၂၀၂၂ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ရန်သူကို အပြီးအပိုင်ချေမှုန်းရန် အချိန်ရောက် လာပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌ပြည်သူ့ကာကွယ်ရေးတပ်မတော် ထောက်ပို့တပ် ဖွဲ့စည်း
📌စစ်ဆင်ရေးတစ်ခုအောင်မြင်စွာဆင်နွှဲခဲ့တယ်လို့ ပတ္တမြားမြေ PDF အသိပေး
📌ဖယ်ခုံ - PDF အမျိုးသားညီညွတ်ရေးအစိုးရထံမှ ထောက်ပံ့ကူညီမှုများလက်ခံရရှိ
📌စစ်ကောင်စီက ပစ်ခတ်တဲ့ လူတစ်ရပ်နီးပါးရှိသော မပေါက်ကွဲသေးတဲ့ဗုံးကို အသက် မဲ့အောင်ပြုလုပ်
📌ပြည်သူလူထုရဲ့ နေအိမ်ရပ်ရွာမီးရှို့မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့ ရွာမီးရှို့ခြင်းသတင်းများ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ရန်သူကို အပြီးအပိုင်ချေမှုန်းရန် အချိန်ရောက် လာပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
ရန်သူကို အပြီးအပိုင်ချေမှုန်းရန် အချိန်ရောက် လာပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ မတ်လ ၁၅ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၄၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားလိုက်တာပါ။
"ကမ္ဘာ့ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာမိတ်ဆွေတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာ့အရေးမှာ ထိရောက်စွာမကူညီနိုင်ကြပေမဲ့ မိမိတို့ ပြည်သူတွေ ကိုယ်တိုင်ရန်ပုံငွေထည့်ဝင်ပြီး တော်လှန်ရေးဆင်နွဲလာခဲ့ကြတာ အတော်ခရီးပေါက်နေပြီဖြစ်တယ်ဆိုတာနဲ့ ဒီအချိန်မှာ ပိုမိုခက်ခဲတဲ့ ခြေလှမ်း တွေ တက်လှမ်းပြီး ရန်သူကို အပြီးအပိုင်ချေမှုန်းရန် အချိန်ရောက် လာပြီဖြစ်တယ်။ အစိုးရ အဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကာကွယ်ရေးနဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကို ချေမှုန်းနိုင်ရန် စိတ်ပိုင်းဖြတ်ပြီး၊ ရှိသမျှ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် ပူးပေါင်းလုပ်ဆောင်ကာ တော်လှန်ရေးကို အရှိန်အဟုန်မြင့်တင်ရန် လိုအပ်လာပါပြီ"လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁ စက်တင်ဘာ ၇ ရက် မှာ ခုခံစစ်ပွဲများစတင်ဖို့ နိုင်ငံကို အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ လက်ရှိမှာလည်း ကရင်နီ၊ စစ်ကိုင်းတိုင်း၊ချင်းပြည်နယ် စတဲ့ နေရာဒေသများမှာ ကာကွယ်ရေးတပ်များဟာစကစတပ်များကို အစွမ်းကုန် ခုခံတိုက်ပွဲဆင်နွှဲနေကြပါတယ်။
========================
📌📌ပြည်သူ့ကာကွယ်ရေးတပ်မတော် ထောက်ပို့တပ် ဖွဲ့စည်း
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထောက်ပို့တပ် ဖွဲ့စည်းကြောင်းကို မတ်လ ၁၅ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကြေငြာချက်မှာ ဖော်ပြပါရှိတာကတော့ -
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ်ကိုအရင်ဆုံးအမြစ်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။
အခုဆိုရင် တိုင်းနဲ့ပြည်နယ်နေရာအနှံ့မှာ ပြည်သူ့ကာကွယ်ရေးတပ်သားများ၊ တပ်ရင်းတပ်ဖွဲ့များရှိနေပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အမြန်ဆုံးအမြစ်ဖြတ်နိုင်ရေးအတွက် ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဝင့်စွာတိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက် ပြည်သူတစ်ရပ်လုံးကလည်း နောက်တန်းကနေ ထောက်ပို့တာဝန်ကို အပြည့်အဝတာဝန်ယူကြမယ်လို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင်စနစ်ကို လက်သင့်မခံသူတိုင်း ထောက်ပို့တာဝန်ထမ်းဆောင်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပို့တပ်ကို ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက် လစဉ်လတိုင်း စားနပ်ရိက္ခာဖူလုံနိုင်ရေး ရည်ရွယ်ပြီး မြေပြင်တိုက်ရိုက်ကူညီပေးနိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လစဉ်မပြတ်တာဝန်ယူကြမယ့် ထောက်ပို့တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ဖွဲ့စည်းပုံအတိုင်း စိတ်၊ စု၊ ခွဲ၊ ရင်းနဲ့ ထောက်ပို့တပ်ကိုဖွဲ့စည်းမှာဖြစ်ပြီး ကိုယ်ပိုင်နံပါတ်တစ်ခုနဲ့ ထောက်ပို့တပ်ဖွဲ့ဝင်ကတ်ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပေးမှာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်သားတယောက် လစဉ်စားနပ်ရိက္ခာဖူလုံနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၀) လိုအပ်မှာ ဖြစ်ပြီး မိမိတို့တတ်နိုင်သည့် တပ်သားအရေအတွက်ကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနှင့်ဖြစ်စေ ထောက်ပို့မှုများ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပီဒီအက်ဖ် ၊ တစ်ကမ္ဘာလုံးထောက်ပို့တပ်သားတွေ ဖြစ်လာပြီး စစ်အာဏာရှင်စနစ်အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ အတူတူကြိုးစားရအောင်ပါ။ ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည် ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပို့တပ်ဖွဲ့စည်းခြင်းဆိုင်ရာ ကြေငြာထုတ်ပြန်ချက်မှာ ရေးသားပါရှိပါတယ်။ ထောက်ပို့တပ်သားတစ်ဦးအဖြစ် တစ်လလျှင် ဒေါ်လာ ၂၀ တာဝန်ယူထောက်ပံ့ရမည်ဖြစ်ပြီး တပ်စိတ်မှူး ဒေါ်လာ ၂၀၀၊ တပ်စုမှူး ဒေါ်လာ ၆၀၀၊ တပ်ခွဲမှူး ဒေါ်လာ ၂၀၀၀၊ တပ်ရင်းမှူး ဒေါ်လာ ၁၀၀၀၀ နှင့် တပ်မဟာမှူးဆိုလျှင် ဒေါ်လာ ၃၀၀၀၀ အထိ တာဝန်ယူ ထမ်းဆောင်နိုင်ကြောင်း သတ်မှတ်ထုတ်ပြန်ထားသည်။ ထောက်ပို့တပ်ဖွဲ့ဝင်များအနေနဲ့ မိမိတို့တတ်နိုင်တဲ့ တပ်သားအရေအတွက်ကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနှင့်ဖြစ်စေ ထောက်ပို့မှုများ လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်းလည်း သိရသည်။
========================
📌📌စစ်ဆင်ရေးတစ်ခုအောင်မြင်စွာဆင်နွှဲခဲ့တယ်လို့ ပတ္တမြားမြေ PDF အသိပေး
စစ်ဆင်ရေးတစ်ခုအောင်မြင်စွာဆင်နွှဲခဲ့တယ်လို့ ပတ္တမြားမြေ PDF အသိပေးပြောကြားပါတယ်။ မတ်လ ၁၅ ရက်နေ့မှာ စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့တဲ့အပေါ် မိုးကြိုးသတင်းဌာနကမေးမြန်းခဲ့ရာ ပတ္တမြားမြေ PDF ကဆိုတာပါ။ "ထိခိုက်ကျဆုံးအသေးစိပ်မသိရသေးပါဘူး။ ကိုယ့်လူတွေ ဘေးကင်းဖို့်ဦးစားပေးနေတော့ သတင်းပိုင်း အားနည်းပါတယ်"လို့ဆိုပါတယ်။ အဆိုပါ စစ်ဆင်ရေးကို ပကဖနဲ့ မိုးကုတ် PDF တို့ဆောင်ရွက်တယ်လို့ဖော်ပြထားပါတယ်။
========================
📌📌ဖယ်ခုံ - PDF အမျိုးသားညီညွတ်ရေးအစိုးရထံမှ ထောက်ပံ့ကူညီမှုများလက်ခံရရှိတယ်လို့ဆို
ဖယ်ခုံ - PDF အမျိုးသားညီညွတ်ရေးအစိုးရထံမှ ထောက်ပံ့ကူညီမှုများလက်ခံရရှိတယ်လို့ဆိုပါတယ်။ မတ်လ ၁၅ ရက် မှာ ဖယ်ခုံ PDF က အထောက်အပံ့ရရှိကြောင်း ကြေညာခဲ့ပါတယ်။ "ဖယ်ခုံ - PDF သည် NUG အစိုးရ ဦးဆောင်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ် တိုက်ဖျက်ရေး နှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ စနစ် ထူထောင်ရေးလုပ်ငန်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိနေပါတယ်။ ကျွန်ုပ်တို့ PDF - ဖယ်ခုံသည် NUG - MOD ၊ အလယ်ပိုင်းတိုင်းစစ်ဌါနချုပ်၏ လမ်းညွန်မှု၊ ကွပ်ကဲမှု အောက်မှ စစ်အာဏာရှင် အမြစ်ပြတ် တိုက်ဖျက်ရေးအတွက် စွမ်းစွမ်းတမှန် ဆောင်ရွက်နေရာတွင် ပြည်တွင်းပြည်ပ တစ်ဉီးချင်းသော်လည်းကောင်း၊ အသင်းအဖွဲ့ သော်လည်းကောင်း တော်လှန်ရေးရန်ပုံငွေ ပူးပေါင်းထည့်ဝင်ပေးသည့် အတွက် များစွာ ကျေးဇူးတင်ဂုဏ်ပြုပါတယ်။ ထိုနည်းတူ NUG - MOD မှ ထောက်ပံ့ကူညီပေးမှုများကိုလည်း ဖယ်ခုံ - PDF မှ လက်ခံရရှိပါတယ်"လို့ဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ PDF များအတွက် လက်နက် တပ်ဆင်ရေးအပိုင်းကို အာရုံစိုက်ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။
========================
📌📌စစ်ကောင်စီက ပစ်ခတ်တဲ့ လူတစ်ရပ်နီးပါးရှိသော မပေါက်ကွဲသေးတဲ့ဗုံးကို အသက် မဲ့အောင်ပြုလုပ်
စစ်ကောင်စီက ပစ်ခတ်တဲ့ လူတစ်ရပ်နီးပါးရှိသော မပေါက်ကွဲသေးတဲ့ဗုံးကို အသက် မဲ့အောင်ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၅ ရက် နေ့မှာ Kayan Generation Youth က ဗုံးသီးဓာတ်ပုံကိုဖော်ပြခဲ့ရာမှာ လူတစ်ရပ်နီးပါးရှိတာကို တွေ့ရှိရပါတယ်။ "ကရင်နီကို လေယာဉ်နဲ့ကြဲတဲ့ ဗုံးအရွယ်အစားကြဲသွားတဲ့ဗုံးတွေထဲမှာ ဒါကမပေါက်တဲ့တစ်လုံးပေါ့။ ပြည်သူတွေရှိနေတဲ့ရွာထဲကြဲသွားတာ ငါတို့ပြည်နယ်သေးသေးလေးကို မသုံးဖူးတဲ့ လက်နက်လဲမရှိတော့ပါဘူး" လို့ Kayan Generation Youth က ဒီနေ့မတ်လ ၁၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။ အဆိုပါ ဗုံးကို အသက် မဲ့အောင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ လေကြောင်းကနေ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ရုံတင်မက ဘုရားကျောင်းနဲ့ လူနေအိမ်၊ဆေးရုံဆေးခန်းများကိုပါ ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌ပြည်သူလူထုရဲ့ နေအိမ်ရပ်ရွာမီးရှို့မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့ ရွာမီးရှို့ခြင်းသတင်းများကို စုစည်းတင်ပြပေးပါ့မယ်
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် သိမ်းကုန်းကျေးရွာအုပ်စု လဲပင်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁၅ ရက် နံနက် ၃ နာရီ ၃၀ မိနစ်မှ စတင်ကာ မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောပါတယ်။ အဲဒီလိုမီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၁၆ လုံး၊ မီးလောင်ပြာကျပျက်စီးခဲ့ရသလို ဒေသခံပြည်သူ ၄၅၀ ကျော်လဲ အသက်ဘေးကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ မီးရှို့ရတဲ့အကြောင်းရင်းကတော့ ရွာသားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ချိတ်ဆက်မှု ရှိတယ်ဆိုတဲ့သံသယနဲ့ အခုလို မီးရှို့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။
“မီးက ဒီနေ့ မနက်က လာရှို့တာဗျ။ မနက် ၁၁ နာရီ လောက်မှာ နေအိမ် ၁၀ လုံး ကုန်သွားပြီ။ အခုထိ လောင်နေတုန်းပဲ။ ရွာသားတွေက ရှောင်နေတာ ငါးရက်လောက်ရှိပြီး အခု သိမ်းကုန်း ကျေးရွာက ဘုန်းကြီးကျောင်းမှာ နေနေရတယ်” လို့ ပေါင်းတည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက မတ်လ ၁၅ ရက်နေ့ ညနေ ၆ နာရီတွင်ပြောပြပါတယ်။ မတ်လ ၈ ရက်နေ့ကလည်း လဲပင်ကျေးရွာ အနီးမှာ စစ်ကောင်စီတပ်သား ၁၇ ဦးကို ပေါင်းတည် PDF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများကြောင့် စစ်မတိုက်ဘဲ ခုလိုရပ်ရွာနေအိမ်များကို မီးရှို့နေကြခြင်းဖြစ်ပါတယ်။ လဲပင်ကျေးရွာဟာ အိမ်ခြေ ၁၆၀ ခန့် ရှိပြီး လူဦးရေ ၅၂၀ ကျော်သာရှိတဲ့ ရွာလေးဖြစ်ပါတယ်။ စစ်ကောင်စီတပ်များဟာ ပေါင်းတည်မြို့နယ်ရှိ ကျေးရွာများကို PDF နှင့် ဆက်သွယ်မှု မပြုလုပ်ရန်နှင့် ပက်သက်မည်ဆိုပါက ခုလိုရွာမီးရှို့ခံရမယ့်အကြောင်း ခြိမ်းခြောက်ပြောဆိုနေကြပါတယ်။
အလားတူ မီးရှို့ဖြစ်ရပ်အတိုင်းပဲ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီက မတ် ၅ ရက်ကနေ ၁၅ ရက်အထိ ရက်ဆက်မီးရှို့နေကြပါတယ်။ ကျေးရွာ ၄ ရွာက ပြည်သူတွေရဲ့နေအိမ် ၁၀၀ ကျော် ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၃ ဦးအသတ်ခံရကာ PDF ရဲဘော် ၁၅ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးပရဟိတသမားတွေက ပြောပါတယ်။ ဒါန်းကုန်ရွာက နေအိမ် ၄၃ လုံး၊ မှန်တောရွာက နေအိမ် ၃၈ လုံး၊ ကျွန်းလယ်ရွာက နေအိမ် ၂ လုံး၊ ယာစောင့်တဲ ၅ လုံး၊ သက်ပေးရွာက နေအိမ် ၁၃ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ PDF တပ်ဖွဲ့ဝင်များလို့ စွပ်စွဲပြီးနောက် ပြည်သူတွေဖြစ်တဲ့ ကိုသန်းငွေ၊ ကိုမျိုးကျော်နဲ့ ဦးကျွိတို့ အသတ်ခံရပြီး သိမ်တော်ရွာနားတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ခင်ဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေကတော့ အသက် ၁၇ နှစ်ကနေ ၆၃ နှစ်အရွယ်တွေဖြစ်တဲ့ မောင်စည်သူနိုင်၊ မောင်ဖြိုးနန်း၊ မောင်သက်မျိုးနိုင်၊ မောင်ပြည့်ဖြိုးအောင်၊ မောင်စောလင်းမောင်၊ မောင်ဇော်ထက်၊ မောင်ဝေယံမြင့်လွင်၊ မောင်အောင်ငြိမ်း၊ မောင်ဝင်းဌေး၊ မောင်ဖိုးစိုး(ခ)ဝင်းမြအောင်၊ ဦးခင်မောင်တိုး၊ ဦးအောင်ဇော်မိုး၊ ဦးအောင်နိုင်၊ ဦးဘိုဝင်းနဲ့ ဦးစိုးတင့်တို့ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက ကလေးခရိုင် မင်းကင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်က နေစရာအိမ်မရှိတော့တဲ့ ပြည်သူတွေရဲ့ ယာယီ စစ်ရှောင်တဲအိမ်ငယ်တွေထိ လိုက်လံမီးရှို့ခဲ့ကြပါတယ်။ နေစရာအိမ်မရှိတော့လို့ တောထဲမှာ ဖြစ်သလို တည်ဆောက်ထားရတဲ့ တည်းခိုစရာအဆောက်အဦငယ်လေးတွေဟာလည်း ထပ်မံမီးရှို့ခံရတာဖြစ်တယ်လို့ ဒေသခံများကဆိုပါတယ်။
မတ်လ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင်တွင်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက သေနတ်များ ပစ်ဖောက် ဝင်ရောက်ကာ မီးရှို့ သွားကြောင်း ဒေသခံက ပြောသည်။ ''နံနက် ၆ နာရီခန့်က စတင်ဝင်ရောက် မီးရှို့ကြတယ်။ ရွာထဲ သေနတ်ဖောက် ဝင်လာကြပြီး ၁၂ နှစ် အရွယ် ကောင်လေးတစ်ဦး သေနတ်နဲ့ ပစ်သတ် ခံရတယ်ဗျ။ NLD ထောက်ခံသူတွေရဲ့ အိမ်တွေကို ရွေးပြီး မီးရှို့တာ။ ၉ နာရီ ကျော်ကျော်လောက် ကျတော့ တစ်ရွာလုံး ကုန်ခမန်း နီးပါး ရှိသွားပြီ'' ဟု ဒေသခံတွေက ပြောကြပါတယ်။ “ရွှေလှေရွာတင် မကဘူးခင်ဗျ။ ယာကြီးတောကျေးရွာ ဝယာကျေးရွာ၊ ရွာသစ်ကျေးရွာတွေမှာ မီးရှို့ခံရတဲ့ အိမ်တွေ အများအပြား ရှိတယ်ခင်ဗျ။ စစ်ဘေးရှောင်တွေ အများကြီးပဲ ခင်ဗျ။ နယ်ဘက်မှာ အင်တာနက် အခက်ခဲ ရှိလို့ သတင်း စီးဆင်းမှု နည်းတယ် ခင်ဗျ ” ဟု ချောင်းဦးမြို့ ဒေသခံ တစ်ဦးက ရှင်းပြပါတယ်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဆီပုဂံကျေးရွာကိုလည်း အာဏာသိမ်းမီးရှို့စစ်တပ်က မတ်လ ၉ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး လူနေအိမ် ၃၀ ကျော်၊ စပါးရိတ်စက် ၂ စီး၊ ထွန်စက် ၁ စီး၊ သိုလှောင်ထားသော စပါးများကို မီးရှို့ပြာချသွားကြောင်း ချောင်းဦးမြို့နယ် ဆရာတော်က သတင်းပို့ပြောကြားခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment