၂၀၂၂ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင်ထုတ်ပြန်ကြေညာ
📌သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ကုလဆိုင်ရာ အမေရိကန်သံအမတ်တို့ မြန်မာ့အရေးအတွက် တွေ့ဆုံဆွေးနွေး
📌စစ်အာဏာရှင်အမြစ်ဖြတ်ရန် အားလုံးစုစည်းမှုဖြင့် NUG အစိုးရကိုပူးပေါင်းဝန်းရံဖို့လိုအပ်တယ်လို့ KIO ဥက္ကဌက တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင်ထုတ်ပြန်ကြေညာချက်တရပ်ကို ထုတ်ပြန်
ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်ထောင်စုလွှတ်တော် (တတိယအကြိမ်အစည်းအဝေး) ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ ခေါ်ယူကျင်းပလိုက်ပြီး ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင်ထုတ်ပြန်ကြေငြာချက်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်မှာ -
စစ်တပ်အာဏာသိမ်းမှုကြောင့် လွှတ်တော်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပြည်ထောင်စုလွှတ်တော်၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုတာဝန်ပေးအပ်ခဲ့သည်မှာ တနှစ်တင်းတင်းပြည့်ပီဖြစ်ကြောင်း၊
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးဖမ်းခံထားရပီး အာဏာရှင်၏ဖိနှိပ်ဟန့်တားမှုများကြားမှာပဲ တာဝန်ကိုကြိုးစားထမ်းဆောင်ခဲ့ရာမှာ ပြည်ထောင်စုလွှတ်တော်အရေးပေါ်အစည်းအဝေးတကြိမ်နှင့်ပုံမှန်အစည်းအဝေးတကြိမ် ကျင်းပနိုင်ခဲ့သည် လိုအပ်သည့် ဥပဒေများကို ပြင်ဆင် အသစ်ရေး ပယ်ဖျက်ခြင်းဥပဒေလုပ်ငန်းများအပြင် နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊
မိမိတို့ရောက်ရှိရာဒေသများတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တာဝန်ထမ်းနေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အာဏာသိမ်းခံရခြင်း တနှစ်ပြည့်ကာလတွင် ပြည်သူများအား ထောက်ပံ့ချီးမြှင့် အကူအညီပေးရေးလုပ်ငန်းများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပြည်သူများနှင့် ပူးပေါင်းကူညီလုပ်ကိုင်ခဲ့ကြောင်း၊
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ အမြန်ဆုံးရပ်တန့်နိုင်ရေးနှင့် ဖိအားပေးပိတ်ဆို့နိုင်ရေးအတွက် နိုင်ငံတကာမှပိုမိုလုပ်တောင်ပေးရန် ပြည်သူလူထုတရပ်လုံးကိုယ်စား ပြည်ထောင်စုလွှတ်တော်က တောင်းဆိုပါကြောင်း၊
မြန်မာပြည်သူများအား ထိရောက်စွာအကူအညီပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့်ပူးပေါင်းပေးရန်နိုင်ငံတာကို တောင်းဆိုပါကြောင်း၊
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ရေးအတွက် ကျရာကဏ္ဍတွင်တာဝန်ထမ်းဆောင်နေပီး ဥပဒေများပြဌာန်းနိုင်ရေးကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊
တနှစ်တာကာလအတွင်းအကြမ်းဖက်စစ်ကောင်စီသည် ဘက်ပေါင်းစံမှဘေးကျပ်နံကျပ်ဖြစ်နေပီး စစ်တပ်တွင်လည်း တစစပြိုကွဲလျင်္ကရှိခြင်းကြောင့် အချိန်တခုကိုကြံ့ကြံ့ခံလျှောက်လှမ်းပါက ပြည်သူများ အောင်ပွဲဆင်နိုင်တော့မည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အပြီးတိုင်ကျဆုံးရေးအတွက် ပါဝင်ပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်သည်ဟု ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ဖော်ပြအပ်ပါကြောင်း၊
ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များကိုလည်း ပူးပေါင်းကြပါရန်ထပ်မံဖိတ်ခေါ်ပီး ပြည်ထောင်စုလွှတ်တော်သည် အင်အားစုအားလုံးနှင့်အတူ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းတို့ကို ထုတ်ပြန်ကြေငြာခဲ့ကြပါတယ်။
========================
📌📌သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ကုလဆိုင်ရာ အမေရိကန်သံအမတ်တို့ မြန်မာ့အရေးအတွက် တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Linda Thomas-Greenfield တို့အကြား မြန်မာ့အရေးအတွက် ဖေဖော်ဝါရီ ၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြန်မာပြည်သူတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ဆောင်ပေးဖို့ပြောထားတဲ့ ကတိကဝတ်တွေအပြင် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်သွားအောင် လုပ်ဆောင်ဖို့ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြတာပါလို့ Linda Thomas-Greenfield က တွစ်တာမှာ ရေးသားထားပါတယ်။
မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ထိရောက်စွာနဲ့ ဆောင်ရွက်ပေးကြဖို့အတွက် လည်း တိုက်တွန်းခဲ့သလို အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ထပ်မဖြစ်လာစေရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းက ဟန့်တားမှရမယ်လို့လည်း Linda Thomas-Greenfield က ပြောကြားခဲ့တယ်လို့ သတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Linda Thomas-Greenfield က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့လည်းပြီးခဲ့တဲ့လမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ထားပါသေးတယ်။
========================
📌📌စစ်အာဏာရှင်အမြစ်ဖြတ်ရန် အားလုံးစုစည်းမှုဖြင့် NUG အစိုးရကိုပူးပေါင်းဝန်းရံဖို့လိုအပ်တယ်လို့ KIO ဥက္ကဌက တိုက်တွန်း
ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကချင့်တော်လှန်ရေး ၆၁ နှစ်ပြည့်တော်လှန်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် KIO/KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ က စစ်အာဏာရှင်စနစ်ကို "အမြစ်မှအစ အကိုင်းအခက်မကျန်" ချေမှုန်းနိုင်ရန် တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့များအားလုံး ပန်းတိုင်တစ်ခုအောက်တွင် အတူတကွလုပ်ဆောင်ကြရန်နှင့် NUG အမျိုးသားညီညွတ်ရေးအစိုးရ ကို ဝန်းရံကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။
KIO/KIAဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ကချင့်တော်လှန်ရေးနေ့မိန့်ခွန်းဟာ နွေဦးတော်လှန်ရေးအတွက် အားကောင်းလှတဲ့ သတင်းစကားဖြစ်ပီး ထင်ရှားပြတ်သားတဲ့ ရပ်တည်မှုဖြစ်တယ်လို့ မီဒီယာများကလည်း အကျယ်တဝင့်ဖော်ပြခဲ့ကြပါတယ်။
"တိုင်းရင်းသားအားလုံး လက်တွဲညီညာစွာနဲ့ တိုက်ပွဲဝင်မှသာ (အာဏာရှင်စနစ်) ကို တိုက်ခိုက်ချေမှုန်းနိုင်မှာဖြစ်တယ်။ ဒါတောင် အစွမ်းကုန်ကြိုးစားရမှာပါ။ တစ်ဦးနဲ့တစ်ဦး အထင်မကြီး၊ မယုံသင်္ကာဖြစ်ရင် အဆုံးမှာ အရှက်တကွဲအကျိုး နည်းဖြစ်မှာကို စိုးရိမ်ရတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအင်အားစုတွေအားလုံး ပန်းတိုင်တစ်ခုအောက်မှာ 'အမြစ်ပြတ်' ချေမှုန်းသွားကြရအောင်လို့ တိုက်တွန်းလိုတယ်" စသဖြင့် ဗိုလ်ချုပ်ကြီးအင်ဘန်လ က ပြောဆိုသွားပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရာမှာ စုစည်းညီညွတ်ဖို့လိုအပ်ကြောင်းကိုလည်း ခုလိုထည့်သွင်း ပြောဆိုသွားပါတယ်။
"ယနေ့အချိန်မှာ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ လူမျိုးကိုချစ်တဲ့စိတ်နဲ့ ရရာလက်နက်ကိုစွဲကိုင်ပြီး အာဏာရှင် စနစ်ကို တွန်းလှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အသီးသီးကို မှာကြားချင်တယ်။ အားလုံးဟာ သူရဲကောင်း ရဲဘော်ရဲဘက်တွေဖြစ်ကြပါတယ်။ ဝမ်းသာခွန်းအားရမိပါတယ်။ ဒါပေမဲ့ အားလုံးနာမည်အမျိုးမျိုးနဲ့ လုပ်နေတာမျိုး မဖြစ်သင့်ပါဘူး။ အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းနေတဲ့အဖွဲ့အစည်းအားလုံးဟာ NUG အစိုးရနဲ့အတူ လက်တွဲပြီး လုပ်ဆောင်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ရေရှည်မှာ ပြဿနာတွေရှိလာနိုင်တာကို သတိချပ်ဖို့လိုတယ်" လို့ ဥက္ကဌကြီးကဆိုပါတယ်။
မိန့်ခွန်းတွင်-
ယခင်ရွေးကောက်ခံအစိုးရ NLD လက်ထက်က ပင်လုံညီလာခံသည် အလုပ်မဖြစ်ခဲ့ကြောင်းကိုလည်း ပြန်ပြောင်း ပြောဆိုခဲ့ပါသေးတယ်။
"၂၁ ရာစုပင်လုံအစည်းအဝေးတက်ရောက်ခဲ့သလို အဆိုပါအစည်းအဝေးမှာ UNFC အနေဖြင့် ပင်လုံကတိ ကဝတ်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုတည်ထောင်ဖို့ တိုက်တွန်းတောင်းဆိုခဲ့တယ်။ (ဒီလိုတောင်းဆိုပေမယ့်) ပင်လုံစာချုပ်ဟာပြည့်စုံမှုမရှိဘဲ အားလုံးပါဝင်မှုမရှိတဲ့အပြင် အနှစ်သာရမပြည့်စုံလို့ အသုံးမဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး "တိုင်းရင်းသားများ ကိုယ်ဘာတောင်းရမလဲ ဆိုတာထက် ကိုယ်ဘာပေးနိုင်မလဲဆိုတာ စဉ်းစားပါ" လို့ ပြောဆိုမှုကိုကြားခဲ့ရကြောင်းလည်း ကေအိုင်အိုဥက္ကဌက ပြန်ပြောင်းသတိရပြောသွားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် စစ်အာဏာရှင်၏ပေးကမ်းမှုကြောင့် ရရှိနေသည့် အခွင့်အရေးများသည် ရေရှည်မခံနိုင်ကြောင်းကို အားလုံးနားလည်သိရှိပြီးဖြစ်ကာ နောက်နောင်၌ နောင်တရသည့်အချိန်တွင် အချိန်နှောင်းသွားမည် ဖြစ်ကြောင်းလည်း မိန့်ခွန်းမှာပါရှိတဲ့အပြင် ယခုနှစ်တွင် တနိုင်ငံလုံးမှာတိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း သတိပေးပြောကြားသွားခဲ့ပါတယ်။
တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်တာမို့ မိမိတို့တိုင်းရင်းသားဒေသအသီးသီးမှာ စားနပ်ရိက္ခာများဖူလုံအောင် ထုတ်လုပ်ကြဖို့လည်း ဥက္ကဌကတိုက်တွန်းပါတယ်။ နိုင်ငံရေးပြဿနာအကျပ်အတည်းကာလကို အသုံးချပီး ကိုယ်ကျိုးရှာစီးပွားရေးလုပ်ငန်းများကို ရှောင်ရှားဖို့နှင့် နိုင်ငံရေးအမြတ်ထုတ်မှုအမျိုးမျိုးကိုလည်းရှောင်ရှားကြဖို့ မိန့်ခွန်းမှာ သတိပေးထာားပါတယ်။
KIO (Kachin Independence Organization)ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ထို့နောက် လက်နက်ကိုင်တပ် KIA (Kachin Independence Army)ကို ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါတယ်။ ကေအိုင်အေကို ဖွဲ့စည်းလိုက်သည့် ဖေဖေါ်ဝါရီလ ၅ရက်နေ့ကိုလည်း နှစ်စဉ် ကချင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများကျင်းပလေ့ရှိတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးတွင် ကချင့်တော်လှန်ရေးလက်နက်ကိုင်တပ်များသည်လည်း ပြည်သူများနှင့်အတူ တသားတည်းရပ်တည်၍ စစ်အာဏာရှင်အမြစ်ဖြတ်ရေးတိုက်ပွဲများကို ပြင်းပြင်းထန်ထန်ဆင်နွှဲလျက်ရှိပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment