5th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ရန်ကုန်အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေဆန္ဒပြ
📌ရခိုင်ပြည်နယ်စပ်မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့် အာဆာတို့ တိုက်ပွဲဖြစ်ပွား
📌အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ရွာထဲဝင် နှိပ်စက်လူသတ်ပီး ပစ္စည်းသိမ်းခိုးယူမှုတွေဆက်တိုက်ကျူးလွန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ရန်ကုန်အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေဆန္ဒပြနေတဲ့သတင်းတပုဒ်ကို ဖတ်ကြားပေးပါ့မယ်

စစ်တပ်ကမတရားအာဏာသိမ်းတာ တနှစ်ပြည့်ပီဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အသံတိတ်သပိတ်ကို မြန်မာပြည်တဝန်းလုံးဆင်နွှဲခဲ့ကြပီး ရန်ကုန်အင်းစိန်ထောင်မှာ နိုင်ငံရေးယုံကြည်ချက်ကြောင့်ဖမ်းခံထားရသူတွေကလည်း ထောင်တွင်းဆန္ဒပြပွဲတွေကို နည်းမျိုးစုံနဲ့ပြုလုပ်နေကြတယ်လို့ ကြားသိရပါတယ်။
နိုင်ငံရေးအကျဉ်းသား ၁၅၀ နီးပါးဟာ အာဏာသိမ်းတနှစ်ပြည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစလို့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ထိ ထောင်ထမင်းဟင်းတွေကိုမစားဘဲ အနုနည်းနဲ့ဆန္ဒပြနေတယ်လို့ RFA သတင်းဌာနမှတဆင့်သိရပါတယ်။ စစ်အာဏာရှင်တွေရဲ့မတရားမှုကို ထောင်တွင်းရောက်နေသည်အထိ အငြိမ်မနေဘဲ ဆန့်ကျင်တဲ့အနေနဲ့ ထောင်ကပေးတဲ့ထမင်းဟင်းကိုမစားဘူး ကိုယ်ပိုင်ရိက္ခာခြောက်အနည်းငယ်ကိုသာစားပီး အသက်ဆက်နေတဲ့အကြောင်း အမည်မဖော်လိုတဲ့ရှေ့နေတဦးက ပြောပြသွားတာပါ။ ထောင်နဲ့နီးစပ်တဲ့သတင်းများအရ အဆိုပါ ထောင်တွင်းက ထောင်ထမင်းမစားတဲ့ အနုနည်းဆန္ဒပြပွဲကို အသံတိတ်သပိတ်နေ့ကအတူစခဲ့တာဖြစ်ပီး ဘယ်နှစ်ရက်ကြာသည်အထိ အခုလိုဆန္ဒပြမယ်ဆိုတာတော့မသိရဘူးလို့ဆိုပါတယ် အထိမ်းအမှတ်တခုအနေနဲ့ ပြုလုပ်နေတဲ့ ထောင်ထမင်းမစားတဲ့ ဆန္ဒပြပွဲကို အကျဉ်းသားပေါင်း ၁၄၉ ဦးလောက်စုပေါင်းဆန္ဒပြနေကြတာပါ။ အင်းစိန်ထောင်တွင်းက သပြေဆောင်အမှတ် ၂ မှာပြုလုပ်နေတဲ့ ယခုလှုပ်ရှားမှုကို ထောင်အာဏာပိုင်တွေက တစုံတရာလာရောက်ညှိနှိုင်းခြင်းမရှိသေးသလို ဆန္ဒပြလှုပ်ရှားသူတွေဘက်ကလည်း တစုံတရာတောင်းဆိုတာတွေမရှိသေးဘူးလို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ဒီမိုကရေစီအရေးယုံကြည်ချက်ကြောင့် ပြည်သူပေါင်းများစွာဖမ်းဆီးခံထားရဆဲဖြစ်ပီး အာဏာသိမ်းပြီး ၆ လအကြာ ဇူလိုင် ၂၃ ရက်နေ့ကလည်း ထောင်တွင်းက ကြွေးကြော်သံများနှင့်အတူ စုပေါင်းအော်ဟစ်ဆန္ဒပြခဲ့ကြပီး ထောင်စာမစား လှုပ်ရှားမှုပါဆိုရင် သုံးကြိမ်မြောက် ထောင်တွင်းသပိတ်တိုက်ပွဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆန္ဒပြပွဲများကိုတော့ ရက်ရက်စက်စက်ရိုက်နှက်တာတွေ ရရှိဒဏ်ရာတွေကို ဆေးမကုပေးခြင်းအပြင် တိုက်ပိတ်တဲ့အပြစ်ဒဏ်များကို ခံခဲ့ရတယ်လို့ ထောင်ကျအကျဉ်းသားမိသားစုများထံမှ သိရှိရပါတယ်။ ထောင်တွင်း ဖြစ်ပေါ်နေတဲ့ ထောင်စာမစားလုပ်ရှားမှု ဆန္ဒပြပွဲနဲ့ပက်သက်ပီး အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေကတော့ ဒီသတင်းမဟုတ်ဘူး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အာဏာသိမ်းခံရပီး ၇ လကြာ ဖမ်းဆီးခံခဲ့ရပီးနောက် ပြန်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကတော့ သူ့ရဲ့အမြင်ကီုခုလိုပြောပြါတယ်။ "ထောင်တွင်းဆန္ဒပြတိုက်ပွဲဆိုတာ စပီဆိုကတည်းကကျနော်တို့မှာ ရင်းစရာအသက်ပဲရှိတာကိုး ဘာလက်နက်မှရှိတာမဟုတ်ဘူး ကျနော်တို့တခုခုစုပေါင်းလှုပ်ရှား သပိတ်တိုက်ပွဲလုပ်မယ်ဆိုရင် ကျနော်တို့မှာရင်းစရာက အသက်ပဲရှိတယ် ဒါကြောင့်မို့ ဒီဟာကို ပိုင်းဖြတ်မှုကြီးကြီးမားမားရှိမှသာ တိုက်လို့ရမယ့်ဟာမျိုးပေါ့ " လို့ပြောကြားသွားပါတယ် ၂၀၀၄ ခုနှစ်ကတည်းက ဖျက်သိမ်းထားခဲ့တဲ့ ထောင်တွင်းစစ်ကြောရေးစခန်းတွေဟာ စစ်ကောင်စီလက်ထက်မှာ ပြန်လည်ဖွင့်လှစ်ထားတာကြောင့် ဆန္ဒပြအကျဥ်းသားတွေအတွက် စိုးရိမ်မိတယ်လီု့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ပြောပါတယ်။ ထောင်တွင်းကသပိတ် ဒီကိစ္စနဲ့ပက်သက်ပီး " ထောင်ထဲရောက်သွားပေမယ့်လို့ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အာဏာရှင်ကိုရတဲ့နည်းနဲ့တော်လှန်လီုမှုတွေ အုပ်ချုပ်ခွင့်မပေးလိုမှုတွေ ရတဲ့နေရာရတဲ့အခွင့်အရေးသုံးပီး အသက်ရင်းပီး တော်လှန်ဆန္ဒပြရာရောက်ပါတယ်လို့ " လူငယ်တော်လှန်ရေးတပ်ဖွဲ့ ကျားဖြူ PDF တပ်ခွဲခေါင်းဆောင်ကိုဇေယျာလွင်က ပြောကြားပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လက အင်းစိန်ထောင်တွင်းမှထွက်ပေါ်လာခဲ့တဲ့ ထောင်ကျအကျဉ်းသားများရဲ့သွေးသစ္စာသီချင်းသံပြိုင်သီဆိုသံတွေဟာ ထောင်နံရံများကနေ မီဒီယာများမှတဆင့် ကမ္ဘာကြီးအနှံ့ ကြားခဲ့ကြရပါတယ်။ အဆိုပါဆန္ဒပြပွဲအပြီး ရက်ရက်စက်စက် ရိုက်နှက်ညှဉ်းပန်းမှုတွေခံခဲ့ရပေမယ့် ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဒီဇင်ဘာလမှာလည်း နိုင်ငံရေးအကျဉ်းသားများဟာ ပြည်သူလူထုနှင့်ထပ်တူ တပြိုင်နက်ပါဝင်ဆင်နွှဲခဲ့ပါသေးတယ်။ အာဏာသိမ်း တနှစ်ပြည့်ချိန် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစလို့ ၄ ရက်နေ့ထိ ထောင်ကျသူရဲကောင်းများရဲ့ ထောင်စာမစား အနုနည်းသပိတ်တိုက်ပွဲဟာလည်း ပြင်းထန်နေဆဲဖြစ်ပါတယ်။

========================

📌📌ရခိုင်ပြည်နယ်စပ်မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့် အာဆာတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်


ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း၊ နယ်စပ်မိုင်တိုင် ၄၃ နှင့် ၄၄ ကြားမှာ ဖေဖော်ဝါရီလ ၄ ရက်၊ယနေ့နံနက် ၈ နာရီကျော်အချိန်က တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါတိုက်ပွဲဟာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာဆာအဖွဲ့တို့ တိုက်ကြတဲ့ပွဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

''ဒီမနက် ၈ နာရီကျော်လောက်ကဖြစ်ကြတာပါ။ အာဏာသိမ်းစစ်တပ် နယ်ခြားစောင့်နဲ့အာဆာဖြစ်ကြတာလို့ကြားပါတယ်။ မိုင်တိုင် ၄၃ နဲ့ ၄၄ ကြားမှာပါ။'' ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

(Arakan Rohin gya Salvation Army) အာဆာတပ်ဖွဲ့များဟာ ၎င်းတို့လူမျိုးများအတွက် အကြမ်းဖက်မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက့်ပွဲဝင်နေတာဖြစ်ပါတယ်။ အင်အားကြီး ရက္ခိုင့်တပ်တော် AA ရှိတဲ့ ရခိုင်ပြည်နယ်တွင်းက မောင်တော ဘူးသီးတောင် ရသေ့တောင် စတဲ့နယ်မြေများမှာ လက်နက်ကိုင်လှုပ်ရှားနေတာဖြစ်ပီး အခုလိုပဲ စစ်ကောင်စီတပ်များနှင့် မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါတယ်။

''ငါတို့ဖက်က အထိအခိုက်အကျအဆုံးမရှိဘူး။ မြန်မာစစ်တပ်က စစ်သား ၂ ဦးကျဆုံးတာကို ငါတို့ကိုယ်တိုင်မြင်ခဲ့ရတယ်။ ရိုဟင်ဂျာညီအစ်ကိုတွေအနေနဲ့ ငါတို့အတွက် ဆုတောင်းပေးကြဖို့ ပြောလိုတယ်။'' လို့ အာဆာဖက်က လူမှုကွန်ရက်ပေါ်တွင် ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

ရခိုင်ပြည်နယ်၊မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်မြို့ နယ်သုံးခုမှာ ၂၀၁၇ ခုနှစ်က မြန်မာ့စစ်တပ်က နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာမှာ လူမျိုးတုန်းသတ်ဖြတ်မှု ပြဿနာများဖြစ်ပွားခဲ့ပီး ရိုဟင်ဂျာ ၇ သိန်းနီးပါးတဖက်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရပါတယ်။ အဆိုပါ လုပ်ရပ်ကြောင့် မြန်မာအစိုးရကို နိုင်ငံတကာတရားရုံး(ICJ)မှာ တရားစွဲဆိုထားရာ လာမယ့် ဖေဖေါ်ဝါရီလ ၂၁ရက်နေ့မှ ၂၈ ရက်နေ့အထိ ဒုတိယအကြိမ်ကြားနာရန်ရှိနေပါတယ်။ မြန်မာစစ်တပ်က အကြမ်းဖက်အာဏာသိမ်းခဲ့ပီးနောက်ပိုင်း နိုဝင်ဘာလ ၇ ရက်၊ ၉ ရက်နှင့် ၁၁ ရက်များတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ARSA ဘက်မှ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရတယ်လို့ အာဆာဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ရက္ခိုင့်တပ်တော် အေအေနှင့် မကြာခဏစစ်ရေးတင်းမာမှုဖြစ်ပေါ်နေဆဲဖြစ်ပီး အာဏာသိမ်းစစ်တပ်ကလည်း AA ရဲ့နယ်မြေစိုးမိုးရေးတွေကိုဟန့်တားနိုင်ဖို့ ရခိုင်ပြည်နယ်တွင်း ပြင်ဆင်နေချိန်ကာလမှာ အခုလို ARSA တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်တပ်နစ်ဖက်တိုက်ပွဲများ ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

========================

📌📌အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ရွာထဲဝင် နှိပ်စက်လူသတ်ပီး ပစ္စည်းသိမ်းခိုးယူမှုတွေဆက်တိုက်ကျူးလွန်နေပါတယ်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင်းက မင်းတိုင်ပင်ကျေးရွာကို အာဏာသိမ်းစစ်တပ်အင်အား အလုံးအရင်းနဲ့ဝင်ရောက်လာပီး လူသတ်ပစ္စည်းသိမ်းယူမှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ ပုလဲ-ဂန့်ဂေါလမ်းဘေးမှာရှိတဲ့ မင်းတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီ ၃ ရက်စပြီး ဝင်ရောက်ခဲ့ပြီး ဒေသခံတွေရဲ့ ရွှေဆိုင်၊ ဖုန်းဆိုင်နဲ့အထည်ဆိုင်က ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်သားများက မင်းတိုင်ပင်ရွာကို ဖြတ်သွားတဲ့ ခရီးသွားပြည်သူတွေရဲ့ ကားဆိုင်ကယ်တွေကိုတားပြီး‌တော့ ဓါးပြတိုက်သလို ဖုန်း‌တွေပိုက်ဆံတွေ သိမ်းယူနေခဲ့တာပါ။
“ ဆိုင်ထဲက ပစ္စည်းတွေကို ကားနဲ့ပါသဲ့ယူတာ၊ ရွှေဆိုင်ကတော်တော်တန်ဖိုးများများပါသွားတယ်။ ဖုန်းဆိုင်နဲ့အထည်ဆိုင်တွေဆို ကားနဲ့ထိုးသယ်တယ်။ အိမ်တော်တော်များများကိုလည်း မွှေပြီးတန်ဖိုးကြီးတာတွေအကုန်ရှာယူသွားတယ်။ ရွာထဲရုတ်တရက်ဝင်လာတော့ မပြေးနိုင်တဲ့ ရွာသား ၁၀၀လောက်ကို (ဖေဖော်ဝါရီ ၄) ရက်အထိ ဘုန်းကြီးကျောင်းထဲပိတ်ဖမ်းထားတာ။ မနေ့ညကလည်း တညလုံးရိုက်နှက်စစ်တာလုပ်တယ်။ ရွာအနောက်ဖျားမှာတော့ ရွာသား ၃ ယောက်ကိုတော့ ပစ်သတ်ခဲ့တာ။ နှစ်ယောက်ကတော့ အင်းကန်ရွာသား ၊ နောက်ထပ်တစ်ယောက်ကတော့ ဘယ်ကလည်း မသိဘူး” လို့ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ ပစ်သတ်ခဲ့သူ ၃ဦးထဲက ၂ဦးမှာ အင်းကန်ရွာသားများဖြစ်ပြီး ၁ဦးကတော့ ဘယ်ဇာတိကမှန်း မသိရသေးကြောင်း သတင်းများက ဖော်ပြပါတယ်။

အကြမ်းဖက်တပ်နှင့် လက်အောက်ခံပျူစောထီးတပ်တွေဟာ အဆိုပါလူသတ်ဓမြတိုက်မှုမျိုးမကျူးလွန်ခင်မှာတွေ့ရာလူပေါင်း လေးငါးဆယ်လောက်ထိဖမ်းဆီးထားပီး စာသင်ကျောင်းတွင်နေရာယူကာ လူသားဒိုင်းသဖွယ်လည်း အကာအကွယ်ယူခဲ့ပါတယ်။ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို ရရာလက်နက်ဖြင့်စုဖွဲ့တော်လှန်နေကြတဲ့ ဒေသများတွင် ထင်ရှားတဲ့ ပုလဲမြို့နယ်ပြည်သူ့ဘက်တော်သားများအတွက် မင်းတိုင်ပင်ရွာဟာ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ကမ်းဒေသရဲ့ အားအထားရဆုံးရွာတွေထဲက တရွာဖြစ်တာကြောင့်အခုလို အငြှိုးတကြီးနဲ့ ရက်ရက်စက်စက်ကျူးလွန်တာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။
"အိမ်တွေကို မီးရှို့မယ်ဆိုပြီး ဓာတ်ဆီတွေလောင်းတယ်၊ ပြီးတော့ အိမ်ထဲရှိတဲ့ ပစ္စည်းတွေ ဝင်ယူတယ်၊ ရိက္ခာတွေ၊ တန်ဖိုးရှိတဲ့ဟာတွေ သူတို့ကြိုက်တဲ့ပစ္စည်းတွေဆိုရင် အကုန်ယူတာ၊ ကားနဲ့ကိုသယ်သွားတာ၊ ပြည်သူတွေလဲ ထွက်ပြေးနေကြရတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မင်းတိုင်ပင်ရွာသား ၁၀၀ နီးပါးဟာ စာသင်ကျောင်းထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်ခံနေပြီး ကျောင်းအနီးမှာရှိတဲ့ ရေစင်ပေါ်ကနေ စနိုက်ပါ၊ လက်နက်ကြီးတွေနဲ့ ချိန်ပြီး အကာအကွယ်ယူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ မွေ့တုံရွာ၊ ပန်းရွာ တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး တချို့ရွာတွေဆိုရင် မီးရှို့ဖျက်ဆီးတာ မခံရအောင် အကြမ်းဖက်စစ်တပ်ကို ငွေပေးရတာတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။
ရှောင်လွှဲမရတော့တဲ့အဆုံး အာဏာသိမ်းစစ်တပ်ကိုရင်ဆိုင်ဖို့ တိုက်ပွဲဝင်နေကြတဲ့ စစ်ကိုင်းတိုင်းအတွင်းက ရွာများဟာ ခုဆိုရင် အကြမ်းဖက်စစ်တပ်ရဲ့လူမဆန်တဲ့နည်းပေါင်းစုံနဲ့ ရက်စက်မှုကိုကြံ့ကြံ့ခံရင်ဆိုင်နေကြပါတယ်။
သာလွန်အင်အား လက်နက်ကြီးအားကိုး ပျူစောထီးအားကိုး တွေ့ရာမြင်ရာလူဖမ်းဆီးပြီးလူသားဒိုင်းအဖြစ်အကာအကွယ်ယူခြင်း မသင်္ကာရင်သတ်ဖြတ်ခြင်း ရွာမီးရှို့ခြင်း ပစ္စည်းလုယက်သိမ်းယူခြင်း စသည့်နည်းလမ်းပေါင်းစုံသုံးကာ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူလူထုရဲ့တော်လှန်ရေးကို စစ်ရာဇဝတ်မှုဖြင့် တန်ပြန်နေတာပဲဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment