27th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ခွဲထွက် BGF အဖွဲ့မှတိုက်ခိုက်သဖြင့် စစ်ကောင်စီလက်အောက်ခံ BGF များ ထိခိုက်ဒဏ်ရာရ
📌ဖက်ဒရယ်ဒီမိုကရေစီလိုလားသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ (SSPP)က သဘောထားထုတ်ပြန်
📌သုံးရက်အတွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များ ၂၀ ဦးသေဆုံးတယ်လို့ ကေအန်ယူကသတင်းထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ခွဲထွက် BGF အဖွဲ့မှတိုက်ခိုက်သဖြင့် စစ်ကောင်စီလက်အောက်ခံ BGF များ ထိခိုက်ဒဏ်ရာရတဲ့သတင်းကိုဖော်ပြပေးပါ့မယ်

ကရင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံအဖြစ် လူသိများတဲ့ နယ်ခြားစောင့်တပ် BGF တပ်ကို ကရင်ပြည်သူများက မုန်းတီးနေကြပြီး ခွဲထွက်အဖွဲ့များပေါ်ပေါက်လာကာ ခုလိုထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ငြိမ်းချမ်းစွာဆန္ဒပြသော ကရင်အမျိုးသားတို့ရဲ့ဆန္ဒပြပွဲများကို ဖြိုခွင်းရာမှာ အာဏာသိမ်းစစ်တပ်ဟာ ဒေသခံဖြစ်တဲ့ နယ်ခြားစောင့် ကရင် BGF တပ်ကိုအသုံးချခဲ့ပါတယ်။ ကရင့်အမျိုးသားသစ္စာဖောက်အဖြစ် ကရင်လူထုကြားမှာ မုန်းတီးဝေဖန်မှုတွေခံနေရတဲ့ BGF တပ်ဟာ ဒေသတွင်း ရိုးရာပွဲများတွင် ဘာသာရေးကိုဗန်းပြပြီး လောင်းကစားဝိုင်းများ အကောက်ကောက်ခြင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးလုပ်ကိုင်ခြင်းစတဲ့ နာမည်ဆိုးများဖြင့်လည်း ထင်ရှားလာတာဖြစ်ပါတယ်။ ဖာပွန်ဒေသကို ထိုးစစ်ဆင်ရာမှာလည်း စစ်ကောင်စီတပ်များရဲ့အသုံးချမှုကိုခံနေရတဲ့ BGF တပ်များဟာ KNU KNLA တပ်များရဲ့ တိုက်ခိုက်ချေမှုန်းမှုကို ခံခဲ့ရပြီး ကရင် BGF တပ်များကတော့ လက်နက်ကြီးများဖြင့် ကရင့်ရွာများကို ရမ်းသမ်းပစ်ခတ်တာကြောင့် ကရင်လူထုကြား ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကရင် BGF တပ်တွင်းခွဲထွက်တပ်ဖွဲ့များ ပေါ်ပေါက်နေပြီး ခွဲထွက်အဖွဲ့များရဲ့ မကျေနပ်သော တုံ့ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာနေတပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တပ်သားသစ်စုဆောင်းနေသည့် စစ်တပ်လက်အောက်ခံ BGF နှင့် ခွဲထွက် BGF တို့ ဖေဖော်ဝါရီလ ၂၅ ရက်၊ ညသန်းခေါင် ၁၂ နာရီခန့်က အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲမှာ BGF တပ်ဖွဲ့ဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ခွဲထွက် BGF ထံမှ သိရပါတယ်။

ဘားအံမြို့နယ်၊ မင်းဇီ-ကုလားကုန်းကျေးရွာချင်းဆက်လမ်းမပေါ်တွင် လောင်းကစားပွဲ (ဒေသအခေါ်) အာဝဒေးပွဲမှ ပြန်လာသည့် ဘိုငြိမ်း ဦးဆောင်သည့် ကရင် BGF တပ်ဖွဲ့ဝင် ၈ဦးစီးနင်းလာသော မော်တော်ယာဉ်ကို ခွဲထွက် BGF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့တယ်လို့ ခွဲထွက် BGF မှ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
"၅ ယောက်က လမ်းပေါ်ပုံလဲကျသွားတာ။ ၃ ယောက်က အပြင်းအထန်ဒဏ်ရာရတယ်။ ၂ ယောက်က မစိုးရိမ်ရဘူး။ ပြည်သူ့ဘက်တော်သားခွဲထွက် BGF အဖွဲ့ကတော့ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဘိုငြိမ်းက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အဲဒီကျေးရွာတွေဖက်မှာ ပြည်သူတွေကို နှိပ်စက်ညှင်းပန်းလို့ နာမည်ဆိုးနဲ့ ကျော်ကြားနေတာ။ လူငယ်တွေဆိုရင် BGF ထဲဝင်ဖို့ တပ်သားသစ်လိုက်စုဆောင်းနေတယ်" လို့ သူက ပြောပြပါတယ်။

ယင်းကဲ့သို့ ပစ်ခတ်မှုများကြောင့် BGF မှ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကာ ခွဲထွက် BGF အဖွဲ့အနေဖြင့် တစ်ဦးမျှ ဒဏ်ရာရရှိခြင်းမရှိဘဲ ဘေးကင်းစွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရပါတယ်။ ကရင်ကျေးရွာအချို့တွင် BGF သို့ မဝင်ရောက်သည့် လူငယ်များ၊ စစ်ကောင်စီအား ဆန့်ကျင်သူများကို ဘိုငြိမ်းမှ တိုင်တန်းသဖြင့် အချို့မှာဖမ်းဆီးခံထားရတယ်လို့လည်း သတင်းများကဆိုပါတယ်။ အချို့မှာ ရွာတွင်မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျေးရွာနယ်မြေတာဝန်ခံများထံမှ သိရပါတယ်။

ခွဲထွက် BFG အနေဖြင့် ဘိုငြိမ်း၏ လုပ်ရပ်များကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ထပ်မံပြုလုပ်မှုများ ရှိပါက အသေပစ်ခတ်ရှင်းလင်းမှုများ ပြုလုပ်သွားမည်လို့လည်း ခွဲထွက် BGF မှ သတိပေးထားပါတယ်။ တိုက်ပွဲနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းဇီ၊ ကုလားကုန်းကျေးရွာနှင့် အနီးပါတ်ဝန်းကျင်ရှိ ကျေးရွာများတွင် လိုက်လံရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေပြီး လူငယ်များကိုလည်း သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် သတိထားသွားလာကြရန် ခွဲထွက် BGF မှ သတိပေးထားပါတယ်။

========================

📌📌ဖက်ဒရယ်ဒီမိုကရေစီလိုလားသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ (SSPP) က သဘောထားထုတ်ပြန်တဲ့သတင်းကို တင်ပြပါ့မယ်

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏ ၂၀၂၁ တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိကျင်းပခဲ့ရာ အစည်းအဝေးအပြီးတွင် ဖက်ဒရယ်ဒီမိုကရေစီလိုလားသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို SSPP ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ထောင်နိုင်ရေးကို တိုင်းရင်းသားအားလုံးရဲ့ ဘုံနိုင်ငံရေးပန်းတိုင်အဖြစ် သန္နိဌာန်ချမှတ်ထားမှသာလျင် ငြိမ်းချမ်းသော ပြည်ထောင်စုခရီး ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း SSPP က ဖော်ပြပါတယ်။ လက်ရှိ ဖြစ်ပွားလျက်ရှိသည့် မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းမှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းသာဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကသဘောထားထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါသဘောထားကြေငြာချက်ကို ထုတ်ပြန်နိုင်ခဲ့သော အစည်းအဝေးတွင် ရှမ်းပြည်တိုးတက်ရေးပါတီမှ ဗိုလ်ချုပ်ကြီးဆေထင်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်တွင်းဆောင်ရွက်ခဲ့သော လုပ်ငန်းများကို အကျယ်တဝင့်ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ နိုင်ငံရေးအရ ဘုံပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ဆောက်လိုသော မဟာမိတ်များနှင့်လက်တွဲမယ်လို့ အစည်းအဝေးအပြီးထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဆက်လက်ပြီး ပြည်တွင်းစည်းလုံးညီညွတ်ရေးဟာ မရှိမဖြစ်လိုအပ်လာပြီဖြစ်လို့ ပြည်ထောင်စုအတွင်းရှိ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားသော အင်အားစုများအားလုံးအနေဖြင့် စည်းလုံးညီညွတ်သော အခြေအနေ တစ်ရပ်ဖြစ်အောင်ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ SSPP အနေဖြင့် မူးယစ်ဆေးဝါးပပျောက်ကင်းစင်ရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆထက်တံပိုး ဆက်လက်ဆောင်ရွက်သွားမည်ဟူ၍လည်း သဘောထားထုတ်ပြန်ချက်မှာ ရေးသားပါရှိတာတွေ့ရပါတယ်။

========================

📌📌သုံးရက်အတွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များ ၂၀ ဦးသေဆုံးတယ်လို့ ကေအန်ယူကသတင်းထုတ်ပြန်လိုက်ပါတယ်

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး မှ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့တိုက်ပွဲသုံးရက်အတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရတဲ့အပြင် ကား ၇ စီးပျက်စီးသွားတယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညနေပိုင်းက လက်နက်ခဲယမ်းနှင့်ရိက္ခာများ တင်ဆောင်လာသော စစ်ကောင်စီယာဥ်တန်းကို KNU-သထုံခရိုင်၊ တပ်မဟာ ၁ ၊KNLA တပ်ရင်း ၁ တပ်ဖွဲ့များမှ သထုံခရိုင်-ဖားအံမြို့နယ်၊ ဝါးဘိုးတော-ကမမောင်း လမ်းမတစ်လျှောက် (၄) ကြိမ်မိုင်းဆွဲ တိုက်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၃ရက်နေ့ ထိတွေ့မှု (၄)ကြိမ်အနက် (၃)ကြိမ်မှာ ထိခိုက်သေဆုံးမှုမသိရပဲ ညနေ ၇ နာရီဝန်းကျင်၌ ထိတွေ့မှုတွင် စစ်ကောင်စီဖက်မှ တပ်ခွဲမှူးအဆင့်ရှိသူတစ်ဦးအပါအဝင်(၃)ဦးသေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကား(၂) စီးပျက်စီးသွားတယ်လို့လည်းမြေပြင်သတင်းပေးပို့မှုအရ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း KNLA တပ်ရင်း ၁ တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှု (၅) ကြိမ်ထက်မနည်းရှိပြီး စစ်ကောင်စီဖက်မှ ဗိုလ်အဆင့်ရှိသူ တစ်ဦးအပါအဝင် (၁၀)ဦးသေကာ ကား ၄ စင်းပျက်စီးပြီး ၇ဦး ထိခိုက်ဒဏ်ရာရကြောင်းသိရပါတယ်။
ဖေဖော်ဝါရီ ၂၅ရက်နေ့ကလည်း KNLA- တပ်မဟာ၁ ၊ တပ်ရင်း(၁)နယ်မြေအတွင်း စစ်ကောင်စီတပ်များနှင့် KNLA တပ်များ ထိတွေ့မှု ၂ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၇)ဦးသေကာ(၁)ဦးဒဏ်ရာရရှိ၍ ကား ၁ စင်း ပျက်စီးခဲ့ကြောင်း မြေပြင်တပ်ဖွဲ့များထံမှ သိရပါတယ်။
ဖေဖော်ဝါရီ လ၂၃-၂၄ရက်နှင့် ၂၅ ရက်နေ့ (၃)ရက်အတွင်း ကေအဲန်ယူ၊ သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်း KNLA တပ်ရင်း ၁ တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များအကြား မိုင်းဆွဲတိုက်ခိုက်မှု၊ ထိတွေ့ပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်းရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ကား ၇ စင်း ပျက်စီးကာ KNLA ဖက်မှ ထိခိုက်မှုမရှိဟုသတင်းထုတ်ပြန်ထားတာ တွေ့ရှိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment