သတင်းခေါင်းစဉ်များ -
📌ကုလသမဂ္ဂညီလာခံတွင် စစ်ကောင်စီကိုဆန့်ကျင်ခဲ့သည့် ၁ နှစ်ပြည့်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နယူးယောက်ရှိ မြန်မာများ ဂုဏ်ပြု
📌CRPH နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ IPU တို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့
📌တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရမှုကို လေတပ်အရာရှိနှင့်တပ်သားများဖမ်းဆီးစစ်ဆေးခံနေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ကုလသမဂ္ဂညီလာခံတွင် စစ်ကောင်စီကိုဆန့်ကျင်ခဲ့သည့် ၁ နှစ်ပြည့်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နယူးယောက်ရှိ မြန်မာများ ဂုဏ်ပြုခဲ့တဲ့သတင်း
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က နိုင်ငံအာဏာကို မတရားသိမ်းပိုက်ပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နယူးယောက် ရှိ မြန်မာများက ဦးကျော်မိုးထွန်းရုံးရှေ့သို့သွားရောက်ဂုဏ်ပြုခဲ့ကြသည်။
ယနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့သည် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် နိုင်ငံအာဏာကို လုယူခဲ့သည့် စစ်အာဏာရှင်ကို ဆန့်ကျင်ကာ လက်သုံးချောင်းထောင်ခဲ့သည့် ၁ နှစ်ပြည့်သည့် နေ့လည်း ဖြစ်သည်။
ယနေ့ မြန်မာစံတော်ချိန် ဖေဖေါ်ဝါရီလ ၂၆ ရက်တွင် နယူးယောက်မြို့ရှိ မြန်မာများက ဦးကျော်မိုးထွန်းရုံးခန်းကို သွားရောက်ပြီး ကျေးဇူးတင်ဂုဏ်ပြုစာများ သွားရောက်ပေးပို့ခဲ့ကြသည်။
စည်းလုံးခြင်းသည် အင်အား၊ ပြည်သူသာ အဓိက ဖြစ်သည့်အတွက် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ်ရေး ပြည်သူ့အင်အား၊ ပြည်သူ့စည်းလုံးမှုနဲ့ ဆက်လက်ဆောင်ရွက်သွားကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြန်လည် မေတ္တာရပ်ခံခဲ့သည်။
ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရကို လက်နက်အားကိုးဖြင့် ဖြုတ်ချကာ အတင်းအဓမ္မ အာဏာသိမ်းယူသည့် စစ်တပ်၏ လုပ်ရပ်ကို နိုင်ငံတကာစာမျက်နှာတွင် လူသိရှင်ကြား ပထမဆုံး ဆန့်ကျင်ခဲ့သူမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဖြစ်ပါတယ်။
========================
📌📌CRPH နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ IPU တို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့တဲ့သတင်းကိုတင်ပြပေးပါ့မယ်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU)တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇:၃၀ မိနစ်တွင် ဗီဒီယိုကွန့်ဖရင့်မှတဆင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေဆုံပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို အကူအညီပေးနိုင်ရေး အစီအစဉ်တွေနဲ့ ပတ်သက် ပြီးတော့ အဓိကထား ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union - IPU) မှ ပံ့ပိုးမည့် အကူအညီပေးရေးအစီအစဉ်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် လုပ်ငန်းများ၊ ကော်မတီများ၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံကာပါလီမန်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ ပိုမိုထိရောက်စေမည့် CRPH အဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ဝန်ထမ်းများအတွက် ဆက်သွယ်ဆက်ဆံရေးဆိုင်ရာ စွမ်းရည်နှင့် အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ ဝက်ဆိုက်အဆင့်မြင့်တင်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်း အပါအဝင် သတင်းအချက်အလက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့ကို ဆွေးနွေးသဘောတူညီခဲ့ကြပါတယ်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပဖို့ရှိတဲ့ (၁၄၄) ကြိမ်မြောက် IPU အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရေးနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ သတင်းနဲ့ပြန် ကြားရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝေဖြိုးအောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းနဲ့ ကော်မတီဝင်တွေ တက်ရောက်ခဲ့ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) မှ Technical cooperation Programme ရဲ့ မန်နေဂျာ Ms. Norah Babic နဲ့ ကျွမ်းကျင်သူ Mr. Alex Read တို့ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
📌📌တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရမှုကို လေတပ်အရာရှိနှင့်တပ်သားများဖမ်းဆီးစစ်ဆေးခံနေရတယ်လို့သိရပါတယ်
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး လေတပ် အရာရှိ နှင့်စစ်သားများ အဖမ်းခံထားရတယ်လို့ သတင်းရင်းမြစ်များအရ သိရပါတယ်။ ဖမ်းထားသူတွေကို ရေကြည်အိုင်စစ်ကြောရေးမှာ စစ်ဆေးလျက်ရှိကြောင်း တပ်တွင်းမှလာတဲ့ သတင်းရင်းမြစ်များထံမှသိရပါတယ်။
People’s Force ပြည်သူ့ အင်အားစု (Yangon) က တိုက်လေယာဉ်တွေကို ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာဟာ သူတို့လက်ချက်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပြီး တိုင်းရင်းသားဒေသများရှိ အပြစ်မဲ့အရပ်သားနှင့် စစ်ဘေးရှောင်တွေကိုထိခိုက်သေကျေအောင် ဖိုက်တာဂျက်တိုက်လေယာဉ်များက ရက်ရက်စက်စက်ဗုံးကြဲနေခြင်းကို တုံ့ပြန်ခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။ တိုက်ခိုက်မှုကြောင့် လေယာဉ်နှစ်စီးထိခိုက်ပျက်စီးမှုရှိတယ်လို့ People’s Force ကသတင်းထုတ်ပြန်ထားသလို လေတပ်တွင်း သတင်းရင်းမြစ်များကလည်း တိုက်လေယာဉ်နှစ်စီးလုံး ပြောပလောက်အောင် မထိခိုက်ဘူးလို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ မှော်ဘီလေတပ်စခန်းမှ လေတပ်အရာရှိဗိုလ်ကြီးများ အပါအဝင် သံသယဖြစ်ခံရသော လေတပ် စစ်သားများကို ဖမ်းဆီးခြင်း မိုဘိုင်းလ်ဖုန်းများကို သိမ်းယူစစ်ဆေးခြင်းများ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်အသုံးပြုရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပေ့ချ်ကို Like and Share ပြုလုပ်ထားသူ လေတပ်မိသားစု များကိုပါ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သတင်းများရရှိပါတယ်။
"လေတပ်ထဲဗုံးခွဲခံရတဲ့ Case မှာ တပ်ထဲက မသင်္ကာတဲ့သူတွေ အကုန်ဆွဲစိ ခံရတယ် ။ NUG ကို Like နဲ့ Share လုပ်မိထားတဲ့ ဗိုလ်ကြီး တွေပါ အစိခံရတာ။ ရေကြည်အိုင်ကို ခေါ်သွားခံရတယ်။ အထဲမှာ အချင်းချင်းပြန်ချပြီး ဒီကောင် တွေ တိုင်ပတ်ကုန်ကြတယ်" ဟု တပ်တွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ပြည်သူ့ဘက်ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ CDMer ဗိုလ်ကြီးညီသုတကတော့ စစ်တပ်အတွင်းမှာ ဖြစ်စဉ်တစ်ခုဖြစ်ရင် တပ်ထဲရှိတဲ့သူတွေကို တန်းစီကွင်းခေါ် ၊ ခန်းမသွင်းတယ်။ အားလုံးကို မယုံဘူး။ သူတို့အချင်းချင်းလည်း မယုံဘူး။ လေတပ်ဖြစ်စဉ်မှာဆိုရင် လေယာဉ်မှူးတွေကိုပါ ဖမ်းစစ်တယ်။ လုံခြုံရေးတွေကိုလည်း ဖမ်းစစ်တယ်။ တပ်တောင်မှ တစ်တပ်ထဲကိုမဟုတ်ဘူး။ တပ်တိုင်းကို ကြပ်တယ်။ လက်အောက်ငယ်သားတွေက အကုန်စိတ်ညစ်ကုန်ရော။ စစ်ကောင်စီက သူ့တပ်သားတွေကို မယုံတာကြောင့် တစ်တပ်လုံးကိုသံသယနဲ့ ကြည့်တယ်။ အဲ့ဒီလိုမျိုး အချင်းချင်း မယုံကြည်ကြဘူးဆိုတဲ့စိတ်က ခံရခက်စေတယ်။ ဖမ်းစစ်ခံရတဲ့အထဲမှာ NUG နဲ့ PDF ကို ဖောင်းထုချင်လို့ Follow လုပ်ထားသူတွေပါပါတယ်။ စစ်တပ်က သူ့လက်အောက်ခံတပ်သားတွေကို မွန်းကြပ်အောင် နည်းမျိုးစုံနဲ့ ဖိအားပေးနေတယ်။ အဲ့ဒီမွန်းကြပ်မှုတွေကပဲ သူ့တပ်သားတွေ စစ်ကောင်စီကို စွန့်ခွါဖို့ အကြောင်းပြချက်ဖြစ်လာတာပါပဲ။ တပ်တွင်းမှာ မွန်းကြပ်မှုတွေမြင့်လေလေ စစ်ကောင်စီအကြပ်ရိုက်လေလေပါပဲ လို့ သူ့ရဲ့အမြင်ကို လူမှုကွန်ရက်ပေါ်မှာ ထုတ်ဖော်ရေးသားထားတာ တွေ့ရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment