3rd MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၃ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌စစ်အစိုးရဟောင်း ဝန်ကြီးဟောင်းသားတွေပိုင်တဲ့ လက်နက်ပွဲစားကုမ္ပဏ်က လက်ရှိစစ်ကောင်စီအတွက် လက်နက်တင်သွင်းကူညီနေ
📌စစ်ကောင်စီရဲ့ ကရင်နီဒေသအပေါ် အလွန်အကျွံ ထိုးစစ်များကိုခုခံဖို့ သိန်းပေါင်း ၁၀၀၀ ပရောဂျက်တွင် ပြည်သူများပါဝင်ကူညီလှူဒါန်းကြရန် KNDF နှိုးဆော်
📌စစ်ဘေးရှောင်များ အခက်အခဲမရှိနေထိုင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြော

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌စစ်အစိုးရဟောင်း ဝန်ကြီးဟောင်းသားတွေပိုင်တဲ့ လက်နက်ပွဲစားကုမ္ပဏ်က လက်ရှိစစ်ကောင်စီအတွက် လက်နက်တင်သွင်းကူညီနေတဲ့ သတင်းတပုဒ် တင်ပြပေးပါ့မယ်

အာဏာသိမ်းစစ်တပ်အတွက် အရေးကြီးတဲ့ စစ်လက်နက်ပစ္စည်းများကို ကုန်သွယ်ရေးကုမ္ပဏီ Dynasty International က ဘီလာရုစ်၊ ရုရှား၊ ဂျာမနီ နိုင်ငံတွေ မှတဆင့် အကြမ်းဖက်စစ်ကောင်စီအတွက် ဝယ်ယူပေးခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။

ကုန်သွယ်ရေးဒေတာဘေ့စ် Import Genius ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ မတ်လတွင် Dynasty International ဟာ Mi-17 စက်ပစ္စည်းအစိတ်အပိုင်းတွေကို Ural Avia ထံမှ တင်သွင်း ခဲ့တယ်လို့သိရှိရပါတယ်။ Ural Avia ကုမ္ပဏီ ဟာ ရုရှားနိုင်ငံ၊ Yekaterinburg မြို့ အခြေစိုက် Mil ရဟတ်ယာဥ် အစိတ်အပိုင်း ထုတ်လုပ်ပြုပြင်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ လက်နက်ပွဲစား ကုမ္ပဏီ Dynasty International ကို ဒေါက်တာအောင်မိုးမြင့်က ဦးဆောင်ပြီး သူ့ကို ဘီလာရုစ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားပြီး မြန်မာနိုင်ငံရှိ ဘီလာရုစ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ကိုယ်စားလှယ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ Dynasty International ကို ဒေါက်တာအောင်မိုးမြင့် နဲ့အတူ သူရဲ့ အမွှာညီအစ်ကိုဖြစ်သူ လှိုင်မိုးမြင့်နဲ့ မျိုးသစ္စာဆိုသူတို့ကဦးစီးလုပ်ကိုင်နေတာဖြစ်တယ်လို့ Justice For Myanmar ရဲ့ထုတ်ပြန်ချက်တွေက ရေးသားဖော်ပြပါတယ်။ ဒေါက်တာအောင်မိုးမြင့် နဲ့ လှိုင်မိုးမြင့်တို့နှစ်ဦးကတော့ ယခင် အာဏာသိမ်း နအဖ စစ်အစိုးရပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြင့်ရဲ့ သားတွေ ဖြစ်တယ်လို့လည်းသိရှိရပါတယ်။ Dynasty International ကုမ္ပဏီ ကတင်သွင်းပေးခဲ့တဲ့ Mi-17 ရဟတ်ယာဥ်တွေကို မြန်မာစစ်တပ်က စစ်ဘက်သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုကြပါတယ်။
ဘီလာရုစ် က မြန်မာစစ်တပ်အတွက် စစ်လက်နက်ရောင်းချမှုတွေမှာ ၂၀၁၆ ခုနှစ်က ပေးပို့ခဲ့သော Kvadrat-M မြေပြင်မှဝေဟင်ပစ် လေကြောင်းရန်ကာ ကွယ်ရေး ဒုံးကျည်စနစ် နှစ်ခု၊ ၂၀၁၅-၁၆ ခုနှစ်တွင် ပေးပို့ခဲ့သည့် 3M9 မြေပြင်မှဝေဟင်ပစ် ဒုံးကျည် (၁၀၀)၊ ၂၀၁၉ ခုနှစ်တွင် ပေးပို့ခဲ့တဲ့ Mi24/Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ် ( ၂ )စီးတို့ ဖြစ်ပါတယ်။ Justice For Myanmar ရဲ့ထုတ်ပြန်ချက်တွေထဲမှာ ဒေါက်တာအောင်မိုးမြင့်ဟာ မြန်မာစစ်တပ်အတွက် ဘီလာရုစ်နိုင်ငံက စစ်လက်နက်ဝယ်ယူ မှုတွေမှာလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ဖွယ်ရှိတယ်လို့ဆိုပါတယ်။
၂၀၁၃ ခုနှစ်က Dynasty International နဲ့ ဘီလာရုစ်ကုမ္ပဏီ လက်နက်ကုမ္ပဏီ Tetraedr UE တို့ အပြန်အလှန်ဆက်သွယ်ထားတဲ့ Email တစ်စောင်ပေါက်ကြားလာခဲ့ပြီး အဲ့ဒီ အီးမေးလ် ထဲမှာတော့ စစ်လက်နက်ရောင်းချမှု ညှိနှိုင်းပေးခြင်းအတွက် Dynasty က ဝန်ဆောင်ခ ရရှိမှာဖြစ်ပြီး ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချုပ်ညှိနှိုင်းဆွေးနွေးမှုအရ Tetraedr ကရောင်း ချခဲ့သော စစ်လက်နက်ပစ္စည်းထဲမှာ ဒုံးကျည်စနစ်များ၊ ရေဒါနဲ့ လေကြောင်းပစ်မှတ်စနစ်များ ပါဝင်နေတယ်လို့ သိရှိရပါတယ်။ မြန်မာစစ်တပ်က အဓမ္မအာဏာသိမ်းပြီးနောက် ဒေါက်တာအောင်မိုးမြင့်ဟာ စစ်ကောင်စီနဲ့ ဘီလာရုစ် အစိုးရ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မြင့်တင်နိုင်ရေးအတွက် ဘီလာရုစ် နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။
အဲ့ဒီခရီးစဥ်အတွင်းမှာပဲ ဒေါက်တာအောင်မိုးမြင့်ကို ဘီလာရုစ်အစိုးရက ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ဆုတံဆိပ်တစ်ခုကို ချီးမြှင့်လိုက်တာပါ။
ဘီလာရုစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လက ပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ကတောင်းဆိုခဲ့တဲ့ “မြန်မာနိုင်ငံသို့ စစ်လက်နက်စီးဝင်မှုမှကာကွယ်ရေး” အဆိုကို တခုတည်းသောနိုင်ငံအဖြစ် ကန့်ကွက်ခဲ့ပါသေးတယ်။ ဆက်လက်ပြီးဖော်ထုတ်သိရှိတဲ့အချက်များအရ မြန်မာ့လေတပ်ဟာ Grob G 120P အမောင်းသင် လေယာဉ် ၂၀ ပါဝင်တဲ့ လေယာဥ်အုပ် တစ်အုပ်ကို ပိုင်ဆိုင်ထားပြီး အဲ့ဒီလေယာဉ်တွေကို ဒေါက်တာအောင်မိုးမြင့်က ပွဲစားအဖြစ် ဝယ်ယူပေးခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ တရားမဝင်စစ်ကောင်စီရဲ့ မြန်မာ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ Grob လေယာဉ်များ ပါဝင်ပြသခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ စစ်တပ်၏ ရက်စက် ကြမ်းကြုတ်သည့် အကြမ်းဖက်တိုက်ခိုက်မှုတွေ‌ကြောင့် လူပေါင်း (၁၆၀) ကျော်သေဆုံးတယ်လို့ AAPP မှတ်တမ်းများက ဖော်ပြကြပါတယ်။
အာဏာသိမ်းယူပြီးနောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီ နိုင်ငံတွေကနေပြီး စစ်ကောင်စီထံ လက်နက်တင်သွင်းပေးနေသလို လက်နက်ပွဲစားများအဖြစ် Dynasty International နဲ့ ဒေါက်တာအောင်မိုးမြင့်တို့ အဖွဲ့ကတော့ စစ်ရာဇဝတ် ကြံရာပါအဖြစ် အကျိုးအမြတ်များ တိုးပွားရရှိနေပါတယ်။
ဒါကြောင့်မို့ နိုင်ငံတကာမှ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေမှာ Dynasty International နဲ့အတူ သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်တွေကို ပါဝင်ဒဏ်ခတ်ပေးဖို့ Justice For Myanmar ကတောင်းဆိုနေကြတယ်လို့သိရပါတယ်။

========================

📌📌စစ်ကောင်စီရဲ့ ကရင်နီဒေသအပေါ် အလွန်အကျွံ ထိုးစစ်များကိုခုခံဖို့ သိန်းပေါင်း ၁၀၀၀ ပရောဂျက်တွင် ပြည်သူများပါဝင်ကူညီလှူဒါန်းကြရန် KNDF နှိုးဆော်ထားပါတယ်။

ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အားအလွန်အကျွံဖြင့် ထိုးစစ်ဆင်လာမှုများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတွန်းလှန်ရန် လိုအပ်ချက်များစွာရှိနေပါတယ်။ လိုအပ်ချက်တွေကို အချိန်မီပံပိုး ဖြည့်တင်းနိုင်ရန်အတွက် အကူအညီများအရေးတကြီး လိုအပ်နေပြီး ပြည်သူများအနေဖြင့် သိန်းပေါင်း ၁၀၀၀ ပရောဂျက်တွင် ပါဝင်အားဖြည့် လှူဒါန်းပေးကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ဖိတ်ခေါ်ထားပါတယ်။ ထိုစစ်ဆင်မှုများအတွင်း အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးရပြီး တော်လှန်ရေးအင်အားစုများမှ လည်း လက်နက်အင်အားမမျှခြင်းကြောင့် နယ်မြေများဆုတ်ခွာပေးထား၇တယ်လို့ KNDF က မတ်လ ၁ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာရောက် မြန်မာများ၏ ထောက်ပို့အဖွဲ့များဖြစ်သော ယန်းတစ်ရာ အဖွဲ့၊ POEM နှင့် KNDF တို့မှ ပူးပေါင်း၍ ကရင်နီပြည်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံစစ်ပွဲအတွင်း လိုအပ်ချက်များဖြည့်ဆည်းရန် သိန်း​ပေါင်း တစ်​ထောင်ပ​ရောဂျက်ကို ကူညီပေးကြရန် တိုက်တွန်းနိုးဆော်အပ်ပါတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ရေးသားထားပါတယ်။

"ဒီအလှူခံမှုကို KNDF, ယန်းတစ်ရာအဖွဲ့နဲ့ POEM တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး မြေပြင်မှာ လက်ရှိ တကယ် ရင်ဆိုင်နေကြရတဲ့ KNDF အဖွဲ့ဆီကို အမြန်ဆုံး ငွေစီးဆင်းမှာပါ။ လက်ရှိမှာ ကရင်နီဒေသဟာ သဲကြီးမဲကြီး ဖိခံနေရတာမို့ ဝယ်ရမယ့်ပစ္စည်းတွေ များပါတယ်။ ဘာတွေဝယ်မှာလဲ အသေးစိတ်ကိုကတော့ မြေပြင်လှုပ်ရှားရ မခက်ခဲစေဖို့ ခဏလျှို့ဝှက်ထားပါရစေ" ဟု POEM အဖွဲ့က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလ ၁၄ ရက်မှစတင်ကာ မိုးဗြဲမှတဆင့် နန်းမယ်ခုံဘက်သို့ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေသလို မြေပြင်မှလည်း အင်အားအလွန်အကျွံ ထိုးစစ်ဆင်နေပြီး မိုးဗြဲအခြေစိုက် တပ်ရင်းများကလည်း လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲများအတွင်း လက်နက်၊ ကျည်ဆံ လိုအပ်ချက်များစွာဖြစ်ပေါ်နေပါတယ်။ မမျှတသော အင်အားအခြေအနေကြောင့် ကရင်နီပူးပေါင်းအဖွဲ့မှ ရဲဘော် ၅၀ ဦးခန့် ကျဆုံးခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိတွင် စစ်ဗျူဟာအရ အရေးပါတဲ့ နန်းမယ်ခုံမြို့မှ ကရင်နီတပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ နန်းမယ်ခုံအနီးရှိ ဆင်မတောင်ကုန်းများပေါ်တွင် တပ်စွဲကာ အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေပါတယ်။ နန်းမယ်ခုံအနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၅၀ ခန့်မှ ပြည်သူပေါင်းများစွာကတော့ စစ်ဘေးရှောင်နေကြရပြီလို့လည်း သိရပါတယ်။

ငွေတွေကို မြန်မြန်လွှဲပြီး ထိရောက်တဲ့ ရလာဒ်တွေ အမြန်ရလာစေဖို့ KNDF နဲ့အတူ ယန်းတစ်ရာအဖွဲ့ရော၊ POEM ကပါ ကြိုးစားသွားမှာပါ.. တခုခုဆို ဆုံးရှုံးရမှ စိတ်မကောင်းလိုက်တာ၊ ဝမ်းနည်းလိုက်တာဆိုတဲ့ ယူကြုံးမရဖြစ်ရတာမျိုးကို ရှောင်လို့ရသမျှ ရှောင်နိုင်ဖို့ ကြိုးစား အားထုတ် လှူပေးကြ၊ ကူရှယ်ပြီး ကူအလှူခံပေးကြပါဦး.လို့ ကူညီထောက်ပံ့ရေးအဖွဲ့ဖြစ်တဲ့ People Of Evolving Myanmar အဖွဲ့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားနှိုးဆော်ထားတာတွေ့ရပါတယ်။

အလှူငွေများအရေးပေါ် စုဆောင်းနေသော အဆိုပါ သိန်းပေါင်းတထောင်ပရောဂျက်တွင် ကရင်နီဒေသ kndf အတွက် ၊ အခြားဒေသကာကွယ်ရေးများအတွက် ၊ နမ့်မယ်ခုံဒေသကို ပြန်လည်စိုးမိုးရရှိရေး၊ စစ်ဘေးရှောင်ဆိုင်ရာ ထောက်ပံ့ကူညီရေး စသည်ဖြင့် ဖော်ပြကာ အရေးပေါ်အလှူငွေများ စုဆောင်းနေတာပဲ ဖြစ်ပါတယ်။

========================

📌📌စစ်ဘေးရှောင်များ အခက်အခဲမရှိနေထိုင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းကို ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ အခက်အခဲမရှိနေထိုင်ရေးအတွက် မီဇိုရမ်အစိုးရအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောဆိုလိုက်ပါတယ်။
မီဇိုရမ်ပြည်နယ်တွင် ကျင်းပနေသော လွတ်တော်အစည်းအဝေး Assembly session တွင် အတိုက်ခံ INC ပါတီလွတ်တော်ကိုယ်စာလှယ် Lalrindika Ralte က မြန်မာစစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အခုလို ဖြေဆိုခဲ့ခြင်းဖြစ်တယ်လို့ ခေါနုသုမ်ဘားမိစ် သတင်းဌာနကို ကိုးကားပြီး သိရှိရပါတယ်။

“ စစ်ဘေးရှောင်တွေ အခက်အခဲမရှိ၊ စိုးရိမ်ပူပန်မှုမရှိဘဲ နေထိုင်နေနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမယ်၊ စားနပ်ရိက္ခာအတွက်သော်လည်းကောင်း အခြားသော လိုအပ်ချက်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်၊ အိန္ဒိယဗဟိုအစိုးရကိုလည်း အကူအညီထပ်တောင်ခံထားပြီး ကူညီထောက်ပံ့ပေးမယ်လို့လည်း မျော်လင့်ရပါတယ်’’ ဟု ပူးဇိုးရမ်းထန်းငါကပြောသွားပါတယ်။

မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တနေ့ထက်တနေ့ထိုးလာနေပြီး အထူးသဖြင့် ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် က စစ်ဆင်ရေးအကြီးအကျယ်ဆောင်ရွက်နေခြင်းကြောင့် ချင်းတောင်တန်းက ပြည်သူတွေဟာ မီဇိုရမ်ပြည်နယ်ဘက်သို့ ပိုမိုဝင်ရောက်လာနေပြီး ယခုလက်ရှိ မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းမှတ်တမ်းအရ စစ်ဘေးရှောင်ဦးရေ ၂၄၂၈၉ ဦးရှိပြီဖြစ်တယ်လို့ မီဇိုရမ်ဝန်ကြီးချုပ်က လွှတ်တော်အစည်းအဝေးတွင်ပြောဆိုပါတယ်။ မြန်မာစစ်ဘေးရှောင်များဟာ ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့အပါအဝင် ခရိုင် ၁၁ ခုရှိ စစ်ဘေးရှောင်စခန်းများတွင် ဖြန့်ကျက်နေထိုင်ကြပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပြည်နယ်အစိုးရ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO) များ၊ ဘာသာရေးအသင်းအဖွဲ့အစည်းများက ကူညီပေးလျှက်ရှိသည်ဟု ၎င်းကဆက်ပြောပြပါတယ်။

“စစ်ဘေးရှောင်ဦးရေတိုးလာတယ်၊ ချင်းပြည်နယ်ကနေ လာတဲ့သူများတယ်၊ မီဇိုရမ်အစိုးရ၊ အသင်းတော်၊ NGO, ကျောင်း သားသမဂ္ဂနဲ့ ပြည်သူလူထုတွေက ကူညီဆောင်ရွက်ပေးနေကြပါတယ်၊ စစ်ဘေးရှောင် များကလည်း ကျေးဇူးတင်ကြောင်း ထပ်ခါတလည်းလည်း ပြောဆိုကြတယ်” ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောပါတယ်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ် (UN Convention on Refugees) တွင်လက်မှတ်ရေးထိုးထားခြင်းမရှိသောကြောင့် ဗဟိုအစိုးရအနေဖြင့် မြန်မာစစ်ဘေးရှောင်များအား တိုက်ရိုက်ကူညီလို့မရသော်လည်း မီဇိုရမ်ပြည်နယ် အစိုးရ အဖွဲ့မှတဆင့် ကူညီရန် တောင်းဆိုထားတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်းကစလို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုပြင်းထန်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသမှာဖြစ်ပွားခဲ့တဲ့ ခုခံတွန်းလှန်စစ်ပွဲများက ပြင်းထန်ခဲ့ပါတယ်။ အဆိုပါဒေသနေ ပြည်သူများဟာ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်းသို့ ထွက်ပြေးခိုလှုံနေကြရတာဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment