6th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးကို Video Conference ဖြင့်ကျင်းပနိုင်ခဲ့
📌မာလူထုအများစုသည် တိုင်းရင်းသားများ၏ နစ်နာမှုများအား သိမြင်စာနာတတ်ပြီဖြစ်ကြောင်း NUG အစိုးရကပြောပြီး KIA နှင့်စစ်ရေးပူးပေါင်းရန် အသင့်ရှိတဲ့အကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဖော်ပြခဲ့
📌ရခိုင်ပြည်နယ် မောင်တောတွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးကို Video Conference ဖြင့်ကျင်းပနိုင်ခဲ့ကြတဲ့ သတင်းကိုဖတ်ကြားပေးပါ့မယ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးအား Video Conference မှ တဆင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါတတိယကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ( ၄၄၆) ရှိသည့်အနက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၈၅) ဦးတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ အစည်းအဝေးကို အမျိုသားးညီညွတ်ရေးအစိုး အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ နိုင်ငံတကာပါလီမန် အမတ်များ၊ ပါလီမန်ရေးရာ အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများ၊ လွှတ်တော်အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများက လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ကျဆုံးလေပီးသောနွေဦးတော်လှန်ရေးသူရဲကေင်းများအား ဂုဏ်ပြုအလေးပြုကြပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကက အဖွင့်အမှာစကားပြောပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရပါတယ်။ ဆက်လက်ပီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်း ပြောကြားခြင်း၊ ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြား တင်သွင်းခြင်းနှင့် အတည်ပြုခြင်း၊စသည့်အစီအစဉ်များအပြင် လွှတ်တော်အစည်းအဝေးလုပ်ငန်းစဉ်များအတိုင်း အစီအစဉ်တကျ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ်အမှာစကား ပြောကြားခြင်းဖြင့် ပြည်ထောင်စုလွှတ်တော်တတိယအကြိမ်အစည်းအဝေးကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ကြတာ သိရှိရပါတယ်။

ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးမှ ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်တရပ်ကိုလည်း အတည်ပြုထုတ်ပြန်နိုင်ခဲ့ကြပါတယ်။ ထိုထုန်ပြန်ချက်မှာ စစ်တပ်က ဥပဒေမဲ့အာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးဖမ်းခံထားရကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
အာဏာရှင်၏ဖိနှိပ်ဟန့်တားမှုများကြားမှာပဲ တာဝန်ကိုကြိုးစားထမ်းဆောင်ခဲ့ရာမှာ ပြည်ထောင်စုလွှတ်တော်အရေးပေါ်အစည်းအဝေးတကြိမ်နှင့်ပုံမှန်အစည်းအဝေးတကြိမ် ကျင်းပနိုင်ခဲ့ကြကြောင်း လိုအပ်သည့် ဥပဒေများကို ပြင်ဆင် အသစ်ရေး ပယ်ဖျက်ခြင်းဥပဒေလုပ်ငန်းများအပြင် နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီး တနှစ်တာကာလအတွင်းအကြမ်းဖက်စစ်ကောင်စီသည် ဘက်ပေါင်းစံမှဘေးကျပ်နံကျပ်ဖြစ်နေပီး စစ်တပ်တွင်လည်း တစစပြိုကွဲလျက်ရှိခြင်းကြောင့် အချိန်တခုကိုကြံ့ကြံ့ခံလျှောက်လှမ်းပါက ပြည်သူများ အောင်ပွဲဆင်နိုင်တော့မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ အချက် ဆယ်ချက်ပါထုတ်ပြန်ချက်ကို သဘောတူထုတ်ပြန်ခဲ့ကြတာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့ ပြည်တွင်းပြည်ပအသီးသီးရှိ နိုင်ငံရေး အင်အားစုအားလုံးနှင့်အတူ စစ်အာဏာရှင်ကျဆုံးရေးကို ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

========================

📌📌ဗမာလူထုအများစုသည် တိုင်းရင်းသားများ၏ နစ်နာမှုများအား သိမြင်စာနာတတ်ပြီဖြစ်ကြောင်း NUG အစိုးရကပြောပြီး KIA နှင့်စစ်ရေးပူးပေါင်းရန် အသင့်ရှိတဲ့အကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဖော်ပြခဲ့တဲ့သတင်းကိုဖတ်ကြားပေးပါ့မယ်

ကချင်တော်လှန်ရေးနေ့ကို KIA ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ စတင်ဖွဲ့စည်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကို မူတည်သတ်မှတ်ခဲ့တာဖြစ်ပီး ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာတော့ ကချင်တော်လှန်ရေးနေ့ဟာ ၆၁ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ ၆၁ နှစ်မြောက်ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းကို KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြားခဲ့ပြီး အနှစ်ချုပ်အားဖြင့် အချက် ၇ ချက်ပါဝင်ပါတယ်။
၂၁ ရာစုပင်လုံအစည်းအဝေးမှာ တိုင်းရင်းသားကိုယ်စားပြု လက်နက်ကိုင်အဖွဲ့အစည်းတွေက တင်ပြတောင်းဆိုချက်တွေကို လက်ခံမှုမရှိဘဲ လူမျိုးကြီးဝါဒဆန်ဆန် စစ်တပ်မှတင်ပြတောင်းဆိုချက်ကိုသာ လက်ခံကြဖို့ လုပ်ဆောင်လာခဲ့တဲ့အတွက် “၂၁ ရာစု ပင်လုံအစည်းအဝေးကြီး” ရပ်တန့်ပစ်လိုက်ရတဲ့အကြောင်းကို ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။ ဆက်လက်ပီး နွေဦးတော်လှန်ရေးနဲ့ပက်သက်ပီး လက်ရှိနိုင်ငံရေးအခြေအနေအကြောင်း ပြောဆိုရာမှာ အာဏာသိမ်းစစ်တပ်အားရရလက်နက်စွဲကိုင်တော်လှန်နေကြတဲ့ အဖွဲ့အားလုံးကို သူရဲကောင်းရဲဘော်ရဲဘက်များအဖြစ် ခွန်အားရမိတယ်လို့ KIO ဥက္ကဌကပြောဆိုလိုက်ပါတယ်။ အဖွဲ့အစည်းအားလုံးဟာ ဒီကနေ့အချိန်မှာ NUG အစိုးရနဲ့အတူ လက်တွဲပြီး လုပ်ဆောင်ကြဖို့ လိုပါတယ်လို့လည်း ထည့်သွင်းပြောကြားသွားပီး စုစည်းညီညွတ်မှုမရှိရင် ရေရှည်မှာ ပြဿနာတွေရှိလာနိုင်တာကို သတိချုပ်ဖို့လိုကြောင်း သတိပေးခဲ့ပါတယ်။

(၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရမှ သဝဏ်လွှာတစောင်ပေးပို့ခဲ့ပါတယ်။ သဝဏ်လွှာတွင် ကချင့်တော်လှန်ရေးအတွက် အသက်ပေးသွားကြတဲ့ ကချင့်တော်လှန်ရေး ရဲဘော်များနှင့် ကချင့်အာဇာနည်များကိုသာမက တော်လှန်ရေးကာလတစ်လျှောက် အနှစ်နာခံပေးဆပ်ခဲ့ကြသည့် မိသားစုဝင်များနှင့် ကချင်ပြည်သူလူထုအပေါင်းကို ကိုယ်ချင်းစာ အသိအမှတ်ပြုလျက် အလေးအနက် ဦးညွတ်ဂုဏ်ပြုကြောင်း ပါဝင်ပါတယ်။

အာဏာရှင်အဆက်ဆက်က ဝါဒဖြန့်မှုများကြောင့် တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်မှုအား အဖျက်အမှောင့်လုပ်ရပ်အဖြစ် ရှုမြင်ခဲ့ကြသည့် ဗမာလူထုအများစုသည် ယခုအခါ အကြမ်းဖက်စစ်တပ်၏ လူမဆန်သည့် လုပ်ရပ်များအား မျက်မြင်ကိုယ်တွေ့ ခံစားနေရကြရလျက်ရှိပြီး တိုင်းရင်းသားများ၏ နစ်နာမှုများအား ကွက်ကွက် ကွင်းကွင်း သိမြင် ကိုယ်ချင်းစာလျက် ရှိနေကြပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၆၁ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားကို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော PSLF/TNLA , MNTJP/MNDAA နှင့် ULA/AA တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။ သဝဏ်လွှာထဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ကချင့်တော်လှန်ရေးနေ့မြတ်ကို ကချင်လူမျိုးများနည်းတူ ထပ်တူတန်ဖိုးထားတယ်လို့ ရေးသားဖော်ပြပါတယ်။ လက်ရှိမြန်မာနိုင်ငံ၏ စစ်ရေးနိုင်ငံရေးအခြေအနေအရ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရှိပါက မိမိတို့ညီနောင်မဟာမိတ် သုံးဖွဲ့အနေဖြင့် KIA နှင့်အတူ အသင့်ရှိကြောင်း ရေးသားထားပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့-ကချင်လွတ်မြောက်ရေးတပ်မတော် KIO-KIA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ TNLA နှင့် AA တပ်ဖွဲ့တို့အား ကချင်တော်လှန်ရေး ဌာနချုပ်လိုင်ဇာမြို့မှာ သန္ဓေတည်မွေးဖွားခွင့်ပေးသည့်အတွက် ကြီးမားသောဂုဏ်ဒြပ်များနှင့် KIO - KIA ကိုကျေးဇူးတင်ကြောင်းကိုလည်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဂုဏ်ပြုဖော်ပြခဲ့ကြပါတယ်။

========================

📌📌ရခိုင်ပြည်နယ် မောင်တောတွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပါတယ်


စစ်တပ်က အဓမ္မအာဏာသိမ်းယူခဲ့ပီးနောက်ပိုင်း အင်အားကြီးရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား ထိန်းထိန်းသိမ်းသိမ်းရှိခဲ့ရာကနေပီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှာတော့ မောင်တောမြို့နယ် မီးတပ်ကျေးရွာ အရှေ့မြောက်ဖက်တွင် နှစ်ဖက်တပ်များကြား ၁ နာရီနီးပါးကြာမြင့်တဲ့တိုက်ပွဲတခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဒီတိုက်ပွဲသတင်းကို ရက္ခိုင့်တပ်တော် AA ကအတည်ပြုထားပါတယ်။ တိုက်ပွဲဖြစ်ပွားရခြင်းမှာ အာဏာသိမ်းစစ်တပ် ခမရ ၃၅၂ မှ စစ်ကြောင်း (၁) က ရက္ခိုင့်တပ်တော်အခြေပြုရာနေရာကို ဝင်ရောက်လာပြီး ကင်းသမားအား လက်ဦးပစ်ခတ်ခဲ့ရာမှ တိုက်ပွဲစတင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်က ယခုကဲ့သို့ဝင်ရောက်ပစ်ခတ်မှုမှာ ရခိုင်ပြည်အခြေအနေအား မတည်မငြိမ်ဖြစ်စေရန်လုပ်လိုသည့်သဘောမျိုး ဖြစ်ပြီး ထပ်မံပီး အခြေနေဆိုးအောင်လုပ်လာလျှင် တိုက်ပွဲဆက်ဖြစ်လာနိုင်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် AA ဖက်မှ ကင်းစောင့်ရဲဘော်တစ်ဦး ကျဆုံးမှုရှိခဲ့ပြီး အာဏာသိမ်းမြန်မာစစ်တပ်ဖက်မှ ထိခိုက်ကျဆုံးမှုမည်မျှရှိသည်ကိုတော့ မသိရှိရကြောင်း ဆိုပါတယ်။ ကချင် ကရင်နီပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် စတဲ့ဒေသများမှာ အကြမ်းဖက်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်တဲ့ တော်လှန်စစ်တွေပြင်းထန်နေပေမယ့် အင်အားကြီးရက္ခိုင့်တပ်တော် AA နှင့် အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကြားမှာတော့ ကြီးကြီးမားမားတိုက်ပွဲများ မဖြစ်ပွားခဲ့ပါဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း ရခိုင်ပြည်နယ်ရှိ ရက္ခိုင်တပ်တော် "အေအေ" တပ်ဖွဲ့ ဝင်များနှင့် ဒေသခံများကို စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ကိုဗစ်ကာကွယ်ဆေးများထိုးပေးခြင်းလုပ်ငန်းတွေကိုလည်း အတူပူးပေါင်းဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။

AA ဟာ NUG အစိုးရဝန်ကြီးအချို့နှင့်ဆွေးနွေးပြောဆိုမှုတွေရှိတယ်ဆိုပီး အတည်ပြုမရတဲ့သတင်းတွေထွက်ပေါ်နေပမယ့် NUG အစိုးရ သမတ ဒူဝါလရှီးလရဲ့ စစ်အာဏာရှင်ကိုအတူတိုက်ထုတ်ရန်လက်တွဲလိုကြောင်း ကမ်းလှမ်းချက်ကို ရက္ခိုင့်တပ်တော် AA အနေနဲ့ ရက္ခိတလမ်းစဉ်အတိုင်းသာ ရှေ့ဆက်သွားမယ်လို့အကြောင်းပြန်ခဲ့ဖူးပါတယ်။ အခုလိုထိတွေ့တိုက်ပွဲများ မဖြစ်ပွားခင် လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်မှာလည်း ရခိုင်ပြည်နယ်တွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားနိုင်တဲ့နေရာများမှာ AA ရဲ့ တရားစီရင်မှုတွေ စတင်ဖို့ ရက္ခိုင့်တပ်တော်ဘက်က အားထုတ်လာတာတွေ့ရပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပီး AA ပြောခွင့်ရသူ ခိုင်သုခကတော့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေ ရပ်တန့်ထားတဲ့ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို ရခိုင်လက်နက်ကိုင် AAအဖွဲ့ဖက်က စတင်ပြီး လုပ်ဆောင်နေပြီလို့ သတင်းမီဒီယာတွေကိုပြောကြားထားပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့အခမ်းအနားကိုပေးပို့တဲ့သဝဏ်လွှာမှာ ရက္ခိုင့်တပ်တော် ULA-AA အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ဂုဏ်ကျေးဇူးတွေကို ဖော်ညွှန်းသွားပီး လက်ရှိနိုင်ငံရေးစစ်ရေးအခြေအရ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရှိပါက AA အပါအဝင် မိမိတို့ညီနောင်မဟာမိတ် သုံးဖွဲ့အနေဖြင့် KIA နှင့်အတူ အသင့်ရှိကြောင်း အတိအလင်းရေးသားထားတာကိုလည်း တွေ့ရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment