28th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊က စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်
📌"ပြည်သူလူထုပိုင်အိုးအိမ်များအား မတရားချိတ်ပိတ်သိမ်းဆည်းနေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်”
📌နယူးယောက်တွင် NUG ငွေတိုက်စာချုပ်ရောင်းချပွဲ ၃ နာရီအတွင်း ဒေါ်လာ တစ်သိန်းခြောက်သောင်းကျော်ဖိုး ရောင်းချနိုင်ခဲ့
📌ထူးခြားကမ္ဘာ့သတင်းတပုဒ်အနေနဲ့ ယူကရိန်းကိုကျူးကျော်နေတဲ့ ရုရှကိုပိတ်ဆို့နိင်ရေးအတွက် အထွေထွေညီလာခံကြီးကျင်းပမည်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊က စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ပေါ်ပေါက်သော စစ်ဖက်ဆိုင်ရာ အမှုအခင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန်၊နစ်နာသူများ တရားမျှတမှုရှိစေရန်နှင့် ဥပဒေစိုးမိုးရေး ဖော်ဆောင်ရန် ရည်ရွယ်လျက် "စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်"ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကော်မရှင်အား၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့က ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဝန်ကြီးဌာန (၃၆) ကြိမ်မြောက် အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊CDM တရားရေးဝန်ထမ်းများ၊ ဥပဒေကျွမ်းကျင်ပညာရှင်များ တိုးချဲ့ပါဝင်ဖွဲ့စည်းကာ တိုင်ကြားလာသော အမှုအခင်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိသည်။

အမှုအခင်းဖြစ်ပွားသော ဒေသများတွင် လိုအပ်ပါက ခရိုင်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်များ ဖွဲ့စည်း တာဝန်ပေးအပ်သွားမည် ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူများအား စစ်ဖက်တရားစီရင်မှုစနစ်အရလည်းကောင်း၊ အရပ်ဖက်တရားစီရင်မှုစနစ်အရလည်းကောင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။

စစ်ဖက်နှင့်ပတ်သက်သော အမှုအခင်းများပေါ်ပေါက်ပါက စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်၊ cicmc@mod.nugmyanmar.org သို့ ဆက်သွယ် သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟူ၍ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြေင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

========================

📌📌"ပြည်သူလူထုပိုင်အိုးအိမ်များအား မတရားချိတ်ပိတ်သိမ်းဆည်းနေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်” တရပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၂ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ရက်စွဲဖြင့် အောက်ပါအတိုင်း ထုတ်ပြန်လိုက်ပါတယ်။

“ပြည်သူလူထုပိုင်အိုးအိမ်များအား မတရားချိတ်ပိတ်သိမ်းဆည်းနေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်”

လတ်တလောကာလများအတွင်း အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ မတရားအာဏာလုယူမှုကို ဆန့်ကျင်သော၊ မိမိတို့၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးလျက်ရှိသော ပြည်သူလူထု၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို Telegram ကဲ့သို့သော လူမှုကွန်ယက်များတွင် ရေးသားဖော်ထုတ်၍ အကြမ်းဖက်ရန်လှုံ့ဆော်မှုများ ပျံ့နှံ့လာပြီး၊ အဆိုပါ လှုံ့ဆော်မှုများနှင့် ချိတ်ဆက်၍ ပြည်သူလူထုပိုင်ဆိုင်သော အိုးအိမ်စည်းစိမ်များကို မတရားသဖြင့် ချိတ်ပိတ် သိမ်းဆည်းမှုများ နေ့စဉ်ရက်ဆက် ပြုလုပ်လာသည်ကို တွေ့ရပါသည်။ အဆိုပါ ဆောင်ရွက်နေမှုများသည် တရားဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူလူထုအပေါ် သူရဲဘောကြောင်စွာ ညစ်ထေးသော နည်းလမ်းဖြင့် စနစ်တကျ ဖိနှိပ်လာသော လုပ်ရပ်များ ဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပြင်းထန်စွာရှုတ်ချပါသည်။

ထိုကဲ့သို့ ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် မတရားဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူ လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းသည် မိမိ၏ပါဝင်ပတ်သက်မှု အတိုင်းအတာပေါ်မူတည်၍ တာဝန်ယူ၊ တာဝန်ခံရစေရေး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ကျူးလွန်ခံရသော ပြည်သူများအနေဖြင့် ကျူးလွန်မှုတွင်ပူးပေါင်းပါဝင်ပတ်သက်သူများ၏ အချက်အလက်များနှင့် မတရားချိတ်ပိတ် သိမ်းဆည်းခံရသည် အိုးအိမ်ပိုင်ဆိုင်မှုစာရင်းများကို သက်သေများနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ https://mohai.nugmyanmar.org ရှိ အမှုဖွင့်တိုင်ကြားရန်နေရာတွင် တိုင်ကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပြည်သူများ၏ ပေးပို့တိုင်ကြားမှုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တွင် အမှုထမ်းလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များ၏ စုံစမ်းစစ်ဆေး ဖော်ထုတ်မှုများကို အခြေခံ၍ အဆိုပါ ကိစ္စရပ်များအား တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိုင်ငံတော်၏အာဏာကို တရားမဝင်လုယူထားသော အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် စစ်အုပ်စု၏ ဆောင်ရွက်နေမှုများအားလုံးသည် တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့်အတွက် မည်သည့်သက်ရောက်မှုမျှမရှိဘဲ ပျက်ပြယ်ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် အထက်ပါ နေအိမ်ချိတ်ပိတ်သိမ်းဆည်းခံရမှုများ အားလုံးသည်လည်း ကျူးလွန်ခံရသည့် ပြည်သူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းအပေါ် သက်ရောက်မှုမရှိစေရဘဲ မည်သည့်ဆုံးရှုံးမှုမျှ မရှိစေရေးနှင့် အသွင်ကူးပြောင်းမှုကာလ တရားမျတမှုဖော်ဆောင်ရေးအစီအစဉ်များအကောင်အထည်ဖော်ချိန်တွင် ဥပဒေမဲ့သိမ်းဆည်းခံရသည့် ပြည်သူများ၏ အိုးအိမ်ပိုင်ဆိုင်မှုများကို ပြည်သူ့လက်ရောက် ပြန်လည်ပေးအပ်နိုင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဦးစားပေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ဟူ၍ မတရားချိတ်ပိတ်သိမ်းဆည်းနေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက် တရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

========================

📌📌နယူးယောက်တွင် NUG ငွေတိုက်စာချုပ်ရောင်းချပွဲ ၃ နာရီအတွင်း ဒေါ်လာ တစ်သိန်းခြောက်သောင်းကျော်ဖိုး ရောင်းချနိုင်ခဲ့တဲ့သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Queens ရပ်ကွက်၊ Flushing Town Hall တွင် ဖေဖေါ်ဝါရီလ ၂၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ငွေတိုက်စာချုပ်များကို ရောင်းချပေးခဲ့ပြီး ၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေတိုက်စာချုပ်ကို မြန်မာပြည်ဖွား ပြည်သူ ၃၀၀ ခန့်က ဝယ်ယူအားပေးခဲ့ကြပြီး ပွဲစီစဉ်သူများက NUG ကိုယ်စား အမှတ်တရလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ငွေတိုက်စာချုပ်ပေါင်း ၅ သောင်းနီးပါး ရှိနေပြီး အကြမ်းဖက်စစ်အာဏာရှင် ဖြုတ်ချရေးတွင် တော်လှန်ရေးရဲဘော်များထံ ထောက်ပို့အပိုင်းရော ရင်ဆိုင်မှုအပိုင်းတွေမှာပါ လုံလောက်တဲ့ ပံ့ပိုးမှု ပေးနိုင်ရန် ငွေတိုက်စာချုပ် ဝယ်ယူပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။ဒါ့အပြင် ပြည်သူများအနေနဲ့လည်း Bond ID များဟာ Form B မတင်ရသေးသူများနဲ့၊ တင်ပြီး အမှားပါလို့ ပြန်တင်ပေးရန် အီးမေးလ်ပို့ထားသော်လည်း ပြန်လည်မတင်ရသေးသူများ ဖြစ်ပါတယ်။ ဘွန်းထုတ်ပေးနိုင်ရန်အတွက် Form B အမြန်ဆုံး တင်ပေးကြပါရန် ထပ်မံတိုက်တွန်းလိုက်ရပါတယ်။

========================

📌📌ထူးခြားကမ္ဘာ့သတင်းတပုဒ်အနေနဲ့ ယူကရိန်းကိုကျူးကျော်နေတဲ့ ရုရှကိုပိတ်ဆို့နိင်ရေးအတွက် အထွေထွေညီလာခံကြီးကျင်းပမယ့်အကြောင်း တင်ဆက်ပေးပါ့မယ်

ရုရှက ယူကရိန်းနိုင်ငံအပေါ် ဝင်ရောက်ကျူးကျော်မှုကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့အတွက် အခုဆိုရင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အထူး ဆွေးနွေးပွဲ တစ်ရပ် ကျင်းပကြတော့မှာဖြစ်ပါတယ်။ တနင်္လာနေ့မှာ ဆွေးနွေးမယ့် ဒီအထွေထွေညီလာခံဟာ ထူးခြားတဲ့ ရှားရှားပါးပါးဖြစ်စဉ်တခုဖြစ်ပြီး ဒီအထွေထွေညီလာခံအတွက် လုံခြုံရေးကောင်စီမှာဆွေးနွေးစဉ်ကတော့ ကျူးကျော်သူရုရှဟာ တနိုင်ငံတည်းကန့်ကွက်မဲပေးခဲ့ပါသေးတယ်။ ညီလာခံမှနေပြီး မော်စကိုအစိုးရကို ကမ္ဘာလုံးဆိုင်ရာ ဝိုင်းဝန်းပိတ်ဆို့ရေးအထိ အရေးယူနိုင်ဖို့ရည်ရွယ်ချက်ထားရှိတယ်လို့သိရပါတယ်။ ရုရှားမှာ ဗီတို အာဏာ ရှိတယ်လို့ ဆိုပေမယ့် ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေ အရ စစ်ပွဲနဲ့ ပတ်သက်ပြီး အထွေထွေ ညီလာခံကို လွှဲပြောင်း ပေးတဲ့ ကိစ္စမျိုးမှာ ဗီတို သုံးလို့ မရနိုင်ပါဘူး။ ရုရှား သံအမတ်ကြီး ဗာ့စ်ဆီလီ နီဘင်ဇယာက “အဆိုမူကြမ်းကို မဲခွဲကြဖို့ ဖြစ်ပါတယ်။ မူကြမ်းနဲ့ ပတ်သက်ပြီး သဘောတူတဲ့သူတွေ လက်မြှောက်ကြပါလို့ ပြောတဲ့ အခါ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၁၁ နိုင်ငံက လက်မြှောက်ကြပါတယ်။ ရုရှကတော့ သူ့နိုင်ငံကိုအရေးယူမှာသိတဲ့ ညီလာခံအတွက် သူကိုယ်တိုင်ကန့်ကွက်ပေမယ့် ကြားနေကတော့ သုံးနိုင်ငံရှိခဲ့ပါတယ်။ တဖက်မှာလည်း ဘယ်လာရုစ်နိုင်ငံနယ်စပ်မှာ ကနဦးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ကာနီးမှာပဲ သွားရေးလာရေးအခက်အခဲနှင့်လုံခြုံရေးအကြောင်းတွေကြောင့် နှောင့်နှေးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံခဲ့ပေမယ့် ယူကရိန်း သမ္မတ ဇယ်လန်စကီး ကိုယ်တိုင်က အဲဒီ စကားဝိုင်းကနေ အပြုသဘော ဆောင်တဲ့ ရလဒ်မျိုး ထွက်ပေါ်လာမလား ဆိုပြီး ယုံကြည်မှု ရှိမနေဘူးလို့ ဆိုထားပါတယ်။ ယူကရိန်းပြည်သူတွေဟာ ရုရှရဲ့ အင်အားသာလွန်တဲ့ကျူးကျော်စစ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေကြဆဲပါပဲ။
တနင်္ဂနွေနေ့က တိုက်ပွဲ အခြေအနေတွေကတော့ ယူကရိန်းဟာ လေကြောင်း တိုက်ခိုက်မှုတွေ ပိုပြီး ခံလာရပါတယ်။ ရုရှား ဒုံးကျည်တချိူ့ဟာ ဘေလာရုစ် နိုင်ငံထဲကနေ တက်လာတာ ဖြစ်တယ်လို့ ယူကရိန်း အာဏာပိုင်တချို့က ပြောပါတယ်။ ရုရှား စစ်သားတွေ အကျအဆုံး ရှိနေတယ် ဆိုတဲ့ အကြောင်းကို မော်စကို ဘက်ကလည်း စတင် ဝန်ခံ ပြောဆိုလာပါတယ်။ ဒါပေမယ့် အရေအတွက် အတိအကျကို ပြောဆိုတာမျိုးတော့ မရှိပါဘူး။
ရုရှား နိုင်ငံ အနှံ့မှာလည်း ယူကရိန်းအပေါ် ကျူးကျော်စစ်ကို ရုရှပြည်သူတွေကိုယ်တိုင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေရာမှာ မနေ့ တနင်္ဂနွေနေ့ တစ်ရက်တည်းမှာတင် စုစုပေါင်း လူ အယောက် ၂၀၀၀ ဝန်းကျင်ကို ရုရှားရဲတွေ ဖမ်းဆီး ခဲ့ပါတယ်။ ဒါကြောင့်စစ်ဆန့်ကျင်ရေးရုရှား ပြည်သူ အယောက် ၅၀၀၀ ထက် မနည်း ဖမ်းဆီး ခံထားရပြီး ဖြစ်ပါတယ်။ ရုရှနိုင်ငံတွင်းမှာသာ ပူတင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေနှင့် ဖမ်းဆီးမှုတွေပေါ်ပေါက်နေတာ မဟုတ်ပါဘူး။ ပူတင်ရဲ့မဟာမိတ် ဘေလာရုစ်နိုင်ငံ မြို့တော် မင့်စ်(ခ) မှာလည်း လူတွေ ရာပေါင်းများစွာ စုဝေးပြီး ယူကရိန်း အဓွန့်ရှည်ပါစေ ကြွေးကြော် ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ပြီး စစ်ဆန့်ကျင်သူတွေဟာဘေလာရုစ် အာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကိုခံနေရပါတယ်။ အခုဆိုရင် ခေတ်သစ်ကမ္ဘာကြီးမှာ မိုက်မဲလွန်းတဲ့ကျူးကျော်စစ်ကို ဆင်နွှဲခဲ့တဲ့ ရုရှားဟာ ကုလသမဂ္ဂအဖွဲ့ အထွေထွေညီလာခံမှ ဆုံးဖြတ်အတည်ပြုလာနိုင်မယ့် ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့မှုကြီးကို ထပ်မံရင်ဆိုင်ရဖို့ရှိနေပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment