1st MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၁ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ICJ တရားရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပက်သက်တဲ့ နှစ်ဖက်လျှောက်လဲကြားနာမှုတွေ ပြီးဆုံးသွား
📌ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက စားနပ်ရိက္ခာဆိုင်ရာစီမံမှု အထူးပန်ကြားလွှာ
📌ဖားကန့်မြို့နယ်အတွင်း စစ်​ကောင်စီ ထုတ်ကုန်​များ ရောင်းဝယ်သယ်​​ဆောင်ခြင်း မပြုရန် ကေအိုင်​အေ တားမြစ်
📌ဖေဖော်ဝါရီလအတွက် နွေဦးထီ ထီပေါက်စဉ် ထွက်ရှိ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ICJ တရားရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပက်သက်တဲ့ နှစ်ဖက်လျှောက်လဲကြားနာမှုတွေ ပြီးဆုံးသွားပြီဖြစ်ပါတယ် ဒီအကြောင်းပြောပြပေးပါ့မယ်

ဖေဖေါ်ဝါရီလ ၂၁ ကနေ ၂၈ ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနှင့် မြန်မာစစ်ကောင်စီအဖွဲ့ နှစ်ဖက်လျှောက်လဲခဲ့ကြတာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုအနေနဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ် မကျူးလွန်ဘူး အဓိကအကြောင်းအရာအပေါ် ကြားနာနေတာမဟုတ်သေးဘဲ ဂမ်ဘီယာနိုင်ငံအနေနဲ့ စွဲဆိုတဲ့ဒီအမှုကို အိုင်စီဂျေအနေနဲ့ လက်ခံစီရင်ဖို့ သင့်မသင့် နှစ်ဖက်လျှောက်လဲကြတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒီအမှုကို ဂမ်ဘီယာနိုင်ငံအနေနဲ့ စွဲဆိုခွင့်မရှိဘူးဆိုတဲ့ လျှောက်လဲချက်ကို ဖေဖေါ်ဝါရီလ ၂၁ မှာ စစ်အုပ်စုဘက်က စတင်လျှောက်လဲခဲ့ပြီး ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာတော့ ဂမ်ဘီယာနိုင်ငံဘက်က တန်ပြန်လျှောက်လဲချက်ပေးခဲ့ပါတယ်။ ဆက်လက်ပီး ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီဘက်က အပြီးသတ်တင်ပြ လျှောက်လဲတာကိုလည်း ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာတော့ ဂမ်ဘီယာအဖွဲ့ဟာ ၎င်းတို့ရဲ့ ရိုဟင်ဂျာတွေအပေါ် စာနာကာကွယ်လိုစိတ်နဲ့ တင်သွင်းတဲ့အမှုကို အိုင်စီဂျေက ကြားနာစီရင်ထိုက်တင်္ယလို့ အပြီးသတ်လျှောက်လဲတင်ပြခဲ့ပြီးကြပြီဖြစ်ပါတယ်။ စစ်အုပ်စုဘက်က လျှောက်လဲချက်မှာ အဓိက အချက်လေးချက်ပါဝင်ခဲ့တာတွေ့ရပြီး အိုအိုင်စီရဲ့ ကိုယ်စားလှယ်အနေနဲ့ ဂမ်ဘီယာစွဲဆိုမှုဟာ မဖြစ်သင့်ကြောင်း၊ ဂမ်ဘီယာဟာ ဒီအမှုမှာ တိုက်ရိုက်နစ်နာတဲ့နိုင်ငံမဟုတ်လို့ တရားစွဲခွင့်မရှိကြေင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးပဋိညာဉ်စာချုပ်ကို လက်မှတ်ထိုးစဉ်က ခြွင်းချက်ထားရှိခဲ့တဲ့ ပုဒ်မ ၈ အရလည်း ဒီအမှုကိုစွဲလို့မရကြောင်း၊ ဒ့ါအပြင် ဂမ်ဘီယာနှင့် တိုက်ရိုက်အငြင်းပွားမှုပြဿနာမရှိတာမို့လို့ အိုင်စီဂျေဘက်က ဒီအမှုကိုစီရင်ဆုံးဖြတ်ခွင့်မရှိကြောင်း တင်ပြသွားတာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံ ဘက်ကတော့ သူတို့နိုင်ငံနှင့် စစ်အုပ်စုတို့ကြားအငြင်းပွားမှုရှိခဲ့ကြောင်း၊ အထောက်အထားတွေတင်ပြနိုင်ကြောင်း၊ သူတို့ဟာ တိုက်ရိုက်နစ်နာသူတွေမဟုတ်ပေမယ့် လူမျိုးတုန်းသတ်ဖြတ်မှုလိုအမှုကြီးကို နိုင်ငံတိုင်းက ကာကွယ်ပေးရမယ်ဆိုတဲ့တာဝန်သိစိတ်အရ တရားစွဲခွင့်ရှိကြောင်း ပြန်လည်ထောက်ပြ လျှောက်လဲသွားခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဂမ်ဘီယာနိုင်ငံရဲ့ နောက်ဆုံးနေ့က လျှောက်လဲချက်မှာပါဝင်တာကတော့ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့အချက်ကိုလည်း ဒီလူမျိုးတုန်းသတ်ဖြတ်ခြင်းအမှုအပေါ် မသက်ရောက်စေသင့်ဘူးလို့ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာဘက်က လျှောက်လဲချက်တွေဟာ ၂၀၁၉ ခုနှစ်က အချက်အလက်တွေသာဖြစ်ပြီး မည်သည့်အချက်အလက်အသစ်မျှ မပါဝင်လာတာမို့ ထပ်မံစဉ်းစားစရာတောင်မရှိဘူးလို့ ဂမ်ဘီယာနိုင်ငံက ထောက်ပြသွားတာကိုလည်း တွေ့ရပါတယ်။ ဒီအမှုနဲ့ပက်သက်လို့ အချိန်ကြာလေလေ ရိုဟင်ဂျာဘဝတွေက ပိုထိခိုက်နိုင်လေလေဖြစ်နေလို့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့လိုကြောင်း ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့က သတိပေးလျှောက်လဲသွားပါသေးတယ်။ အိုင်စီဂျေအနေနဲ့ မြန်မာ့ဘက်က ကနဦးကန့်ကွက်လွှာအားလုံးကို ပယ်ချရမယ်။ အိုင်စီဂျေဟာ ဒီအမှုကို စီရင်ခခွင့်ရှိသလို ဂမ်ဘီယာကလည်း တရားစွဲခွင့်ရှိတယ်ဆိုတာ ဆုံးဖြတ်သင့်တယ်၊ ဒီအမှုကို အမြန်ဆုံးဆက်လက်ကြားနာရမယ် စသဖြင့် အပြီးသတ်လျှောက်လဲချက်များ ဂမ်ဘီယာဘက်က တင်ပြသွားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ မြန်မာဘက်က ကနဦးကန့်ကွက်ချက်တွေအားလုံးကို ရုပ်သိမ်းပါတယ်လို့ အိုင်စီဂျေကို တင်ပြထားတာဖြစ်ပါတယ်။

========================

📌📌ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက စားနပ်ရိက္ခာဆိုင်ရာစီမံမှု အထူးပန်ကြားလွှာ ထုတ်ပြန်

ပြည်သူအချင်းချင်းမျှဝေမှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကြားကန်ပေးဖို့ အပါအဝင် စားနပ်ရိက္ခာဆိုင်ရာ စီမံမှု အထူးပန်ကြားလွှာ ကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ဒီကနေ့ ၂၀၂၂ ခုနှစ်၊မတ်လ ၁‌ နေ့မှာထုတ်ပြန်လိုက်ပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ စစ်ရေးဆိုင်ရာ ထိတွေ့တိုက်ခိုက်မှုတွေကြောင့် လူဦးရေ ၁၇၀၀၀၀ ထက် မနည်း တဲ့ ပြည်သူလူထုဟာ ပြည်နယ်အတွင်းနဲ့ အခြားတိုင်းနဲ့ ပြည်နယ်အတွင်းသို့ စစ်ဘေးရှောင် ဘ၀အဖြစ် ထွက်ပြေး ခိုလှုံနေကြရပါတယ်။စစ်ဘေးရှောင် ပြည်သူများအစုဟာမိမိတို့ရဲ့ နေအိမ်ကျေးရွာတွေကနေ အလျှင် စလို စွန့်ခွာ ထွက်ပြေးရတာဖြစ်လို့စားနပ်ရိက္ခာနဲ့အိမ်သုံးပစ္စည်း အနည်းငယ်သာ ယူဆောင်နိုင်ခဲ့သလို စစ်ဘေးရှောင်ပြည်သူ အများစုဟာ စားနပ်ရိက္ခာ အနည်းငယ်နဲ့ ယာယီ စစ်ရှောင် စခန်းတွေမှာ ရပ်တည်နေကြရတာ ဖြစ်ပါတယ်။

ပြည်သူလူထု အချင်းချင်း အချိန်ကာလ အတန်ကြာတဲ့အထိ ရိုင်းပင်း ပံ့ပိုးကြတာကိုလည်း ဂုဏ်ယူတယ်လို့ KSPPက ထုတ်ပြန်ခဲ့ပြီးအခု အချိန်မှာတော့ လူသားချင်း ဆိုင်ရာ စာနာထောက်ထားမှု လွှမ်းခြုံနိုင်မှု ယခင်ကာလထက် ပိုမိုကြပ်တည်းလာနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၂ နှစ်ဦးပိုင်း ကာလ ထောက်ပံ့မှုတွေ ပိုမို လျော့နည်းလာတာကို တွေ့ရှိရလို့ စစ်ရှောင်တွေ၊ ပြည်သူတွေ သတိပြုလိုက်နာဖို့ KSCC က စားနပ်ရိက္ခာ ဆိုင်ရာ အစီအမံအတွက် အကြံပြုချက်တွေ ပန်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီ ပန်ကြားချက်တွေမှာ စားနပ်ရိက္ခာ စာရင်းတွေ ပြုစုထားဖို့၊ ဆန်၊ စပါး၊ ပြောင်းနဲ့ ပဲအမျိုးမျိုးတို့ကို စနစ်တကျ စုဆောင်းသိုလှောင်ထားဖို့၊ မိသားစုဝင်တွေအတွက် သုံးရက်စာ ဆန်၊ ဆီ၊ ဆားနဲ့ အခြေခံ ဆေးဝါးတွေကို စနစ်တကျ ထုတ်ပိုး စုဆောင်းထာဖို့ ပါရှိပါတယ်။

ဒါ့အပြင် ပြည်သူလူထု အချင်းချင်း အပြန်အလှန် မျှဝေ ကူညီမှုနဲ့ ကနဦး စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကြားခံပေးဖို့ ၊ စားနပ်ရိက္ခာ ပြတ်တောက်ရင် နီးစပ်ရာ ကျေးရွာကော်မတီနဲ့ စစ်ဘေးရှောင် စခန်းကော်မတီတွေထံ ချက်ခြင်း အကြောင်းကြားဖို့ ၊ သက်ကြီး ရွယ်အို နာမကျန်းလူနာ၊ ၁၆နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေကို ဦးစားပေးဖို့ KSCCက ပန်ကြားထားပါတယ်။

ဆန်ရေစပါး အမျးအပြား အသုံးပြုရတဲ့ မွေးမြူရေးလုပ်ငန်းတွေနဲ့ သရေစာထုတ်ကုန်လုပ်ငန်းတွေကို ရပ်ဆိုင်း ထားဖို့ ပန်ကြားကြောင်းလည်း KSCCက ထုတ်ပြန်ခဲ့ပါတယ်။

========================

📌📌ဖားကန့်မြို့နယ်အတွင်း စစ်​ကောင်စီ ထုတ်ကုန်​များ ရောင်းဝယ်သယ်​​ဆောင်ခြင်း မပြုရန် ကေအိုင်​အေ တားမြစ်

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီ၏ ဦးပိုင်နှင့် ကျောထောက်နောက်ခံဖြစ်သည့် အရက်ဘီယာများ၊ ဆောက်လုပ်ရေးသုံး ဆင်မင်းဘီလပ်မြေများကို မတ် ၂၀ ရက်နေ့ နောက်ဆုံးထားပြီး သယ်ယူရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် ကေအိုင်အို ဖားကန့်ခရိုင်အုပ်ချုပ်ရေးရုံးမှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ထားသည်။
သတ်မှတ်ထားသည့် ရက်နောက်ပိုင်း ၎င်းပစ္စည်းများကို လက်လီလက်ကား ရောင်းဝယ်ဖောက်ကားသည့် ဆိုင်များနှင့် သယ်ယူပို့ဆောင်သော ယာဥ်များကို ထိရောက်စွာ အရေးယူတားမြစ်ပိတ်ပင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။ကေအိုင်အို၏ ဖားကန့်ခရိုင်အုပ်ချုပ်ရေး နယ်မြေအတွင်း ဖားကန်မြို့နယ်၊ ကာမိုင်းမြို့နှင့် အင်းတော်ကြီးဒေသများပါဝင်သည်။ ကချင်ပြည်နယ် အချို့မြို့နယ်များတွင်လည်း စစ်ကောင်စီပိုင် ထုတ်ကုန်များ ရောင်းဝယ်ဖောက်မှုများ မပြုလုပ်ရန် ကေအိုင်အိုမှ တားမြစ်သတိပေးစာများ ထုတ်ပြန်ခဲ့ပြီးနောက် လက်တွေ့အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါတယ်။တဆက်တည်းမှာပဲမြစ်ကြီးနား - ပူတာအိုလမ်းတွင် စက်သုံးဆီနှင့် ကုန်တင်ယာဉ်များကို မတ်လ ၂ရက်နေ့မှ စပြီး မနက် ၆ နာရီမှ ညနေ ၅နာရီအတွင်း မြစ်ကြီးနား - ပူတာအိုလမ်းတွင် ပြန်လည်သယ်ဆောင်ခွင့်ပြုပြီ ဖြစ်ကြောင်း Putao PDF မှထုတ်ပြန်လိုက်ပါတယ်။ ခရီးသည်များကိုတော့ တင်ဆောင်ခွင့်မပြုသေးကြောင်း ပါရှိပါတယ်။
ယခင်ထုတ်ပြန်ချက်များတွင် တားမြစ်ထားတဲ့ စစ်ကောင်စီထုတ်ကုန်များနဲ့ စစ်ကောင်စီနှင့်ပတ်သက်တဲ့ လူ၊ ကုန်ပစ္စည်းများကို တင်ဆောင်ခွင့် မပြုကြောင်းနဲ့ မနက် ၆ နာရီကနေ ညနေ ၅ နာရီအတွင်းသာ သွားလာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

========================

📌📌ဖေဖော်ဝါရီလအတွက် နွေဦးထီ ထီပေါက်စဉ် ထွက်ရှိပြီဖြစ်တဲ့သတင်းကို တင်ပြပေးပါ့မယ်။

မိဘပြည်သူများရဲ့ ဝန်းရံမှုနှင့်အတူ တော်လှန်ရေးထီ နွေဦးထီရဲ့ အပတ်စဉ် (၄) ကို ဖွင့်လှစ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အောင်လံလွှင့်ချီ နွေဦးထီ၏ ဖေဖော်ဝါရီလအတွက် ကံထူးရှင်ရွေးချယ်ခြင်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ထီလက်မှတ်များအား ကျပန်းစနစ်ဖြင့် ငွေကျပ် သိန်း (၁၀၀) အထူးဆုတစ်ဆု နှင့် ငွေကျပ် (၁၅) သိန်းဆု (၅၃) ဆုတို့အား ရွေးချယ်ဖွင့်လှစ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလအတွက် ထီပေါက်စဉ်အား ၂၀၂၂ ခုနှစ် မတ်လ ၁ ရက် ဒီကနေ့ မနက် (၁၀:၀၀) အချိန်ကစလို့ အောင်လံလွှင့်ချီနွေဦးထီ Facebook Page ၏ Messenger Chatbot မှ တဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ထီပေါက်စဉ်အား https://nuglottery.com/HWLottery/WinnerIndex မှတဆင့် တိုက်ဆိုင် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

မတ်လအတွက် နွေဦးထီလက်မှတ်များအားလည်း ယနေ့မှစ၍ ပြန်လည်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းနဲ့နွေဦးထီ ကိုအားပေးရင်း၊ နွေဦးတော်လှန်ရေးမှာအားဖြည့်ပေးကြရန်လည်း နွေဦးထီမိသားစုက အောင်လံလွှင့်ချီနွေဦးထီ Facebook Page ကတစ်ဆင့် မိဘပြည်သူများထံ တိုက်တွန်းနှိုးဆော်ထားပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment