သတင်းခေါင်းစဉ်များ -
📌ဝါရှင်တန်က အိမ်ရှင်အဖြစ်နဲ့ အာဆီယံခေါင်းဆောင်များကိုဖိတ်ခေါ်ပီး အထူးညီလာခံကျင်းပဖို့ရှိ
📌ထန်တလန်မြို့ကို စစ်ကောင်စီက ၂၆ ကြိမ်မြောက်အဖြစ်ထပ်မံမီးရှို့
📌စစ်အုပ်စုတွေ လက်နက်ကိုင်ပြည့်နှက်နေတဲ့ကြားမှာပဲ ရန်ကုန်မြို့မှာ ဒုစရိုက်မှုတွေထူပြောနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ဝါရှင်တန်က အိမ်ရှင်အဖြစ်နဲ့ အာဆီယံခေါင်းဆောင်များကိုဖိတ်ခေါ်ပီး အထူးညီလာခံကျင်းပဖို့ရှိနေတဲ့အကြောင်း ဦးစွာတင်ပြပေးပါ့မယ်
အမေရိကန်သမ္မတနှင့် အာဆီယံခေါင်းဆောင်များအကြား အထူးထိပ်သီးညီလာခံကို ယခုမတ်လလကုန်တွင် ဝါရှင်တန်၌ လက်ခံကျင်းပဖို့ပြင်ဆင်နေတဲ့အကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ကြေညာလိုက်ပါတယ်။ ဒေသတွင်းနိုင်ငံများမှာ တရုတ်ရဲ့ ကြီးထွားလာနေတဲ့ ပါဝါချိန်ခွင်လျှာကိုတန်ပြန်ရန် အရေးပါသော ကြိုးပမ်းမှုအဖြစ် ရည်ရွယ်တာလည်းဖြစ်ပါတယ်။ အဆိုပါ အိမ်ဖြူတော်ထိပ်သီးညီလာခံကို ယခုနှစ်အစောပိုင်းတွင် ကျင်းပရန် မျှော်မှန်းခဲ့သော်လည်း COVID-19 ကြောင့် ကြန့်ကြာခဲ့ပါတယ်။ အခုတော့ မတ်လ ၂၈ နှင့်၂၉ ရက်တွင် ကျင်းပနိုင်တော့မယ်လိ့ အတည်ပြုကြေညာခဲ့ခြင်းဖြစ်ပါတယ်။ ရုရှက ယူကရိန်းနိုင်ငံကို အတင်းဝင်ရောက်ကျူးကျော်နေမှုကြောင့် ဥရောပနိုင်ငံများအကြား နေတိုးတပ်ဖွဲ့တွေ အဆင်သင့်အနေအထားပြင်ဆင်နေကြတာရှိသလို အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း သံမဏိစိတ်ဓာတ်နှင့်ကာကွယ်သွားကြဖို့ ကတိပေးပြောဆိုမှုတွေလည်း ရှိလာနေပါတယ်။ ဒီအချိန်မှာပဲ တရုတ်နိုင်ငံဟာ ရုရှကိုအားကျပြီး ထိုင်ဝမ်ကိုဝင်တိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေလည်း မြင့်တက်လာနေချိန်ဖြစ်ပါတယ်။ အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီဟာ တရုတ်နှင့်ရုရှရဲ့ ကျောထောက်နောက်ခံကို အားပြုပြီး စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတာဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်ချက်တွေခိုင်ခိုင်မာမာရှိနေပါတယ်။ တရုတ်ကော အမေရိကန်ကော အာဆီယံကပါ ဘုံသဘောတူချက်ငါးချက်ကို စစ်ကောင်စီကလိုက်နာဖို့အလိုရှိတာဖြစ်ပေမယ့် မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုကတော့ အာဆီယံဘုံသဘောတူချက်တွေကို မသိကျိုးကျွံပြုနေဆဲဖြစ်ပါတယ်။
“ယနေ့ခေတ်စိန်ခေါ်မှုတွေကို ဖြေရှင်းရေး စွမ်းရည်ပြည့်၀ပြီး အားကောင်း၊ ညီညွတ်တဲ့ အာဆီယံ ဖြစ်ဖို့၊ ခိုင်မာပြီး ယုံကြည်ရတဲ့မိတ်ဖက်အဖြစ် လုပ်ဆောင်ဖို့ ဘိုင်ဒန်-ဟာရစ်အုပ်ချုပ်ရေးအတွက် ထိပ်ဆုံးဦးစားပေး ညီလာခံဖြစ်ပါတယ်” လို့ အထူးညီလာခံနှင့်ပတ်သက်၍ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က ပြောပါတယ်။ အမေရိကန်-အာဆီယံဆက်ဆံရေး ၄၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အဆိုပါထိပ်သီးညီလာခံကိုဂုဏ်ပြုကျင်းပခြင်းလည်းဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။
ယင်းညီလာခံမှာ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသော အကျပ်အတည်းနှင့် ကပ်ရောဂါပြန်လည်ကုစားရေး၊ ရာသီဥတုပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အဦစသည့် အရေးကိစ္စများကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဘလင်ကန်က ပြောကြားထားပါတယ်။ အာဆီယံထိပ်သီးစည်းဝေးပွဲတွေကို တက်ရောက်ခွင့်မရသေးတဲ့ အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ဒီညီလာခံက တက်ရောက်ခွင့်ပြုမှာမဟုတ်ပါဘူး။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ၂၀၂၁ အောက်တိုဘာတွင်ကျင်းပခဲ့သော အာဆီယံထိပ်သီးညီလာခံကို အွန်လိုင်းမှတဆင့်တက်ရောက်ခဲ့ပါသေးတယ်။ ဒါဟာလွန်ခဲ့တဲ့ လေးနှစ်အတွင်း အမေရိ ကန်ခေါင်းဆောင်က အာဆီယံညီလာခံကို ပထမဆုံးအကြိမ်တက်ရောက်ဆွေးနွေးခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ခုတော့ ဝါရှင်တန်မှာ အိမ်ရှင်အဖြစ် ထပ်မံဖိတ်ခေါ်တွေ့ဆုံမယ့် အမေရိကန်-အာဆီယံ ညီလာခံဟာ ပဋိပက္ခကြီးထွားနေဆဲ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်အသစ်တွေ ဆောင်ကြဉ်းပေးလာနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
========================
📌📌ဆက်လက်ပြီး ထန်တလန်မြို့ကို စစ်ကောင်စီက ၂၆ ကြိမ်မြောက်အဖြစ်ထပ်မံမီးရှို့လိုက်ကြတဲ့ ဝမ်းနည်းစရာသတင်းတပုဒ်ကို အသိပေးချင်ပါတယ်
ရရာလက်နက်ကိုင်စွဲပြီး အင်အားမမျှမှန်းသိပေမယ့် ခုခံတိုက်ခိုက်နေခြင်းဟာ စစ်အာဏာရှင်ကျဆုံးရေးနွေဦးတော်လှန်ရေးမှာ ဖိနှိပ်ခံပြည်သူ့လက္ခဏာတရပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ လေကြောင်းစစ်ရဟတ်ယာဉ်များနဲ့ အင်အားအဆမတန်သုံးစွဲ ဗုံးကြဲပစ်ခတ်ခြင်းအပါအဝင် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်များကို ရက်ရက်စစ်စက် မီးတင်ရှို့ခြင်းက ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခြင်းမှာ ထင်ရှားစေတဲ့လက္ခဏာတရပ်ဖြစ်လာနေပါတယ်။
တူမီးစတဲ့ ရရာလက်နက်များနဲ့ စစ်တပ်ကိုခုခံတိုက်ခိုက်နေခြင်းဟာ ပြည်သူတွေရဲ့ အမုန်းတရားကို အသက်နဲ့ရင်းပြီး သက်သေပြနေသည့်သဖွယ်ဖြစ်ပြီး စစ်အုပ်စုကတော့ ရပ်ရွာများကိုဝင်ခွင့်ရရချင်း စစ်တိုက်ခြင်းထက် ပြည်သူ့နေအိမ်များကို မီးရှို့ခြင်းသာ တစိုက်မတ်မတ်လုပ်လာနေတာ တွေ့ရပါတယ်။ စစ်ကိုင်းတိုင်း မကွေးတိုင်း ကရင်နီပြည်နယ် စတဲ့ တော်လှန်ရေးပြင်းထန်တဲ့အရပ်တွေမှာ နေ့စဉ်တိုင်းလိုလို အရပ်သားနေအိမ်များ မီးရှို့ခံနေရတာဖြစ်ပါတယ်။ အခုခါမှာလည်း ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ထပ်မံ မီးရှို့ရာ အိမ်ခြေ ၁၀၁ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း Thantlang Placement Affairs Committee - IDP help က မတ်လ ၁ ရက်တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ၂၇ ရက်နေ့ တို့တွင် ရှို့ခဲ့ခြင်း ဖြစ်ပြီး အခုတကြိမ်မီးရှို့ခြင်းဟာ မှတ်တမ်းများအရ (၂၆) ကြိမ်မြောက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင် ဆိုထားပါတယ်။ မီးရှို့ခံရသော ရပ်ကွက် နှင့် အိမ်အရေအတွက်မှာ Sianginn ရပ်ကွက်မှ ရှစ်အိမ် ၊ Zung hmun မှ ၂၄ အိမ် ၊ Market မှ ၂၂ အိမ် ၊ Biakinn မှ ၄၂ အိမ် နှင့် TABC မှ ငါးအိမ်တို့ ဖြစ်ကြောင်း သိရပါတယ်။
“စစ်ကောင်စီ တပ်တွေက CDF တွေကို မနိုင်လို့ ပြည်သူတွေ စိတ်နာအောင် ၊ ကြောက်သွားအောင် အခုလို အိမ်တွေကို မီးရှို့နေတာ။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ ရှေ့ဆက်မယ့် ခြေလှမ်းတွေ အတွက် တစ်စင်တီမီတာတောင် နောက်ဆုတ်မှာ မဟုတ်ဘူး ” ဟု TPAC - IDP help မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ထန်တလန်မြို့တွင်း၌ စစ်ကောင်စီ တပ်ဖွဲ့များနှင့် ချင်းကာကွယ်ရေး တပ်ဖွဲများသာ နေထိုင် လျက်ရှိရာ ကြိုးကြား ပစ်ခတ်မှုများ အမြဲတမ်း ဖြစ်ပွားလေ့ ရှိပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့များဟာ သေနတ်သံ ကြားရပြီး ပစ်ခတ် ခံရပြီဆိုလျှင် ကျည်လာရာ လမ်းကြောင်း ထင်ရသည့်ဘက်သို့ လက်နက် ကြီးငယ်များ သာမက မီးလောင်နိုင်သော မီးလောင်ဗုံးများဖြင့်ပါ ပစ်ခတ်သဖြင့် ယခုကဲ့သို မီးအကြိမ်ကြိမ် လောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများအရသိရပါတယ်။ ထန်တလန်မြို့တွင် အိမ်ခြေ ၁၈၀၀ ဝန်းကျင်ရှိပြီး ၁၀၄၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။ အခုနောက်ဆုံးအကြိမ်မီးရှို့မခံရမီက ဖေဖော်ဝါရီလ ၁၃ ရက်ကလည်း စစ်ကောင်စီ တပ်သားများက ထန်တလန်မြို့ပေါ် ရှိ အိမ်များကို မီးရှို့ခဲ့ရာ အိမ်ခြေ ၂၂ လုံး ပြာကျ သွားခဲ့သေးကြောင်း TPAC က သတင်းထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌စစ်အုပ်စုတွေ လက်နက်ကိုင်ပြည့်နှက်နေတဲ့ကြားမှာပဲ ရန်ကုန်မြို့မှာ ဒုစရိုက်မှုတွေထူပြောနေတဲ့အကြောင်း သတင်းတပုဒ်ကိုနောက်ဆုံးအနေနဲ့တင်ပြပေးပါ့မယ်
စစ်အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာ ကာလမှာတော့ ရန်ကုန်မြို့လယ်ခေါင်မြို့နယ်အချို့ ပေါ်ပေါ်ထင်ထင်အရပ်တွေမှာတင် လုယက်မှုများ ပိုမိုများပြားလာနေပါတယ်။ လုယက်မှုတွေအဖြစ်များလာတဲ့ မြို့နယ်များတွင် သမိုင်းမုဒိတာအိမ်ယာ ၊ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ် နှင့် ကြည့်မြည်တိုင်မြို့နယ်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ကင်းပုန်းချခံတပ်များ နေရာအနှံ့လိုလို ရှိနေပေမယ့် ဒုစရိုက်မှုတွေကတော့ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသလောက်လည်း ဖြစ်နေပါတယ်။
"မနေ့ကလေးတင် ဘုရားလမ်းမှတ်တိုင်နားမှာ လုသွားသေးတယ်။ လူကြားထဲတင် ကောင်မလေးတစ်ယောက် ပိုက်ဆံအိတ်ပါသွားတယ်"ဟု လှိုင်မြို့နယ် ၂ရပ်ကွက်နေသူတစ်ဦးကပြောသည်။ ဒါ့အပြင် သမိုင်းမုဒိတာ အိမ်ယာဝင်း၊လမ်းမပေါ်အနီး ဖြတ်သန်းသွားလာသည့် တက္ကစီယာဉ်များပေါ်မှလက်ကိုင်ဖုန်းလုယူမှု မကြာခနဖြစ်ပွားနေကြောင်း ရန်ကုန်မြို့အတွင်း တက္ကစီဆွဲနေသည့် ယာဉ်မောင်းတစ်ဦးကပြောပါတယ်။ "အဲ့လမ်းက အရမ်းလူကြပ်တာ။ ညနေဆို Taxi တံခါးကိုမှန်ပိတ်မောင်းရတယ်။ဆိုင်ကယ်နဲ့လုတာရှိသလို၊ဒီအတိုင်းလုပြီးပြေးတာလည်းရှိတယ်"ဟု ရန်ကုန်မြို့အတွင်း တက္ကစီဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ရှင်းပြပါတယ်။
ရန်ကုန်မြို့စွန်မြို့ဖျားမှာလည်း လုယက်ရိုက်နှက်မှုတွေ မကြာခနဖြစ်ပွားနေပြီး လုယက်ခံရသူတွေဟာ အများအားဖြင့် ငွေကြေးထက် ဆိုင်ကယ်၊လက်ကိုင်ဖုန်းနှင့် ရွှေထည်ပစ္စည်းများကို အဓိကပစ်မှတ်ထားလုယက်သူများဖြစ်ကြကြောင်းနှင့် သက်ဆိုင်ရာရဲစခန်းအသီးသီးကို တိုင်ကြားသော်လည်း လာရောက်ကြည့်ရှုခြင်းမရှိကြောင်းဒေသခံများက ပြောပြပါတယ်။
“အစိုးရဆိုပြီးအာဏာသိမ်းကတည်းကလူထုကိုမစောင့်ရှောက်တာ၊ပြည်သူတွေအတွက်လုံခြုံမှုမရှိတော့ဘူး၊ ဒီကြားထဲစီးပွါးရေးကျပ်တည်းတော့၊ ခိုးဆိုးနိုက်တွေပေါလာတာပေါ့”ဟုတရားလွတ်တော်ရှေ့နေတစ်ဦးကပြောပါတယ်။ စစ်ကောင်စီဟာ မြန်မာစီးပွါးရေးကိုတိုးတက်အောင်မလုပ်နိုင်ဘဲ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုတုံဆိုင်းရပ်တန့်အောင်လုပ်နိုင်စွမ်းသာရှိကြောင်း ဒါအပြင်ရဲသတင်းပေးဒလန်ဆိုသူအများစုမှာထောင်ထွက်ခိုးဆိုးနိုက်တွေဖြစ်ကြပီးသူတို့ရဲ့တပည့်များကလုယက်မှုအများစုကျူးလွန်နေကြောင်းရဲတပ်ဖွဲ့သတင်းရင်းမြစ်များအရ သိရပါတယ်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကြည့်မြင်တိုင်၊ငါးဈေးအနီးရှိ လှိုင်မြစ်အတွင်း တရုတ်လူမျိုးပိုင်ငါးဖမ်းစက်လှေတစ်စီး အနုကြမ်းစီးခံရပြီး ငွေကျပ်သိန်းတစ်ထောင်ကျော်နှင့် ရေလုပ်သားတစ်ဦးအသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်းနှင့် ကြည့်မြင်တိုင်ကမ်းနားတစ်လျောက် ရဲတပ်ဖွဲ့ဝင်တွေ ခြေရှုပ်ကာ စုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် တံတားဖြူမှတ်တိုင်တွင် ယနေ့ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၉နာရီအချိန်တွင် ကားစောင့်နေသူတစ်ဦးကို အဆိုပါမှတ်တိုင်အနီးရှိ လောင်းကစားဝိုင်းမှ လူတစ်စုက အုပ်စုဖွဲ့ လုယက်မှု ပြုလုပ်ခဲ့သည်ဟု မျက်မြင်တွေ့သူက ပြောပြပါတယ်။
"အဲ့ဒီမှတ်တိုင်မှာ အလုခံရတဲ့ကောင်မလေးက ပိုက်ဆံ၂၀၀ကိုင်ပြီးကားစောင့်နေတာ။ အဲ့ဒါကို အဲ့ဝိုင်းကလူတွေက ဝင်ကစားပါလား ဆိုပြီးလှမ်းစနေတာ ကောင်မလေးက ဘာမှပြန်မပြောတော့ တစ်ယောက်က ကောင်မလေးပုခုံးကို လှမ်းကိုင်ပြီး ဝိုင်းမှာ အတင်းထိုင်ခိုင်းတယ်။ ပြီးတော့ ပိုက်ဆံထိုးသလို ပုံစံတွေ လုပ်ပြီး ကောင်မလေးလက်ထဲကိုလည်း သူတို့ပိုက်ဆံတွေ အတင်းထည့်ပေးတယ်။ နောက်တော့ ဓားထောက်ပြီး ဆွဲကြိုးနဲ့ ပိုက်ဆံအိတ်ကိုလုတော့တာပဲ''ဟု မျက်မြင်တွေ့သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဆိုပါမျက်မြင် အမျိုးသမီးမှ လုယက်သူများကို ဝင်ရောက်ပြောဆိုရန် ကြိုးစားရာတွင် ပုခုံးကို ရိုက်နှက်ခံခဲ့ရကြောင်း၊ အဆိုပါမှတ်တိုင်တွင် လူများစွာရှိနေသော်လည်း ဝင်ရောက်ပြောဆိုမှု လုပ်ဆောင်သူမရှိကြောင်း သိရပါတယ်။ တံတားဖြူကားမှတ်တိုင်သည် မကြာခဏ လုယက်ခံရသည့်ဖြစ်စဥ်များ ဖြစ်ပွါးသည့် နေရာတစ်ခု ဖြစ်ပြီး အဆိုပါဖြစ်စဉ်များကြောင့် စစ်ကောင်စီ၏ ရဲသတင်းပေး ထားရှိသည်ဟု သတင်းထွက်နေကြောင်း၊ ယခုလုယက်မှုဖြစ်ပွားသည့်အချိန်တွင်လည်း အဆိုပါ ရဲသတင်းပေးဆိုသူများက အနီးအနားတွင်ရှိနေနိုင်ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံများက အခြေအနေကို ရှင်းပြပါတယ်။
ဖေဖော်ဝါရီ ၂၂ရက်နေ့က မြောက်ဥက္ကလာမြို့နယ်မှ ရွှေပြည်သာမြို့နယ်သို့ ပြေးဆွဲနေသည့် ၄၂ ယာဉ်လိုင်းပေါ်တွင် အုပ်စုဖွဲ့ဓားထောက်လုယက်မှုတစ်ခုနှင့် ဖေဖော်ဝါရီ ၂၅ရက် ညနေပိုင်းက သာကေတမြို့နယ် ရတနာအိမ်ရာမှ ကြည့်မြင်တိုင်မြို့နယ်သို့ ပြေးဆွဲနေသည့် ၈၉ ယာဉ်လိုင်းပေါ်တွင် ငရုတ်သီးမှုန့်ဖြင့် မျက်နှာကိုပက်၍ ဖုန်းလုယက်မှု ဖြစ်ပွါးခဲ့ပါသေးတယ်။ လူထုလှုပ်ရှားမှုနေ့ရက်များတွင် စစ်ကောင်စီကိုဆန့်ကျင်သံပုံးတီးပြည်သူတွေကိုတော့ စစ်အုပ်စုလက်သပ်မွေးထားသည့် လူဆိုးများက ရပ်ကွက်နေပြည်သူများအား ဓါးဖြင့်လိုက်ထိုးခြင်း၊ လေးခွကုံးသီးဖြင့်ပြစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment