4th MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၄ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်လာရောက်မယ့် ခရီးစဉ်
📌ကလေးမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ပြည်သူ့ရဲတပ်ဖွဲ့များ ကွင်းဆင်းစစ်ဆေး
📌စစ်ကောင်စီရဲ့အကြမ်းဖက်မှုများကို လက်မခံနိုင်တော့တဲ့ လေတပ်စစ်သည်များပြည်သူ့ဘက်ကိုဝင်ရောက် ရပ်တည်လာနေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်လာရောက်မယ့် ခရီးစဉ်အကြောင်း ဦးစွာတင်ပြပေးပါ့မယ်

မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ အာဆီယံအထူးသံတမန်ရဲ့ ပထမဆုံး မြန်မာခရီးစဉ်ကို မတ်လ ၂၀ ရက်မှာ စတင်မယ် အာဆီယံအထူးသံတမန် ဖြစ်သူကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပရက်ဆော့ခွန်းက မတ်လ ၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူနေချိန်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပရက်ဆော့ခွန်းကတော့ အာဆီယံရဲ့ အထူးကိုယ်စားလှယ်ဖြစ်လာပါတယ်။ မြန်မာပြည်ခရီးစဉ်ဟာ မတ်လ ၂၀ ရက်ကနေ ၂၃ ရက်အထိ ၃ ရက်ကြာမယ်လို့လည်း သူက ပြောပါတယ်။

သူ့ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရေးကိုပဲ ဆက်လက်အားထုတ်မယ်လို့သူကဆိုပါတယ်။ သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်းမှာ သက်ဆိုင်သူအားလုံး ပါဝင်ပတ်သက်သူတွေအားလုံးနဲ့တွေ့ဆုံဖို့ စီစဉ်ထားကြောင်း၊ ရန်ကုန်က ဆေးရုံတစ်ရုံကို လူသားချင်းစာနာမှု အကူအညီပေးတာတွေလည်း လုပ်မယ့်အကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ အာဆီယံဥက္ကဌကမ္ဘောဒီယား ဝန်ကြီးချုပ်ဟွန်ဆင်ရဲ့ ကနဦးကြိုးစားမှုခြေလှမ်းများအရတော့ ထောင်ချခံထားရတဲ့ မြန်မာ့လူထုခေါင်းဆောင်ကို တွေ့ခွင့်ပေးမှာမဟုတ်ဘူးလို့ စစ်အုပ်စုဘက်က ငြင်းဆိုထားပါတယ်။ ဆက်လက်ပြီး အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်တွင်းခရီးစဉ်မှာ ထောင်ဒဏ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည့်အပါအဝင် ဘယ်လိုလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမယ်ဆိုတာတော့ အထူးသံက ထုတ်မပြောထားပါဘူး။ ယခင်တုန်းက ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွဖ်ဟာ အာဆီယံအထူးသံတာဝန်ကို ယူခဲ့ပြီး သူ့ရဲ့မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူဘက်ပေါင်းစုံနဲ့တွေ့ဆုံဖို့ကြိုးစားခဲ့ပါသေးတယ်။ ထိုစဉ်ကတည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုရင်ဆိုင်နေရသူဖြစ်တယ်ဆိုတဲ့အချက်ကို အာဏာသိမ်းအုပ်စုဘက်က ကိုင်စွဲပြီး ငြင်းဆန်ခဲ့ပါသေးတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်ဒေသအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများရှိတယ်လို့ ယူဆတဲ့ရွာများကို နေ့စဉ်နီးပါးမီးရှို့ဖျက်ဆီးမှုတွေလုပ်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ရပ်တည်ချက် မပြောင်းလဲကြောင်း စစ်အုပ်စုက တုံ့ပြန်ထားဆဲဖြစ်ပါတယ်။ ယခုတကြိမ်မှာတော့ အာဆီယံအထူးသံတမန်သစ်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့တွေ့ဆုံလိုတယ်ဆိုရင် တွေ့ဆုံခွင့်ပေးမယ့်အကြောင်း ပြောဆိုထားတာရှိပြီး မည်သူ့ကိုရွေးချယ်ပြီး တွေ့ဆုံစေမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း သိရှိရပါတယ်။

