6th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကျောက်ဆည်မြို့က လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်များကဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်မှုဖြစ်ပွားခဲ့
📌တိုက်ခိုက်ခံရမှုတွေကြောင့် လေတပ်အရာရှိကြီးများစွာ ခိုးကြောင်ခိုးဝှက် အိမ်ပြောင်းရွှေ့နေကြ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကျောက်ဆည်မြို့က လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်များကဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်မှုဖြစ်ပွားခဲ့တဲ့သတင်းကို တင်ပြပေးပါ့မယ်။

ကျောက်ဆည်မြို့က လူသိများတဲ့ပရဟိတသမား ကိုဖြိုးသီဟဇင် နှင့် အကြမ်းဖက်အာဏာသိမ်းဆန့်ကျင်သူတဦးတို့ကို စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ပြီး အလောင်း စွန့်ပစ်ထားခဲ့ကြပါတယ်။ we love kyaukse အဖွဲ့ကိုဦးဆောင်တည်ထောင်ပီး ဒေသတွင်းအများကျိုးပြုလုပ်ငန်းများကိုလုပ်ဆောင်ပြီး လူသိများတဲ့ ကိုဖြိုးသီဟင်ဇင်ဟာ ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ်။ ပုဒ်မ ၅၀၅ (က)နဲ့အမှုဖွင့်ခံထားဖူးရာမှ ခံဝန်ဖြင့်နေအိမ်မှာပဲ နေထိုင်နေသူလည်းဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် နေအိမ်ရှိရာကို အရပ်ဝတ်နဲ့စစ်ကောင်စီတပ်ဖွဲ့များကအတင်းလာရောက်ဖမ်းဆီးသွားတာဖြစ်ပီး ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းမှာတော့ ရုပ်အလောင်းအား ကျောက်ဆည်မြို့ သစ်ကြီးတန်းရပ်ကွက်အနီး မြို့ရှောင်လမ်းပေါ်တွင် လာပစ်ထားတာတွေ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်သူဖြစ်ပြီး ပြည်သူ့အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူတဦးကလည်း ကိုဖြိုးသီဟဇင်နှင့်အတူ သတ်ဖြတ်ခံရကာ ရုပ်အလောင်းနှစ်ခုအား လာရောက်စွန့်ပစ်ခဲ့ကြတာပါ။ ထိုသို့ စွန့်ပစ်ထားတာကို ပရဟိတ အသင်းတစ်သင်းက တွေ့ရှိခဲ့ပြီး ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ရာမှ မိသားစုဝင်တွေက အလောင်းကို ပြန်ထုတ်ယူခွင့်ရခဲ့တာဖြစ်ကြောင်း ကျောက်ဆည်မြို့ခံတွေက ပြောပါတယ်။
"၄ ရက်နေ့ညက စစ်တပ်က ကိုဖြိုးသီဟဇင်ရဲ့ အိမ်ဝင်စီးတယ်။ သူက ခံဝန်နဲ့ ပြန်လာပြီးနေတာ။ အေးအေး ဆေးဆေးနေတယ်။ ပရဟိတသမား။ လူပျိုလူလွတ်။ အင်မတန်မှ သနားကြင်နာတတ်သူ။ သစ်ပင်တွေစိုက်သူ။ We Love Kyaukse ဦးဆောင်သူ။ ကျောက်ဆည်မှာ တံတားတစ်စင်း မကောင်းတာ သူကိုယ်တိုင်အလှူခံပြီး မနှစ်က ခင်းထားသေးတယ်။ အဲဒီလိုလူမျိုးကို ဖမ်းပြီး လုပ်ရက်တာ။ နောက်ပြီး အရင်အုပ်ကြီးဟောင်း ရဲ့ သား NLD ပါတီထောက်ခံသူလည်း မနေ့ညက အဖမ်းခံရပြီးအသတ်ခံရတယ်။ ကိုဖြိုးနဲ့ အဲဒီလူငယ် နှစ်ဦးအလောင်းကို မြို့ရှောင်လမ်းမှာ လာပစ်ထားတယ်။ ည ၁၁ နာရီမှာ လာဖမ်းပြီး သေနတ်နဲ့ပစ်တယ်။ ဓားနဲ့ခုတ်ထားတယ်" လို့ ကျောက်ဆည်ဒေသခံတစ်ဦးက ပြောပြပါတယ်။
ကိုဖြိုးသီဟဇင်ဟာ လူပျိုလူလွတ် ပရဟိတသမားတစ်ယောက်ဖြစ်ပြီး သနားကြင်နာတတ်သူ၊ သစ်ပင်စိုက်သူ၊ We Love Kyaukse ဦးဆောင်သူ တစ်ယောက်ဖြစ်ကာ လူချစ်လူခင်များသူဖြစ်ပါတယ်။ ဆန္ဒပြမှုကြောင့်ဖမ်းခံခဲ့ရပီး ခံဝန်ထိုးထားသူများအား စစ်တပ်ကအခုလိုဖမ်းဆီးသတ်ဖြတ်နေမှုနဲ့ပက်သက်ပီး အကြောင်းရင်းကိုတော့ မသိရတဲ့အကြောင်း မြို့ခံတွေက ပြောပါတယ်။
စစ်တပ်က အဓမ္မအာဏာသိမ်းပြီးတနှစ်ပြည့်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ကောင်းစွာလည်ပတ်နိုင်ခြင်းမရှိသလို စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့လက်နက်ကိုင်ခုခံတိုက်ပွဲတွေလည်း နေ့စဉ်လိုလိုပြင်းထန်နေဆဲပါပဲ။ စစ်အုပ်စုဘက်က ထင်ရာစိုင်းဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ခုဆိုရင် နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရသူတွေဟာ ၁၅၁၀ ဦးထိရှိခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရက ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။

========================

📌📌တိုက်ခိုက်ခံရမှုတွေကြောင့် လေတပ်အရာရှိကြီးများစွာ ခိုးကြောင်ခိုးဝှက် အိမ်ပြောင်းရွှေ့နေကြတယ်ဆိုတဲ့သတင်းကို ဆက်လက်တင်ပြပေးပါ့မယ်။

လူမှုကွန်ရက်ပေါ် လိပ်စာပေါက်ကြားပြီးနောက် တိုက်ခိုက်ခံရမှုတွေရှိလာတဲ့အတွက် အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်အရာရှိကြီးများစွာ ခိုးကြောင်ခိုးဝှက် အိမ်ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီ ၃ ရက်နေ့က မြောက်ဥက္ကလာ၊ ၈ ရပ်ကွက်နေ စစ်အုပ်စုခန့် ဗိုလ်မှူးကြီးအဆင့်ရှိသူ ခေတ္တဒုတိယ လေတပ်စခန်းဌာချုပ်မှူး အောင်မျိုးကျော်ရဲ့ အိမ်အနီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရမှု၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့က စစ်အုပ်စုခန့် လေတပ်ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ ရန်နိုင်ဝင်းရဲ့ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်အတွင်းရှိ နေအိမ်ဝန်းအတွင်း ဗုံးနဲ့အပစ်ခံမှုနဲ့ ဇန်နဝါရီ ၃၁ ညဦးပိုင်းက ရန်ကင်းမြို့နယ်၊ ပါရမီ၊မဥ္ဇူလမ်းရှိ စစ်အုပ်စုခန့် လေတပ်ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ ထက်နောင်တင့်ရဲ့နေအိမ်ကို ၄၀ မမ ဗုံးသီးနဲ့တိုက်ခိုက်ခံရမှုတို့ ဖြစ်ပွားခဲ့ပြီးနောက် အိမ်ပြောင်းရွှေ့တာတွေ ဖြစ်လာတာလို့ တပ်တွင်းသတင်းရင်းမြစ်ကဆိုပါတယ်။
‘အိမ် ၃ လုံးစလုံး ဆက်တိုက်ကိုတိုက်ခိုက်ခံရတယ်။ သေချာထိချက်ပြင်းတာကတော့ ပါရမီထဲ ထက်နောင်တင့်အိမ် အတိုက်ခံရတာ။ ဗုံးသီးက အိမ်ထဲတန်းမှန်တယ်။ လူထိခိုက်တယ်။ သူတို့လေတပ်အရာရှိတွေကို ပစ်မှတ်ထားတိုက်နေပြီဆိုတာလည်း သိတော့ လေတပ်ထဲလည်း လာမနေရဲတော့ လိပ်စာမပေါက်သေးတဲ့အိမ်တွေကို ရွှေ့ကြတယ်’ လို့ သူကပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြည်သူကို သတ်ဖြတ်နေတဲ့ လေတပ်ကို အဓိက ထိန်းကွပ်အုပ်ချုပ်မောင်းနှင်နေတဲ့ ဗိုလ်ချုပ်အဆင့်ကနေ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ အရာရှိ ၄၁ ဦးရဲ့နေရပ်လိပ်စာတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ လာပြီး အဲဒီနေရပ်လိပ်စာတွေဟာလည်း မှန်ကန်တဲ့အတွက် လေတပ်အရာရှိအသိုင်းအဝိုင်းကြား ထိတ်လန့်ခဲ့ကြတယ်လို့ ဆိုပါတယ်။
‘လိပ်စာကမှန်တော့ အတွင်းလူမပါဘဲ ဒီလိပ်စာတွေပေါက်စရာ မရှိဘူးဆိုတာ သိတယ်။ ပြီးတော့ ၃ အိမ်အတိုက်ခံရတော့ ပိုလန့်ကုန်တယ်။ ရပ်ရွာတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးတုန်းက ပြည်သူတွေရဲ့သား သမီးတွေ ငါတို့ရဲ့အဆင်ခြင်ကင်းမဲ့တဲ့ အမိန့်ကြောင့် သေကြေကြပါလားလို့ မတွေးခဲ့တဲ့လူတွေ အခုသူတို့အိမ် အတိုက်ခံရပြီး သူတို့မိသားစုထိခိုက်တော့ ဆတ်ဆတ်ခါနာတတ်နေကြပြီ’ လို့ သူကဆက်ပြောပါတယ်။
ရန်ကင်းက ထက်နောင်တင့်အိမ်နဲ့ မြောက်ဥက္ကလာက အောင်မျိုးကျော်အိမ် တိုက်ခိုက်မှုကို MO8 ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ ၃ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်ထဲက လေတပ်ဝန်းထဲ ဗုံးသီးလောင်ချာနဲ့ ပစ်ခတ်မှုကို MO8 ပြောက်ကျားတပ်ဖွဲ့ကပဲ ပြုလုပ်ခဲ့တာပါ။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment