သတင်းခေါင်းစဉ်များ -
📌ရုရှရဲ့ ယူကရိန်းအပေါ် တိုက်ခိုက်မှုကို NUG အစိုးရက ရှုတ်ချကြောင်းသတင်းထုတ်ပြန်
📌အကြမ်းဖက်စစ်တပ်မှ ဒုဗိုလ်မှုးကြီးနှစ်ဦး CDM ပြုလုပ်ခဲ့ပြီး နောက်ထပ်အရာရှိများလည်း ရှိလာနိုင်သေးကြောင်း တပ်တွင်းသတင်းများ ထွက်ပေါ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ရုရှရဲ့ ယူကရိန်းအပေါ် တိုက်ခိုက်မှုကို NUG အစိုးရက ရှုတ်ချကြောင်းသတင်းထုတ်ပြန်လိုက်ပါတယ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန
ယူကရိန်းနိုင်ငံအရေးနှင့် စပ်လျဥ်းသည့် ထုတ်ပြန်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် ယူကရိန်းနှင့် ၎င်း၏ပြည်သူ များအပေါ် ဆင်နွှဲလာသည့် စစ်ပွဲကို ရှုတ်ချသည်။ ယင်းလုပ်ရပ်များသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံအပေါ် ကြောက်မက်ဖွယ်ရာ ပြင်းထန်သော တိုက်ခိုက်မှုများသည် လေကြောင်း၊ ကုန်းမြေနှင့် ရေကြောင်းတို့မှ လုပ်ဆောင်နေပြီး အဆိုပါ တိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး ထောင်နှင့်ချီသော အရပ်သားများကို ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာစေခဲ့ပြီဖြစ်သည်။
ယူကရိန်း၏ နယ်နမိတ်တည်တံ့ခိုင်မြဲမှု၊ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာတို့ကို လေးစားရန် မြန်မာက တောင်းဆိုပါသည်။ အချုပ်အခြာပိုင် နိုင်ငံတခု ကိုကျူးကျော်ခြင်းသည် ကုလသမဂ္ဂ ပဋိညာဥ်ပါ ပြဌာန်းချက်များကို ချိုးဖေါက်ခြင်းဖြစ်ပြီး (၂၁) ရာစု ကမ္ဘာ အတွက် ကောင်းမွန်သည့် နမူနာ တရပ်မဟုတ်ပါ။ ထို့အပြင် ကမ္ဘာငြိမ်းချမ်းရေး ၊ လုံခြုံရေးနှင့် လူသားဖွံ့ဖြိုး တိုးတက်မှုကို ကြီးစွာသော အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါတယ် ဟူ၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
========================
📌📌အကြမ်းဖက်စစ်တပ်မှ ဒုဗိုလ်မှုးကြီးနှစ်ဦး CDM ပြုလုပ်ခဲ့ပြီး နောက်ထပ်အရာရှိများလည်း ရှိလာနိုင်သေးကြောင်း တပ်တွင်းသတင်းများ ထွက်ပေါ်နေပါတယ်
နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး ထင်ရှားတဲ့ CDMer အရာရှိ ကိုညီသုတက တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိနှစ်ဦး ပြည်သူ့ဘက်ပြောင်းလဲရပ်တည်လာပြီး ထပ်မံကူးပြောင်းလာမည့်အရာရှိများလည်းရှိနေကြောင်း တပ်တွင်းသတင်းများကို ကိုးကားပြီး ပြောဆိုလိုက်ပါတယ် အာဏာသိမ်းပြီးကတည်းက ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့ဘက်ကိုပြောင်းလဲ ရပ်တည်ခဲ့ကြတဲ့ စီဒီအမ်များစွာရှိသော်လည်း အမြင့်ဆုံးအဆင့်မှာ ဗိုလ်မှူးသာဖြစ်ပြီး လက်ရှိအချိန်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ ပါဝင်လာမှုများကို တွေ့ရှိနေရပါတယ်။
“ဒီအဆင့်တွေဟာ ပုံမှန်အားဖြင့်ဆိုရင် ထွက်ဖို့ခက်တယ်။ သူတို့ထဲမှာလည်း ဒီလိုပဲ ကြိုတင်တိုင်ပင်ဆွေးနွေးတဲ့သူတွေ ထပ်ရှိသေးတယ်။ တချို့ကတော့ လုပ်ဖို့ရာ ချိန်ဆနေတာတွေရှိတယ်။ ဒီလိုမျိုး ဒုတိယဗိုလ်မှူးကြီးအဆင့်တွေ ဖြစ်လာတဲ့အခါမှာ ဒီလိုပဲ ဒုတိယဗိုလ်မှူးကြီးအဆင့်တွေ၊ သူ့အောက်က အဆင့်တွေက ဒီထက်ပိုပြီးထပ်ပြီးထွက်လာဖို့အတွက် တွန်းအားတစ်ခုပါပဲ”ဟု ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ကိုညီသုတက ပြောပါတယ်။
တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကားပြီး ထပ်မံပြောကြားချက်အရ စစ်တပ်တွင်းမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီအပေါ် မယုံကြည်မှုများ ပိုမိုများပြားလာပြီး ရှေ့တန်းစခန်းများတွင်လည်း စွန့်ခွာလိုသူများ ရှိနေတယ်လို့ဆိုပါတယ်။ “အခု ဒုတိယဗိုလ်မှူးကြီးအဆင့်တွေတောင်ထွက်လာကြပြီပဲဗျာ။ အောက်မှာရှိနေတဲ့ စီနီယာ၊ ဂျူနီယာတွေကတော့ လုပ်သင့်နေပြီ။ သူတို့လည်းသိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်၊
အခက်အခဲတွေကြောင့် မလုပ်နိုင်တာရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ထက်ရာထူးကြီးတဲ့သူတွေတောင် လုပ်နေပြီဆိုတော့ ကိုယ်ကရာထူးလည်းငယ်တယ်။ ကိုယ်က အခိုင်းခံဘ၀နဲ့ ၊ ထိုးကျွေးခံဘ၀နဲ့ ဆက်နေမလားဆိုတာ ဆုံးဖြတ်ကြပေါ့” ဟု ကိုညီသုတက တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင်များအကျိုးစီးပွားအတွက် ကိုယ့်ပြည်သူကိုယ်ပြန်လည်သတ်ဖြတ်သော အလုပ်ကို ဆက်လက်လုပ်ဆောင်မည့်အစား ပြည်သူလူထုဘက်ကို ရဲဝံ့စွာကူးပြောင်းရပ်တည်ရန် စဉ်ဆက်မပြတ်တိုက်တွန်းနေတာတွေ့ရပါတယ်။ လက်နက်အင်အားနည်းပါးသော တိုက်ပွဲပြင်းထန်ရာ တိုင်းရင်းသားဒေသများတွင် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်လာသူ စစ်အုပ်စုမှမည်သူကိုမဆို ငွေသားဆုများဂုဏ်ပြုလျက်ရှိပြီး စစ်အာဏာရှင်လက်တွင်းမှ ဘေးကင်းရာဒေသူများအထိလည်း စီမံပို့ဆောင်ပေးလျက်ရှိတာတွေ့ရပါတယ်။
အာဏာသိမ်းစစ်အုပ်စုကို ဖယ်ရှားရေးဟာ စစ်ရေးအဆုံးအဖြတ်ဖြင့်သာ ရှေ့ဆက်ရတော့မှာဖြစ်ပါတယ်။ မြေပြင်တွင်တော်လှန် ရေးအဖွဲ့ဝင်များက အသက်ပေးကာ နေ့မအား၊ ညမနားတောင့်ခံတွန်းလှန်နေကြပါတယ်။ ပြည်သူလူထုကလည်း လိုအပ်ချက်များကိုကြိုးစားပမ်းစား ဆက်လက်ပံ့ပိုးနေရဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်သူမှန်သမျှလူတိုင်းဟာ လုပ်နိုင်သမျှသော ကူညီမှုများ ဆက်လက်လုပ်ဆောင်ရန်လိုတယ်လို့ ကိုညီသုတက ထုတ်ဖော်ပြောဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူအပေါ် ရက်စက်သောသတ်ဖြတ်မှုများကို လက်မခံနိုင်သော - ပြည်သူနှင့်ပူးပေါင်းလာသောစစ်သားနှင့်ရဲအရေအတွက်ဟာ တစ်သောင်းခွဲဝန်းကျင်ရှိလာပြီဖြစ်ကြောင်း CDM ပြည်သူ့ဘက်တော်သားများကို ကူညီပေးနေသည့်အဖွဲံအစည်းများထံမှသိရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment