2nd MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၂ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် အာရှ-ပစိဖိတ်အုပ်စု၏ ဥက္ကဋ္ဌတာဝန်ဆောင်ရွက်
📌စစ်တပ်ခေါင်းဆောင်များသိမ်းပိုက်ထားတဲ့ ဒေါ်လာ ဘီလျံချီတန်ကြေးရှိ မြေကွက်များကို လေလံတင်ရောင်းချမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ဖော်ပြောဆို
📌ပြည်သူ့အချစ်တော် အနုပညာရှင် မင်းမော်ကွန်းမွေးနေ့လက်ဆောင်အဖြစ်နဲ့ ပြည်သူတွေဝယ်ယူခဲ့ကြတဲ့ ငွေတိုက်စာချုပ်တွေကို ထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် အာရှ-ပစိဖိတ်အုပ်စု၏ ဥက္ကဋ္ဌတာဝန်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ အာရှ-ပစိဖိတ်အုပ်စု၏ ဥက္ကဋ္ဌရာထူးအား အောင်မြင်စွာ တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပြီး အာရှ-ပစိဖိတ်အုပ်စုသည် ကုလသမဂ္ဂတွင်ရှိသော ဒေသအုပ်စုများအနက် အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း (၅၄) နိုင်ငံပါဝင်သော ဒေသအုပ်စုတစ်ခု ဖြစ်ပါသည်။ အဆိုပါအုပ်စု၏ ဥက္ကဋ္ဌရာထူးကို အဖွဲ့ဝင်နိုင်ငံများ၏ အမည် အက္ခရာစဉ်အလိုက် လစဉ်အလှည့်ကျ တာဝန်ယူလွှဲပြောင်းထမ်းဆောင်ရပါသည်။ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် အဆိုပါအုပ်စု၏ ဥက္ကဋ္ဌ ရာထူးကို ၁-၂-၂၀၂၂ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ မွန်ဂိုလီးယားအမြဲတမ်းကိုယ်စားလှယ် H.E. Mr. Enkhbold Vorshilov ထံမှ လွှဲပြောင်းလက်ခံခဲ့တာပါ။ ထိုသို့ အာရှ-ပစိဖိတ်အုပ်စု၏ ဥက္ကဋ္ဌရာထူးအား တာဝန်ယူဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများမှ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံ၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအလိုက် ဗျူရိုအဖွဲ့ဝင်များ၊ အထူးကော်မတီများ၊ အကြံပေးကော်မတီများ၊ လုပ်ငန်းအဖွဲ့များ၊ ကော်မရှင်များ၊ အပြည်ပြည်ဆိုင်ရာ တရားရုံးအဖွဲ့ဝင်၊ ECOSOC နှင့် လက်အောက်ခံအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကောင်စီအောက်မှ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ဆက်စပ်အဖွဲ့အစည်းများနှင့် အခြားအထူးအေဂျင်စီများ စသည်တို့တွင် ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ရန် အဆိုပြုလာသည့် ကိစ္စရပ်များအတွက် သံတမန်စာ များ ဖြန့်ဝေခြင်း၊ အဆိုပြုတင်သွင်းလာသည့် ကိုယ်စားလှယ်လောင်းများအား အာရှ-ပစိဖိတ်အုပ်စုကိုယ်စား အတည်ပြုထောက်ခံပေးခြင်းနှင့် သက်ဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးရုံးများသို့ စာဆက်လက်ပေးပို့ အသိပေးခြင်းတို့အပြင် အုပ်စု၏ အခြားသောလုပ်ငန်းများအား လွယ်ကူချောမွေ့စေရန်လည်း တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

========================

📌📌စစ်တပ်ခေါင်းဆောင်များသိမ်းပိုက်ထားတဲ့ ဒေါ်လာ ဘီလျံချီတန်ကြေးရှိ မြေကွက်များကို လေလံတင်ရောင်းချမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်

ကိုယ်ကျိုးစီးပွားအတွက် စစ်ခေါင်းဆောင်များ သိမ်းယူထားတဲ့မြေနေရာများဟာ ရန်ကုန်မြို့တွင်းမှာ အမေရိကန်ဒေါ်လာ ဘီလျံချီတန်ကြေးရှိပြီး ထိုမြေကွက်များကို ပြည်သူလူထုအကျိုးစီးပွားအတွက် လေလံတင်ရောင်းချမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောဆိုလိုက်တာပါ။ အာဏာသိမ်းစစ်ခေါင်းဆောင်ပိုင် မြေကွက်များအပါအဝင် စစ်တပ်သိမ်းယူထားတဲ့ ရန်ကုန်မြို့ရှိ နေရာကောင်း အကွက်ကောင်း မြေကွက် ၂၅ ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန်ကြေးရှိတယ်လို့ ဝန်ကြီးက ဖော်ပြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ထုတ်လိုက်တဲ့ အဆိုပါ တန်ဖိုးကြီးမြေကွက်များတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းရတနာဆေးရုံနှင့် ၎င်း၏သား အောင်ပြည့်စုံပိုင်သည့် အင်းလျားကန်စောင်းရှိ ကန်သာယာဆေးရုံမြေနေရာများလည်း ပါဝင်ပါတယ်။ “သူတို့ ကိုယ်ကျိုးစီးပွားအတွက် ရယူထားတဲ့ အရင်းအမြစ်တွေကို သိမ်းပြီးတော့ နစ်နာသူတွေအတွက် ပြန်လည်အသုံးချသွားဖို့ ဒီမူကို ချလိုက်တာပဲ။ မိုးကောင်းဆေးရုံလိုဟာမျိုး၊ ကန်သာယာဆေးရုံလိုဟာမျိုး” ဖြစ်တယ်လို့ ဦးတင်ထွန်းနိုင်က Myanmar Now သတင်းဌာနကို ပြောပါတယ်။ အာဏာသိမ်းခေါင်းဆောင်မိသားစုက သိမ်းယူထားတာဖြစ်တဲ့ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းပေါ်ရှိ ၁၀ ဧကအကျယ်ရှိ တပ်မတော်မှတ်တမ်းရုံးဟောင်းနေရာမှာ ကန်ဒေါ်လာ ၁၀၅ သန်း တန်ကြေးရှိတဲ့အကြောင်း NUG က တွက်ချက်ပါတယ်။ လေလံတင်ရောင်းချရန်နှင့် စီမံကိန်းလုပ်ရန် NUG က စိစစ်ထားသည့် တပ်ပိုင်မြေများအနက် မရမ်းကုန်းမြို့နယ် ၉ မိုင် ပြည်လမ်းရှိ ၂၇ ဒသမ ၅၄ ဧကအကျယ်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် မြေနေရာဟောင်းလည်း ပါဝင်တာတွေ့ရပါတယ်။ ဧက ၃၀ နီးပါး အကျယ်အဝန်းရှိတဲ့ အဆိုပါမြေကွက်မှာ အမေရိကန်ဒေါ်လာ ၄၃၈ သန်း ပေါက်ဈေးရှိပြီး လတ်တလောစိစစ်ထားသည့် မြေကွက်များအနက် တန်ကြေးအမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ "ကျွန်တော်တို့ (NUG) မှာ အဲလိုကျွမ်းကျင်တဲ့၊ တွက်ချက်နိုင်တဲ့သူတွေ ရှိပါတယ်။ (တစ်စတုရန်းပေ) ကို ဘယ်လောက်ဆိုတာကအစ ပါမယ်" ဟု ဦးတင်ထွန်းနိုင်က ဆိုသော်လည်း မြေကွက်တန်ဖိုး အသေးစိတ်တွက်ချက်မှုကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ NUG ရဲ့တွက်ချက်ဖော်ထုတ်မှုအရ မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ၁၇ မိုင်ရှိ ဗဟိုထောက်လှမ်းရေးတပ်(ရေကြည်အိုင်) တည်ရှိရာ ၆၃ ဧကအကျယ် မြေနေရာကို အမေရိကန်ဒေါ်လာ ၃၀၉ သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ အဆိုပါရေကြည်အိုင်တည်ရှိရာနေရာကို နာဇီအကျဉ်းစခန်းကဲ့သို့ အထိမ်းအမှတ်နေရာ ပြုလုပ်ရန် စဉ်းစားထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် တပ်ပိုင်နေရာဟုသိမ်းဆည်းထားသောနေရာများစွာကို CDM ဝန်ထမ်းများအတွက် အိမ်ရာဆောက်လုပ်ပေးခြင်း တချို့နေရာများကို လေလံတင်ရောင်းချပီး စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာများပြန်လည်နေရာချထားရေးအတွက် ဦးစားပေးသုံးစွဲရန် မျှော်မှန်းထားတယ်လို့ ဦးတင်ထွန်းနိုင်ကဆိုပါတယ်။ စစ်တပ်ပိုင်ဆိုပြီး သိမ်းဆည်းထားတဲ့အခြားနေရာများမှာ မရမ်းကုန်း၊ ဗဟန်း၊ လှိုင်၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ ဒဂုံနှင့် မင်္ဂလာဒုံမြို့နယ်များရှိ စစ်တပ်ပိုင်အမည်ခံ အထင်ကရနေရာများဖြစ်ပြီး၊ မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ် ရေကူးဘူတာရုံအနီးရှိ ၃၆ ဧကအကျယ် တပ်မြေနှင့် ၂၅ ဧကအကျယ် အသံလွှင့်စက်ရုံဟောင်းမြေနေရာတို့လည်း ပါဝင်နေပါတယ်။ ရွှေတိဂုံဘုရားလမ်းမပေါ်ရှိ စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် ဂျပန်ကုမ္ပဏီနှင့် ပြည်တွင်းမှ ဧရာဟင်္သာကုမ္ပဏီတို့ အကျိုးပူးပေါင်းလုပ်ကိုင်နေသည့် Y Complex စီမံကိန်းမြေနေရာဆိုလျှင် အမေရိကန်ဒေါ်လာ ၃၃၀ တန်ကြေးရှိကြောင်း Justice for Myanmar အဖွဲ့က ၂၀၂၀ မေလတွင် ထုတ်ပြန်ခဲ့ဖူးပါတယ်။ တပ်ပိုင်မြေများနှင့် ပတ်သက်၍ လျာထားချက်များကိုတော်လှန်ရေးအပြီးကာလမှ အကောင်အထည်ဖော်ရမှာဖြစ်သော်လည်း ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသူများကို ယခုကတည်းက ဖိတ်ခေါ်ထားရန် စီစဉ်ခြင်းဖြစ်တယ်လို့ ဦးတင်ထွန်းနိုင်ကပြောပါတယ်။ "တော်လှန်ရေးကို သက်ဝင်ယုံကြည်ပြီး အတိုင်းအတာတစ်ခုအထိ စွန့်စားမဲ့သူတွေကို အခုကတည်းက ဖိတ်ခေါ်တဲ့သဘောပဲ။ ဒါက အရေးကြီးတယ်။ တော်လှန်ရေးအပေါ်မှာ စိတ်ချယုံကြည်တဲ့ လုပ်ငန်းရှင်တွေကိုတော့ ပိုပြီး တန်ဖိုးထားရမှာပေါ့" လို့ဝန်ကြီးကပြောပါတယ်။ "Expression of Interest (EOI) ပေါ့လေ။ ဆိုကြပါစို့ သန်း ၁၀၀ တန် ရင်းနှီးမြှုပ်နှံမှုမှာ သူ့ရဲ့အဆိုပြုလွှာကို ရွေးချယ်လိုက်တယ်ဆိုလို့ရှိရင် သန်း ၁၀၀ အားလုံးကို ဗုန်းဆို ပေးစရာ မလိုပါဘူး။ ရာခိုင်နှုန်းတစ်ခုကိုတော့ သူ့အနေနဲ့ စွန့်စားရမယ်လေ။ အာမခံချက်တစ်ခုပေါ့” လို့ ဝန်ကြီးကဆက်ပြောပါတယ်။ အခုလို အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်းဘဏ္ဍားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် တပ်ပိုင်မြေများကိုဖော်ထုတ်စီမံနေမှုကို CDM ဗိုလ်ကြီးဇင်ယော်က ထောက်ခံပါတယ်။ "NUG အစိုးရက ဒီဟာတွေ လုပ်မယ်ဆိုရင် စစ်ခေါင်းဆောင်တွေ၊ စစ်ဗိုလ်ချုပ်တွေ တုန်လှုပ်၊ ချောက်ချားသွားမှာ အသေအချာပဲ။ ဘာလို့လည်းဆိုတော့ သူ့လူတွေ သေသွားတာထက် ပိုဆိုးတယ်လေ။ သူတို့ ကိုယ်ကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်မှာ" ဖြစ်တယ်လို့ ဗိုလ်ကြီးဇင်ယော်က ပြောသွားပါတယ်။ ရန်ကုန် - ပြည်လမ်းပေါ်ရှိ တပ်မတော်ဗိုလ်ရွေးအဖွဲ့ တပ်နေရာနှင့် သီလဝါဆိပ်ကမ်းရောက် စစ်လက်နက်ပစ္စည်းကုန်ကြမ်းပစ္စည်းများကို ထိန်းသိမ်းလက်ခံသော အင်းလျားလိတ်ဟိုတယ်အနီးရှိ ပစ္စည်းထိန်းတပ်နေရာကိုလည်း ပြန်လည်သိမ်းဆည်းရောင်းချသင့်တဲ့အကြောင်း စစ်တပ်တွင် အနှစ် ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးဇင်ယော်က အကြံပြုပါတယ်။
တပ်ပိုင်မြေများနှင့် ပတ်သက်ပီးတော့ ဖေဖော်ဝါရီ ၂၄ ရက်တွင် NUG က မူဝါဒထုတ်ပြန်ခဲ့ရာတွင် လေလံတင်ရောင်းချခြင်းနှင့် အများပြည်သူအကျိုးစီးပွားအတွက် စီမံကိန်းများအကောင်အထည်ဖော်သွားမည့်အချက်များ ထိုစဉ်ကတည်းက ပါရှိခဲ့တာဖြစ်ပါတယ်။

========================

📌📌ပြည်သူ့အချစ်တော် အနုပညာရှင် မင်းမော်ကွန်းမွေးနေ့လက်ဆောင်အဖြစ်နဲ့ ပြည်သူတွေဝယ်ယူခဲ့ကြတဲ့ ငွေတိုက်စာချုပ်တွေကို ထုတ်ပြန်

ပြည်သူချစ်တဲ့ အနုပညာရှင် မင်းမော်ကွန်းက သူ့မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ်နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ငွေတိုက်စာချုပ်တွေကို ဝယ်ယူဖို့ပြောကြားခဲ့ရာမှာ မွေးနေ့လက်ဆောင်အဖြစ် လာဝယ်ကြတဲ့ ငွေတိုက် စာချုပ်တွေကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကရဲ့ ငွေတိုက်စာချုပ်အရောင်းဌာနက ထုတ်ပြန် လိုက်တာပါ။

ငွေတိုက်စာချုပ်အရောင်းဌာနက ချစ်ခင်မြတ်နိုးရသူတွေ၊ လေးစားရသူတွေအတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်ပေးဖို့၊ အခြား နှစ်ပတ်လည်အထိမ်းအမှတ်၊ အမှတ်တရတွေအတွက် Bond ဝယ်ပေးလို့ရ တဲ့ အကြောင်းလည်း ဖော်ပြထားပါတယ်။

အခုလို ငွေတိုက်စာချုပ်တွေကို လက်ဆောင်ပေးတာဟာ တော်လှန်ရေးကာလမှာ ပြည်သူအချင်းချင်း ကူညီပေးနိုင်မယ့် ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်သလို ကိုယ်တိုင်အတွက်ရော၊ ကိုယ်ချစ်ရတဲ့သူတွေအတွက်ပါ တစ်သက်တာလုံး အမှတ်ရ ဂုဏ်ယူနေရမယ့်လက်ဆောင် မွန်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြည်သူ့အချစ်တော် မင်းမော်ကွန်းအတွက် Bond လက်ဆောင်တွေ ဝယ်ယူကြသလိုပဲ ကိုယ့်ရဲ့ အချစ်ဆုံးသူတွေအတွက် Bond ဝယ်ပေးဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကတော့ “ချစ်ရသူတွေကို ဂုဏ်ပြုဖို့၊ ချစ်ရသူတွေအကို ကာကွယ်စောင့်ရှောက်ဖို့ အမြန်ဆုံး Bond ဝယ်ယူပါ” ဆိုတာနဲ့ “အောင်ပွဲမြန်ဖို့ Bond ဝယ်စို့” ဆိုတဲ့စာသား တွေအသုံးပြုပြီးတော့ ငွေတိုက်စာချုပ်တွေရောင်းချနေတာလည်း တွေ့ရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment