေါင်း ၁၀ ဦးကျဆုံးခဲ့တယ်လို့ ယင်းမာပင်အခြေစိုက် ရိုးမဖိုက်တာ PDF အဖွဲ့ခေါင်းဆောင်က အတည်ပြုပြောဆိုပါတယ်။ “အလောင်းဆယ်လောင်းတွေ့တာ နားထင်ဖောက်တဲ့ဒဏ်ရာတွေရှိတယ် တချို့ပြေးရင်းလွှားရင်းပစ်ခံရတဲ့ပုံစံမျိုးနဲ့သေတာရှိတယ်”လို့ သူကပြောပြပါတယ်။ စစ်ကောင်စီတပ်များဟာ စစ်ရဟတ်ယာဉ်လေးစီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ချင်းပုန်းရွာဘုန်းကြီးကျောင်းအတွင်း မူကြိုကလေးငယ်များ အပါအ၀င် လူဦးရေ ၁၀၀ ကျော်ကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ကာ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၂ ဦး ကိုလက်ပြန်ကြိုးတုပ်ဖမ်းဆီးခဲ့ကြောင်း ဖမ်းခံရသည့် ရွာသားတစ်ဦးကပြောပါတယ်။ အဆိုပါ အပြစ်မဲ့ကလေးများအား ဓားဓာခံ ဖမ်းဆီးခဲ့မှုအား အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့အနေဖြင့် ဖမ်းဆီးခံထားရသော ကလေးများ၊ ဆရာဆရာမများနှင့် မိဘများအပေါ် တစ်စုံတစ်ရာ ထိခိုက်နိုင်မည်ကို အလွန်အမင်းစိုးရိမ်ပူပန်ကြောင်းအပါအဝင် ယခုကဲ့သို့သောလုပ်ရပ်သည် ပဋိပက္ခကာလအတွင်း ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုဖြစ်သည့်အတွက် အပြင်းအထန် ရှုတ်ချကြောင်း သတိပေးသတင်းထုတ်ပြန်ထားပါတယ်။

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲအချိန်တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့နယ်ရှိ သပြေအေး၊ ကျောက်ပြုတ်ရွာ၊ မိုးကောင်း ရွာကို ရဟတ်ယဥ် ၄ စင်းဖြင့် ပစ်ခတ်နေသဖြင့် ကျေးရွာ ၃ ခုမှ ပြည်သူများ ဝရုန်းသုန်းကား ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောပါတယ်။
"အခု ရွာထဲကိုပါ ရဟတ်ယာဉ်ပေါ်ကနေ စက် သေနတ်နဲ့ရော ဗုံးတွေပါကျဲတာ။ ရွာတည့်တည့်ကို ပစ်နေတာ။ အကုန်ပြေးနေရပြီ။ ရွာ ထဲမှာ ပိတ်မိသူတွေလည်း သေဆုံးတာ များ နိုင်တယ်။ ရဟတ်ယာဉ် ၄ စီးနဲ့ လှည့်ပတ် ပျံသန်းပြီး ပစ် တာ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ မြေပြင်တွင်လည်း စစ်ကောင်စီ စစ်ကြောင်း များက ကျေးရွာများကို ဝင် ရောက် ပြီး ပြည် သူများ၏ နေအိမ်များကို မီးရှို့လျက် ရှိကြောင်း၊ ချင်းပုန်းကျေးရွာလည်း မီး လောင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

“ခုလောလောဆယ် သပြေအေးမှာဘုန်းကြီးကျောင်းကိုမီးရှို့တယ်။ ရွာသားတွေကတော့ထွက်ပြေးရတယ် ။ မနက်က ဝါးစိမ်းတောင်ခြေရင်း ရယ် မိုးကောင်းနဲ့သပြေအေးလမ်းခွဲရယ် ချောင်းဆုံတောပြင်ရယ်မှာ တစ်ဖွဲ့စီလူချပြီး သပြေအေးကိုဝိုင်းထားတဲ့အနေအထားပေါ့“ ဟု ၎င်းကပြောသည် ။
လက်ရှိတွင်သပြေအေးရွာအပါအ၀င်အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာတောစပ်များ ၊ ဆွေမျိုးများရှိရာရွာများသို့ထွက်ပြေးနေကြရကြောင်း ရွာသားများပြောပြချက်အရ သိရပါတယ်။ “ကျနော်တို့အဘွားတွေကတော့ခုထိပြေးနေရတယ် ။ တစ်ရွာလုံးပြေးနေရတာ “ဟု သပြေအေးရွာသားတစ်ဦးကပြောသည် ။ လက်ရှိတွင် ချင်းပုန်းရွာမှ စစ်ကောင်စီတပ်များပြန်ထွက်သွားပြီဖြစ်သော်လည်း ရွာသားများမှာမူ ရွာသို့မပြန်ရဲကြသေး‌ကြောင်း ရိုးမဖိုက်တာ PDF အဖွဲ့ခေါင်းဆောင်ကပြောပါတယ်။ စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းရှိ PDF အဖွဲ့များရှိရာသို့ကုန်းလမ်းဖြင့် စစ်ကြောင်းထိုးရန်မဖြစ်နိုင်သောကြောင့် အခုလိုလေကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း အခုလိုပြောပါတယ်။
“သူတို့လာနိုင်မယ့်လမ်းကြောင်းတွေဆိုရင်လေကြောင်းတခုပဲသုံးနိုင်မှာဖြစ်တဲ့အတွက် တစ်စီးကရမ်းသမ်းပြီးကျေးရွာတွေဆီပစ်တယ် ထိတ်လန့်ပြီးတော့ ပြေးလွှားနေချိန်မှာတစ်စီးကရဟတ်ယာဉ်နဲ့ လူချတယ် ။ အဲ့ဒီပုံစံနဲ့ ဝေဟင်ရော မြေပြင်ရော ခပ်စိပ်စိပ်သုံးပြီးတော့ထိုးစစ်ဆင်တာ”ဟု ၎င်းကပြောပါတယ်။ လက်ရှိတွင် စစ်ကောင်စီက ရမ်းကားပစ်ခတ်မှုကြောင့် ချင်းပုန်းရွာ ၊ ချောင်းကောက် ၊ ကျောက်ပြုတ် ၊ညောင်ကိုင်းသုံးရွာ အပါအ၀င် အနီး၀န်းကျင်ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ တစ်သောင်းကျော်ရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ခေါင်းဆောင်များထံမှ သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment