3rd MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၃ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ယူကရိန်နိုင်ငံအပေါ် ကျူးကျော်မှုအရေးပေါ်အခြေအနေဆိုင်ရာ အထူးအစည်း အဝေးကို မတ်လ ၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်မှုဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ပြီး ထောက်ခံမဲပေးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်
📌အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်အရာရှိနဲ့ တပ်သားတစ်ဦး အလင်းဝင်လာ
📌၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တွင် NUG အစိုးရ၏ နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကူညီနိုင်ခဲ့မှု ရှင်းတမ်း ကိုထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ယူကရိန်နိုင်ငံအပေါ် ကျူးကျော်မှုအရေးပေါ်အခြေအနေဆိုင်ရာ အထူးအစည်း အဝေးကို မတ်လ ၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်မှုဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ပြီး ထောက်ခံမဲပေးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံတိုင်းရဲ့ နယ်မြေစိုးမိုးရေး၊ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာတို့အပေါ် အမြဲတမ်းခိုင်မာစွာ ရပ်တည်လျက်ရှိပါကြောင်း၊ ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီး ယူကရိန်း ပြည်သူများအပေါ် တရားမျှတမှုမရှိတဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချပါကြောင်း၊ ယင်းလုပ်ရပ်တွေက ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေတွေကို သိသာထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်တယ်ဆိုတာနဲ့ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာ၊ လွတ်လပ်ရေးနဲ့ ပိုင်နက်နယ်မြေကို လေးစားဖို့ မြန်မာနိုင်ငံ အနေဖြင့် တောင်းဆိုတယ်ဆိုပြီး ဖော်ပြထား ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ယူကရိန်းရဲ့ မြေပြင်အခြေအနေတွေအပေါ် စိုးရိမ်ပူပန်ခြင်းကြီးစွာနဲ့ စောင့်ကြည့် လျက်ရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာ နေတာက ဝမ်းနည်းစရာပင်ဖြစ်တယ်ဆိုတာနဲ့ တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးကာ သိန်းနဲ့ချီတဲ့ လူအများအပြားကလည်း အိုးအိမ်စွန့်ခွာထွက်ပြေးသွားကြရတဲ့အတွက် အအေးလွန်ကဲတဲ့ ရာသီဥတုမှာ လူအများဒုက္ခရောက်နေကြရတဲ့အတွက် ယူကရိန်းအပေါ် စစ်မက်ပြုတိုက်ခိုက်မှုတွေ ချက်ချင်းရပ်တံ့ဖို့ တောင်းဆိုတယ်ဆိုပြီး ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ရဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန် တဲ့ ရာဇ၀တ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အလားတူဆိုးရွားတဲ့ ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ယူကရိန်းပြည်သူတွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေကို တခြားသူတွေထက် ပိုမို နားလည်မျှဝေခံစားနိုင်တယ်လို့ ဆိုပါ တယ်။

မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် အင်အားအလွန်အကျွံသုံးစွဲပြီး ခွဲခြားဖိနှိပ်တိုက်ခိုက်မှုတွေအပြင် လူမဆန်စွာရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်များတွေက နေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ လယ်ယာမြေများ ပျက်စီးခဲ့ပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေက မိမိတို့နေရပ်တွေက စွန့်ခွာခဲ့ရတဲ့အတွက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာ၊ လူပေါင်းများစွာ သေဆုံးဒဏ်ရာရရှိခဲ့တာ၊ အဲဒီလို ဆုံးရှုံးနစ်နာသူတွေထဲမှာ မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ ကလေးသူငယ်တွေလို ထိခိုက်လွယ်တဲ့အုပ်စုတွေ ပါဝင်တဲ့အကြောင်းလည်း ထောက်ပြထားပါတယ်။

တိုက်ခိုက်မှုတွေက လွတ်မြောက်အောင် ထွက်ပြေးလာကြတဲ့ ယူကရိန်းနိုင်ငံသားတွေနဲ့ အခြားနိုင်ငံသားတွေကို နယ်စပ်များဖွင့်ပြီး နွေးထွေးစွာလက်ခံပေးတဲ့ ယူကရိန်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ များကို ချီးကျူးတယ်ဆိုတာနဲ့ ယူကရိန်းကို တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ ပံ့ပိုးပေးသော အဖွဲ့ဝင်နိုင်ငံတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပြီး ယခုထက်ပို၍ ဆက်လက်ပံ့ပိုးပေးကြဖို့အတွက်လည်း မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။

========================

📌📌အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်အရာရှိနဲ့ တပ်သားတစ်ဦး အလင်းဝင်လာ

အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်အရာရှိနဲ့တပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။

မကြာသေးခင်ကပြည်သူ့ပန်းတိုင်အဖွဲ့ နဲ့ ဆက်သွယ်လာတဲ့ လေတပ် က ဗိုလ်ကြီးမုတ်သုံဟာ CDM ပြုလုပ်လာခဲ့သလို လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း တစ်ရင်းက တပ်သားသီဟနိုင်ဟာ အမ်အေ-၃ သေနတ် (၂) လက်နဲ့အတူ ပြည်သူ့ဘက်ကို ကူးပြောင်းလာနိုင်ခဲ့ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ချိတ်ဆက် ဆောင်ရွက်ပေးမှုနဲ့ သူတို့နှစ်ဦးစလုံး လွတ်မြောက်နယ်မြေတခုကို ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။

၂၀၂၁ ခုနှစ်ဧပြီကတည်းက ပြည်သူ့ဘက် ရပ်တည်ခဲ့ပြီး ခက်ခက်ခဲခဲ ပုန်းရှောင်နေခဲ့တဲ့ တပ်ကြပ်ကြီးနောင်ရိုးကို လည်း ပြည်သူ့ပန်းတိုင်အဖွဲ့က လွတ်မြောက်နယ်မြေတခုကို ကူညီပို့ဆောင်ပေးခဲ့ တယ်လို့ဆိုပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့က သိပ်မကြာခင်မှာ သူတို့ကို ပြည်သူလူထုနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်အသုံးချခံအဖြစ်ကနေ အချိန်မီ ရုန်းထွက်ကာ ပြည်သူလူထု နဲ့ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ပေးကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းကိုတော့ Delta News မှထုတ်နုတ်တင်ပြပေးတာဖြစ်ပါတယ်။

========================

📌📌၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တွင် NUG အစိုးရ၏ နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကူညီနိုင်ခဲ့မှု ရှင်းတမ်း ကိုထုတ်ပြန်လိုက်ပါတယ်။

ယခုရှင်းတမ်းတွင် ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း ၃ သောင်း ကျော် နှင့်ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာ ဝန်ကြီးဌာန CDM ဝန်ထမ်း စုစုပေါင်း ၁၉၀၀ ကျော် ရှိသည့် အနက်မှ စားဝတ်နေရေးခက်ခဲနေသော ဝန်ထမ်းများကို အတတ်နိုင်ဆုံးဦးစားပေး ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တွင် NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်း စုစုပေါင်း ကျပ်ငွေသိန်းခုနှစ်ဆယ်ကျော် ( 7,400,000 ကျပ်) ကို ကျန်းမာရေး CDM ဝန်ထမ်း (148) ယောက် မှ မျှဝေပေးနိုင်ခဲ့သလို ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာ ဝန်ကြီးဌာနအနေနဲ့ ထောက်ပံ့ကြေး စုစုပေါင်း ၁,၂၅၄,၈၈၀ကျပ် ရရှိခဲ့ပါသည်။ အဲ့ဒီအထဲမှ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန သင်တန်းနှင့် ကိုယ်ဝန်ဆောင်များ အတွက် ထောက်ပံ့ငွေ ၅၈၀,၀၀၀ ကျပ် ကို ဝန်ထမ်း (၁၃) ဦး ကို မျှဝေပေးခဲ့ပါသည်။ လက်ကျန် ငွေ၊ နွေဦးထီ ထောက်ပံ့ကြေး နှင့် အခြားထောက်ပံ့ကြေးဖြင့် ပေါင်းကာ(၂,၀၅၀,၀၀၀ ကျပ်)ကို ဝန်ထမ်း (၉၀) ဦး ကို ခွဲဝေပေးခဲ့ပါသည်။

နွေဦးထီ ထိုးသားပြည်သူ တစ်ရပ်လုံးကို ကျွန်တော်တို့ CDM Medical Network အနေဖြင့် နွေဦးထီ ထောက်ပံ့ကြေးငွေရရှိ သွားသော CDM ဝန်ထမ်းများ အားလုံးကိုယ်စား အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ကျန်ရှိနေသေးတဲ့ ကျန်းမာရေးCDMဝန်ထမ်းများကိုလည်း တလချင်း ရရှိသော ထောက်ပံ့ကြေးခွဲတမ်းများ အရ အလှည့်ကျ ခွဲဝေပေးဖို့စီစဉ်ထားသည့်အတွက် စိတ်ဓာတ်မကျကြဖို့လည်း အားပေးလိုပါတယ်။

CDM ဟာလည်း တော်လှန်ရေးရဲ့အဓိကထောက်တိုင်များထဲက တခုဖြစ်တဲ့အတွက် နောက်လများမှာလည်း တော်လှန်နိုးကြား နွေဦးထီထိုးသား တို့ရဲ့ ထီထိုးအားလည်း ယခုထက်ပို၍ များလာပြီး CDMဝန်ထမ်းများကို ပိုမိုထောက်ပံ့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ ပါရှိပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

Related Posts:

No comments:

Post a Comment