========================

📌📌ဒုတိယသတင်းကတော့ ကလေးမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ပြည်သူ့ရဲတပ်ဖွဲ့များ ကွင်းဆင်းစစ်ဆေးခဲ့ကြတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်စေရန်နှင့် အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းရန် ကျေးရွာပေါင်း ၃၁ရွာကို ကွင်းဆင်းစစ်ဆေးခဲ့ကြတယ်လို့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (Kalay Police Service )က မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ တစ်လအတွင်း ဆောင်ရွက်ထားရှိမှုဖြစ်ပြီး ထိုလုပ်ငန်းစဥ်များနှင့်အတူ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေး ချမ်းသာယာရေးများကိုလည်း ပူးတွဲလုပ် ဆောင်ခဲ့ကြောင်း KPS က ပြည်သူ့ထံအစီရင်ခံ တင်ပြခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၂၅ မှုကို စစ်ဆေးခဲ့ပြီး လက်ဝယ်ရောင်းချသူ သုံးဦးကို ပြစ်ဒဏ်ကျခံနိုင်ရေး ဆောင်ရွက်ထားပြီး သုံးစွဲသူ ၂၂ ဦးကို လုံလောက်သောခံဝန်ပေးထားကြောင်း ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ အလားတူ ကလေးမြို့နယ်အတွင်းဖြစ်ပွားသော သက်ငယ်မုဒိမ်းမှုတစ်မှုနှင့် လီဆည်တိုင်တန်းမှုတစ်မှုတို့အား စုံစမ်းဖော်ထုတ်ထားပြီးဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်စေရန် အကျဥ်းထောင်တစ်ခု တည်ဆောက်လျက်ရှိကြောင်းကိုလည်း KPS က သတင်းထုတ်ပြန်ပါတယ်။ "လွတ်မြောက်နယ်မြေလို့ ပြောလို့ရတဲ့နေရာပါ။ ပြည်သူ့စစ်မဟာဗျူဟာအရ စစ်ခွေးတွေကို လူထုက မပူးပေါင်းတော့ သူတို့ကဘယ်လို့မှ အုပ်ချုပ်လို့မရဘူးလေ" လို့ အကျဥ်းထောင်တည်ဆောက်နေမှုနှင့်ပတ်သက်ပြီး KPS မှ ပြည်သူ့ရဲဘော်တစ်ဦးက ပြောပါတယ်။ "လူတစ်ဦးမှာ သူကျူးလွန်တဲ့ ရာဇ၀တ်မှုအတွက် ထိုက်တန်တဲ့ ကုစားမှုဆိုတာရှိပါတယ်။ လွှတ်ပေးလို့အဆင်မပြေသလို၊ သတ်ဖြတ်တာကလည်း သဘာ၀မကျပါဘူး။ အဲ့တာကြောင့် ထိရောက်တဲ့ကုစားမှုဖြစ်တဲ့အကျဉ်းထောင်ကို မြို့နယ်ပအဖ၊ PDF kalay ရဲ့ ကြီးကြပ်မှုနဲ့ဆောက်လုပ်နေတဲ့အကြောင်း အဖွဲ့ဝင်များက ပြောပြပါတယ်။

အာဏာဖီဆန်ရေးCDM လှုပ်ရှားမှုအပါအဝင် ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းကြောင်းကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ၂၀၂၁​ အောက်တိုဘာ ၇ ရက်တွင် သတင်းထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ KPS ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများတွင် CDM ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြန်လည်စုစည်းပြီး ဘေးကင်းလုံခြုံမှုရှိစေရေး စီမံဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ချက်လည်းပါဝင်ပြီး ကော်မတီဖွဲ့စည်းထားမှုလည်း ရှိတယ်လို့ သိရပါတယ်။ လက်ရှိတွင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် CDM ပြုလုပ်ထားသည့် ရဲများစုဖွဲ့ပါဝင်သော ပြည်သူ့ရဲတပ်ဖွဲ့များ ဖွဲ့စည်းကာ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးအပါအဝင် ရဲလုပ်ငန်းအချို့ စတင်ဆောင်ရွက်လျက်ရှိနေပါပြီ။ အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ကြီးကြပ်ဆောင်ရွက်နေသည့် ကြားကာလ အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နိုင်ရေးအတွက် ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အောက်တွင် ဖွဲ့စည်းထားသော ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် PDF (Kalay) နယ်မြေထိန်းချုပ်ထားနိုင်သော ကျေးရွာများအတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးအတွက် ပြည်သူကို ဝန်ဆောင်မှုပေးနေကြောင်းသိရှိရပါတယ်။

========================

📌📌ဆက်လက်ပီး စစ်ကောင်စီရဲ့အကြမ်းဖက်မှုများကို လက်မခံနိုင်တော့တဲ့ လေတပ်စစ်သည်များပြည်သူ့ဘက်ကိုဝင်ရောက် ရပ်တည်လာနေတဲ့သတင်းကို ပြောပြပေးပါ့မယ်

ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီလုပ်ရပ်များကို လက်မခံနိုင်တော့တဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ မိမိတို့ ဂုဏ်သိက္ခာ၊ မိမိတို့ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ ကြိုးစားလာနေပါတယ်။ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်လာမှုများ တဖြည်းဖြည်း ပိုမို များပြားလာနေပါတယ်လို့ ပြည်သူ့ရင်ခွင်ခိုလှုံသူများအရေး ဆောင်ရွက်နေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ စစ်ကိုင်းတိုင်း မကွေးတိုင်း ကရင်နီပြည်နယ်စတဲ့ဒေသများမှာ စစ်ကောင်စီလေတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေ စိပ်လာစဉ်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ ခုလိုပြည်သူ့အပေါ် သတ်ဖြတ်မှုများကို ရွံရှာလာတဲ့ လေတပ်စစ်သည်များ အခုလို CDM ဝင်ရောက်လာမှတွေ ဖြစ်ပေါ်ခဲ့တာပါ။ အဲ့ဒီလို ပြည့်သူ့ဘက်ရပ်တည်နိုင်ဖို့အတွက် ပြည်သူ့ပန်းတိုင်အဖွဲ့ဟာ ဆက်သွယ်ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေများကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အဖွဲ့ကိုဆက်သွယ်လာတဲ့ တပ်မတော်(လေ)က ဗိုလ်ကြီးမုတ်သုံ နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ တပ်သားသီဟနိုင်တို့ဟာ အမ်အေ-၃ သေနတ် (၂)လက်နဲ့အတူ ပြည်သူ့ဘက်ကိုကူးပြောင်းလွတ်မြောက်လာခဲ့တယ်လို့ ပြည်သူ့ရင်ခွင်က မနေ့ကသတင်းဖော်ပြထားပါတယ်။ အလားတူ ၂၀၂၁ ဧပြီလကတည်းက ပြည်သူ့ဘက် ရပ်တည်ခဲ့ပြီး ခက်ခက်ခဲခဲ ပုန်းရှောင်နေခဲ့ရတဲ့ တပ်ကြပ်ကြီးနောင်ရိုးဟာလည်း ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ချိတ်ဆက်တာကြောင့် လွတ်မြောက်နယ်မြေတခုကို ကူညီပို့ဆောင်ပေးနိုင်ခဲ့ပြီလို့သိရပါတယ်။ လူနေအိမ်ခြေများအား မီးရှို့ဖျက်ဆီးခြင်း၊ အရပ်ဘက်ပစ်မှတ်များအား လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခြင်းများ စသည့် ကြောက်မက်ဖွယ် စစ်ရာဇတ်မှုကြီးများကို ပြောင်ပြောင်တင်းတင်း ဆက်တိုက်ကျူးလွန်နေခြင်းကြောင့် အကြမ်းဖက်စစ်တပ်အနေဖြင့် ပြည်သူလူထုတရပ်လုံးရဲ့ အော့နှလုံးနာစက်ဆုပ်မုန်းတီးမှုများနှင့် ရင်ဆိုင်နေကြရသလို၊ လက်အောက်ခံစစ်သည်များမှာလည်း အာဏာရှင်များအတွက် ပေးဆပ်ရင်း ဂုဏ်သိက္ခာကင်းမဲ့စွာ ဘဝနိဂုံးချုပ်ရတော့မှာဖြစ်တယ်လို့ CDM များကိုလက်ခံကူညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်ကရေးသားပါတယ်။
နေပြည်တော်၊အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းတွင် လုပ်သက် ၁၇ နှစ်ကျော် တာဝန်ထမ်း ဆောင်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် သင်တန်းတက်ရောက်နေသော လေတပ်အရာရှိ DSA အပတ်စဉ် (၅၀) မှ ဗိုလ်ကြီးဇေသူအောင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO - Local PDF) ထံကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် မိသားစုနှင့်အတူ CDM ပြုလုပ်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှစလို့ အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်လူမဆန်မှုများအကြောင်းကို ပြည်သူထံချပြပြောဆိုလာတာကိုလည်း တွေ့ရှိရပါတယ်။
အကြမ်းဖက်စစ်တပ်ကိုစွန့်ခွာလိုကြတဲ့ စစ်သည်များအားကူညီရန် ပြည်သူ့ပန်းတိုင်အဖွဲ့ဟာ ယခင် ပြည်သူ့စစ်သား - People’s Soldiers အဖွဲ့တွင် ပါဝင်ခဲ့သည့် ပြည်သူများ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အခြေပြု အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ ပြည်သူ့ရင်ခွင်ကို ယခုချိန်ထိခိုလှုံဖို့ အခက်အခဲရှိနေတဲ့ စစ်တပ်အရာရှိအရာခံများဟာ ခိုင်းသမျှလုပ်နေရဆဲဖြစ်ပါတယ်။ အခက်အခဲမျိုးစုံကြောင့် CDM အရေးမှာ အကူအညီလိုသူများကို ပြည်သူ့ပန်းတိုင်ကဲ့သို့ ကူညီပေးရေးအဖွဲ့တွေကလည်း နည်းမျိုးစုံဖြင့် ကူညီနိုင်ရန် ကြိုးစားနေကြပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment