15th MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၁၅ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရွှေနှင့် ဒေါ်လာများကို လက်ခံရယူခြင်းမရှိကြောင်းထွက်ဆို
📌မြိတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမီးလောင်မှုဖြစ်ပွား
📌အကြီးစား ရေကာတာစီမံကိန်း လုံးဝတားမြစ်ပိတ်ပင်တဲ့ မူဝါဒချမှတ်ပေးဖို့ NUCC ထံ တောင်းဆို
📌နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် တက္ကသိုလ်ကျောင်းသားသုံးဦးအား ကျောင်းသား အာဇာနည်ဘွဲ့ပေးအပ်
📌မြို့သာမြို့ ပေါ်ရှိ လျှပ်စစ်ရုံးကို ယမန်နေ့ညက ဖောက်ခွဲသတိပေး

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရွှေနှင့် ဒေါ်လာများကို လက်ခံရယူခြင်းမရှိကြောင်းထွက်ဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရွှေနှင့် ဒေါ်လာများကို လက်ခံရယူခြင်းမရှိကြောင်း ယမန်နေ့က တရားရုံးတွင် ထွက်ဆိုခဲ့တယ်လို့သတင်းရရှိပါတယ်။

မတ်လ ၁၄ ရက် နေပြည်တော်အထူးတရားရုံးမှာ ဦးဖြိုးမင်းသိန်းပေးခဲ့တယ်လို့ဆိုတဲ့ ရွှေနှင့် ဒေါ်လာများ အမှုအတွက် စစ်ဆေးမေးမြန်းစဥ် မှာ အတိုင်ပင်ခံက ယင်းသို့ထွက်ဆိုခဲ့ခြင်းဖြစ်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ပြစီမံကိန်းများနှင့် ပတ်သက်၍ အကယ်ဒမီအခေါက်ရွှေ ခုနှစ်ပိသာနှင့် အမေရိကန်ဒေါ်လာ ခြောက်သိန်း ပေးခဲ့ရတယ်ဆိုပြီးတော့ တရားရုံးမှာ တရားလိုပြသက်သေအနေနဲထွက်ဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါအမှုမှာ ပြန်ခေါ် သက်သေများ စစ်မေးပြီးတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ မေးမြန်းနေခြင်းဖြစ်ပါတယ်။

ယနေ့ မတ်လ ၁၅ ရက် မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသော အဂတိအမှု ၅ မှုအတွက် ပယ်ဖျက်ပေးရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာသွားမှာဖြစ်ပါတယ်။

========================

📌📌မြိတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမီးလောင်မှုဖြစ်ပွား

မီးဖြတ်ခံထားရတဲ့ မြိတ်မြို့ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။

မတ်လ ၁၄ ရက် ညနေ ၅ နာရီ ၃၀ အချိန်မှာ ပိတ်ထားတဲ့ အဖွဲ့ချုပ်ရုံးဟာ မီးများလောင်ခဲ့တယ်လို့ ဒေသခံများဆီကသိရပါတယ်။

မီးလောင်တဲ့ အဖွဲ့ချုပ်ရုံးတည်နေရာကို မီးသတ်ကားများလာရောက်ခဲ့ပေမဲ့ မီးကို ဘယ်သူရှို့တယ်ဆိုတော့ မသိရသေးဘူးဖြစ်ပါတယ်။

မြိတ်မြို့ တပ်ပြင်ရပ်ကွက် မှာရှိတဲ့အဖွဲ့ချုပ်ရုံးဟာ ယခင် စကစတပ်များရုံးကို ဗုံးခွဲ၊ သေနတ်များနဲ့ပစ်ခတ်ထားလို့ ရုံးဟာ ပျက်စီးနေခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးအပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ တိုင်းရုံး၊ မြို့နယ်ရုံး၊ ရပ်ကွက်/ကျေးရွာရုံးများကို မသမာသူအကြမ်းဖက်သမားများက ဥပဒေမဲ့ဖျက်ဆီးလျက်ရှိရာ ရရှိသောစာရင်းများအရ ဗဟိုရုံးချုပ်အပါအဝင် စုစုပေါင်း (၈၆) ကြိမ်ရှိခဲ့ပြီဖြစ်တယ်လို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီကထုတ်ပြန်ထားပါတယ်။

========================

📌📌အကြီးစား ရေကာတာစီမံကိန်း လုံးဝတားမြစ်ပိတ်ပင်တဲ့ မူဝါဒချမှတ်ပေးဖို့ NUCC ထံ တောင်းဆို

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ မူဝါဒရေးဆွဲရာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ အကြီးစားရေကာတာစီမံကိန်း တည်ဆောက်တာတွေကို လုံးဝတားမြစ်ပိတ်ပင်တဲ့ မူဝါဒချမှတ်ပေးဖို့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ယက်အဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

မတ်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ မြစ်ချောင်းမျာအခွင့်အရေးအတွက် နိုင်ငံတကာလှုပ်ရှားမှုနေ့မှာ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အီးတုထစစ်ဘေးရှောင်စခန်းက ဌာနေပြည်သူလူထုတွေနဲ့ပူးပေါင်းပြီး သဘောထား ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းတည်ဆောက်ဖို့ မူဝါဒရေးဆွဲရာမှာ ဌာနေတိုင်းရင်းသားတို့ရဲ့ နေထိုင်မှု အသက်မွေးဝမ်းကျောင်းနဲ့ကိုက်ညီတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒတွေကို အထူးအလေးထားထည့်သွင်းရေးဆွဲဖို့ တောင်းဆိုထားတာပါ။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကိုအသိအမှတ်ပြုပြီး လုပ်ငန်းတွေကောင်းမွန်စွာ အကောင်အထည်ဖော်လည်ပတ်နိုင်ဖို့အတွက် ငွေကြေးအထောက်အပံ့တွေ၊ နည်းပညာစွမ်းရည်မြှင့်တင်ရေးကဏ္ဍတွေနဲ့ ဥပဒေအကြံဉာဏ်ထောက်ပံ့မှုတွေကို ဒေသခံပြည်သူလူထုနဲ့ ပူးပေါင်းပါဝင် ပံ့ပိုးကူညီပေးဖို့နဲ့ လူထုကိုထိခိုက်စေတဲ့ အကြီးစားဆည်တွေ တည်ဆောက်မှုအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ တောင်းဆိုထားပါတယ်။

ကေအဲန်ယူအနေနဲ့ကလည်း ကော်သူးလေကပြဌာန်းထားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ဆက်စပ်တဲ့ တည်ဆဲမူဝါဒတွေနဲ့အညီ မြစ်ချောင်းတွေ၊ သစ်တောအရင်းအမြစ်တွေ၊ မျိုးတုန်းပျောက်ကွယ်လုတဲ့ တိရိစ္ဆာန်မျိုးစိတ်တွေ၊ ဒီရေတောတွေ စတဲ့ သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းကာကွယ်ပေးဖို့နဲ့ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ ကော်သူးလေဒေသက သဘာဝအရင်းအမြစ်တွေကို အကြီးစားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်သူတွေရဲ့ လက်ဝါးကြီးအုပ်စိုးမှုအောက်မှာ မကျရောက်စေဖို့အတွက် ထိထိရောက်ရောက် အရေးယူကာကွယ်တားဆီးဖို့ တောင်းဆိုထားတာပါ။

ဒါ့အပြင် နိုင်ငံတကာအသင်းအဖွဲ့တွေအနေနဲ့ မတရားအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီအဖွဲ့ကို တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေငြာပေးဖို့၊ ပြည်ပကရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေအနေနဲ့ စစ်ကောင်စီကိုငွေကြေးပံ့ပိုးမှုဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ယက်အဖွဲ့က တောင်းဆိုထားပါတယ်။

========================

📌📌နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် တက္ကသိုလ်ကျောင်းသားသုံးဦးအား ကျောင်းသား အာဇာနည်ဘွဲ့ပေးအပ်

စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးလှုပ်ရှားမှုအတွင်း ကျဆုံးခဲ့သည့် တက္ကသိုလ်ကျောင်းသား သုံးဦးတို့အား ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ပေးအပ်ကြောင်း ကြေညာခဲ့သည်။

ဒဂုံတက္ကသိုလ်၏ အဝေးသင်ဌာနကျောင်းသားများဖြစ်သည့် ကိုနန္ဒဖြိုးအောင် ၂၂ နှစ်၊ ကိုအောင်ကောင်းမိုး ၂၃ နှစ်၊ ကိုဟန်ထက်အောင် ၂၂ နှစ် တို့သည် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုအတွင်း စစ်တပ်၏အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ကိုနန္ဒဖြိုးအောင် (သမိုင်းအထူးပြု၊ ပထမနှစ်) သည် ဒဂုံဆိပ်ကမ်းမြို့နယ်တွင်လည်းကောင်း ကိုအောင်ကောင်းမိုး (မြန်မာစာအထူးပြု၊ စတုထ္ထနှစ်)သည် မြောက်ဒဂုံမြို့နယ်တွင်လည်းကောင်း ကိုဟန်ထက်အောင် (မြန်မာစာအထူးပြု၊ တတိယနှစ်သည်) မြောက်ဥက္ကလာပတွင်လည်းကောင်း ကျဆုံးခဲ့ကြခြင်းဖြစ်သည်။

ကျဆုံးခဲ့သူတို့၏ စွန့်လွှတ်မှုကို ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားထုက အစဉ်အမြဲအောက်မေ့ဦးညွတ်လျှက်ရှိသည်။ တော်လှန်ရေးအတွက် အသက်ပေးစွန့်လွှတ်မှုကို အလေးအမြတ်ပြုသောအားဖြင့်သော်လည်းကောင်း၊ ဒဂုံတက္ကသိုလ်၏ ကျောင်းသားမျိုးဆက်အသီးသီးအတွက် စံနမူပြဖြစ်စေရန်အတွက်လည်းကောင်း ရည်ရွယ်၍ ဒဂုံတက္ကသိုလ်၏ ကျောင်းသားအာဇာနည်ဘွဲ့ကို အပ်နှင်းလိုက်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကျောင်းသားအာဇာနည်တို့အား ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အရေးပေါ်ကာလရုတ်သိမ်းပြီးချိန် (တစ်နည်းဆိုရသော်) နွေဦးတော်လှန်ရေးအောင်မြင်ပြီးချိန်တွင် ဒဂုံတက္ကသိုလ်၏ ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများနှင့် ပြည်သူလူထု၏ ရှေ့မှောက်တွင် ကျန်ရစ်သူမိသားစုများအား အခမ်းအနားဖြင့် ထိုဘွဲ့ကို ပေးအပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်မော်ကွန်းတိုက်၊ ကျောင်းသားသမဂ္ဂမော်ကွန်းတိုက်များတွင် မော်ကွန်းမှတ်တမ်းအဖြစ်ထားရှိသွားမည်ဟု ဆိုသည်။

========================

📌📌မြို့သာမြို့ ပေါ်ရှိ လျှပ်စစ်ရုံးကို ယမန်နေ့ညက ဖောက်ခွဲသတိပေး

မန္တလေးတိုင်း မြို့သာမြို့ ပေါ်ရှိ လျှပ်စစ်ရုံးကို ယမန်နေ့ညက ဖောက်ခွဲသတိပေးခဲ့တယ်လို့ မြောင် TGR ကဆိုပါတယ်။

မတ်လ ၁၄ ရက် ည ၇ နာရီ ၃၀ အချိန် သတိပေး ၍ ဖောက်ခွဲမှုပြုလုပ်ခဲ့ဟု သတင်းရရှိပါတယ်။

"မန္တလေးတိုင်း မြို့သာမြို့ ပေါ်ရှိ လျှပ်စစ်ရုံးမှ ​မြို့သာပြည်သူများထံမှ မီတာကြေး ကောက်မည်ဟု သတင်းရသဖြင့် မတ်လ ၁၄ ရက် ည ၇ နာရီခွဲ အချိန်တွင် နာနတ်သီး တစ်လုံး ပစ်ခွဲ၍ သတိပေးတားမြစ် ခဲ့တယ်"လို့ဆိုပါတယ်။

သတိပေးတဲ့ကြားမှ မီတာကြေးကောက်မည်ဆိုပါက မီတာကောက်တဲ့သူပါစိတ်မချရပါလို့ သတိပေးလိုက်တယ်လို့ TGR ကထုတ်ပြန်ထားပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment