၂၀၂၂ မတ်လ ၁၆ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌တော်လှန်ရေးက နိုင်မှာ သေချာပါတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးကထပ်လောင်းအာမခံ
📌လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ၏ အခြေအနေကို ICC သို့လွှဲပြောင်းပေးရန် NUG အစီရင်ခံစာကတောင်းဆို
📌စစ်ကောင်စီတပ်များနဲ့ PDF kalay တပ်ရင်း၁တို့ သုံးရက်တာတိုက်ပွဲ ဆက်လက်ဆင်နွှဲ
📌ပြည်သူများအတွက် Solar Guide book NUG က ထုတ်ပြန်
📌တောင်ကြီးမြို့ ကမ္ဘောဇဘဏ် (၂) ATM စက်ကို ဖောက်ခွဲခဲ့တဲ့သတင်း
📌ဂျာမနီ သံရုံးအကြီးအကဲ စစ်ရှောင်စခန်းတွေဆီ သွားရောက်လေ့လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌တော်လှန်ရေးက နိုင်မှာ သေချာပါတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးကထပ်လောင်းအာမခံ
တော်လှန်ရေးက အနိုင်ရမှာ သေချာပါတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဆိုလိုက်ပါတယ်။
မတ်လ ၁၅ ရက် မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က လူမှုကွန်ရက် မှာ ရေးသားပြောကြားလိုက်တာပါ။
"တော်လှန်ရေးက နိုင်မှာသေချာပါတယ် လိုအပ်တဲ့ တပ်ဆင်မှုတွေ ပြည့်ဝသွားရင် ပုံမှန်ပဲလိုအပ်လာမှာက လစဉ်ထောက်ပို့စရိတ် နဲ့ စစ်ဆင်ရေးစရိတ်ပဲဖြစ်ပါတယ်။ ရဲဘော်တစ်ဦးချင်းစီအတွက် တစ်လကို ဒေါ်လာ (၂၀) ပဲဖြစ်ပါတယ်။ ဒီတစ်နိုင်တစ်ပိုင် လစဉ်ထည့်ဝင်မှုဟာလည်း တော်လှန်ရေးမှာရှိတက်တဲ့ အနိမ့်အမြင့်အတက်အကျ ရေချိန်ကို ကောင်းစွာ ရပ်တည်တောင့်ခံပြီး အနိုင်ယူနိုင်မယ့် မဟာဗျူဟာမြောက် သော့ချက်တစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ပြည်ထောင်စုဖွား တစ်ဦးချင်းဆီက ပါဝင်လိုက်တာနဲ့ တော်လှန်ရေးဘယ်လောက်ကြာမလည်း မေးစရာမလိုတော့ပါဘူး" လို့ဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာအထူးငွေတိုက်စာချုပ်တွေကိုရောင်းချပေးလျက်ရှိပါတယ်။
လက်ရှိမှာလည်း ထောက်ပို့တပ်တွေကို အမျိုးသားညီညွတ်ရေး အစိုးရဟာ စတင်ဖွဲ့စည်းဖို့ သဘောတူလက်ခံပြီဖြစ်ပါတယ်။
"ပြည်သူတွေက ရေရှည်ထောက်ပံ နိုင်ပါ့မလား လက်ပမ်းကျကုန်မလား ဆိုတဲ့ စိုးရိမ်မှုတွေကို အပြီးသတ် ကျော်လွှားပေးမယ့် တစ်နိုင် လစဉ်ထောက်ပံမှုပါပဲ။ ရှုပ်ထွေးတဲ့ ကမ္ဘာငွေလွဲစနစ်ဘောင်ထဲက တစ်ဦးချင်း တိုက်ရိုက်လွဲလို့ရနေတဲ့ စနစ်ထဲကနေ လက်လီ လစဉ် ကူနိုင်နေမှာပါ။ ဘွန်းက လက်ကားစနစ်နဲ့ တပ်ဆင်ရေးကူတဲ့အင်ဂျင်စက်ကြီး ဖြစ်ပြီးလစဉ်ထောက်ပို့ထည့်ဝင်မှုကဆီ ရေ လေ ဝိုင် ဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
========================
📌📌လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ၏ အခြေအနေကို ICC သို့လွှဲပြောင်းပေးရန် NUG အစီရင်ခံစာကတောင်းဆို
လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ၏ အခြေအနေကို ICC သို့လွှဲပြောင်းပေးရန် NUG အစီရင်ခံစာကတောင်းဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက နိုင်ငံတကာက အရေးယူရန် လိုအပ်တဲ့ စစ်ကောင်စီ၏ ဆိုးရွားသော ရာဇဝတ်မှုများ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၄၉) ကြိမ်မြောက်အစည်းအဝေးသို့ တင်သွင်းခဲ့မှုအရသိရပါတယ်။
မတ်လ ၁၆ ရက် အစီရင်ခံစာဆိုင်ရာ ထုတ်ပြန်ချက် မှာ လူ့အခွင့်အရေးကောင်စီက ယာယီခုံရုံးတစ်ခု ဖွဲ့စည်းပေးရေး၊ စစ်အာဏာရှင်ကို လုံခြုံရေးကောင်စီက ရှုတ်ချရန်အပါအဝင် မြန်မာနိုင်ငံ၏ အခြေအနေကို ICC သို့လွှဲပြောင်းပေးရန်၊ မြန်မာ စစ်အုပ်စုကို အကြမ်းဖက်စာရင်းသွင်းသတ်မှတ်ပေးရန် စတဲ့အချက် များပါဝင်ပါတယ်။
စုစုပေါင်းအစီရင်ခံစာအရ အချက် ၁၂ ချက်ပါဝင်ပြီး စစ်အုပ်စုကို လက်နက်ရောင်းချမှု တားမြစ်ပိတ်ပင်ရန်တို့ပါဝင်ကြောင်း သတင်းရရှိပါတယ်။
========================
📌📌စစ်ကောင်စီတပ်များနဲ့ PDF Kalay တပ်ရင်း၁တို့ သုံးရက်တာတိုက်ပွဲ ဆက်လက်ဆင်နွှဲ
စစ်ကောင်စီတပ်များနဲ့ PDF kalay တပ်ရင်း၁တို့ သုံးရက်တာတိုက်ပွဲ ဆက်လက်ဆင်နွှဲနေတယ်လို့ သတင်းရရှိပါတယ်။
မတ်လ ၁၆ ရက် မှာလည်း စကစတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ PDF Kalay ကဆိုပါတယ်။
"ကျွန်တော်တို့ PDF (Kalay) တပ်ရင်း ၁ နဲ့ အတူ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များဟာ စစ်ကောင်စီအကြမ်းဖက်တပ်များနဲ့ ယနေ့အပါအဝင် သုံးရက်တာ တိုက်ပွဲးများ ပြင်းထန်နေလျှက်ရှိပါတယ်။ ထို့အတွက်ပြည်သူများအနေဖြင့် ကလေးမြို့နယ်တောင်ပိုင်းသို့ ခရီးသွားလာခြင်းများမလုပ်ဆောင်ကြပါရန် အထူးသတိပေးအပ်ပါတယ်"လို့ဆိုထားပါတယ်။
စကစတပ်များဟာ ကလေးမြို့ကို သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလျက်ရှိပြီးတော့ လက်နက်ကြီး ပစ်ကူများလည်းအသုံးပြုလျက်ရှိပါတယ်။
========================
📌📌ပြည်သူများအတွက် Solar Guide book NUG က ထုတ်ပြန်
ပြည်သူများအတွက် Solar Guide book NUG အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
မတ်လအတွင်းမှာ ပြည်သူလူထုအဆင်ပြေရန် ရည်ရွယ်၍ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
"ယခုထုတ်ဝေလိုက်သည့် Solar Guide book သည် ကာလတိုနှင့် ကာလလတ် လျှပ်စစ်အကြပ်အတည်းကို ကိုယ်တိုင်ဖြေရှင်းလိုသည့် အိမ်ထောင်စုများ Small and Medium Enterprise များအတွက် အကျိုး ရှိမည်ဟု မျှော်လင့်ပါသည်။ ယခု အခြေအနေကြောင့်ဖြစ်ပေါ်လာသည့် မဖြစ်မနေ ဆိုလာအသုံးပြုခြင်းများမှ နောင်အနာဂတ်တွင် ဆိုလာစီမံကိန်း၊ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကြီးများဖြင့် တိုင်းပြည်ကို ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် မောင်းနှင်နိုင်သည့် အဆင့်ရောက်အောင် ကြိုးပမ်းရာတွင် အုတ်တချပ်၊ သဲတပွင့်အဖြစ် ပါဝင်နေခြင်းဖြစ်သည်ဟု အသိပေးအကြောင်းကြား လိုပါသည်"လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒုတိယဝန်ကြီး လဖိုင်မော်ထွန်းအောင်ဆိုပါတယ်။
Solar Guide book ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီကြောင့် လျှပ်စစ်မီးကို လူထုဟာ အပြည့်အဝမရရှိဘဲ နေ့စဥ်လူမှုဘဝတွေ ထိခိုက်နေကြရပါတယ်။
========================
📌📌တောင်ကြီးမြို့ ကမ္ဘောဇဘဏ် (၂) ATM စက်ကို ဖောက်ခွဲခဲ့တဲ့သတင်း
တောင်ကြီးမြို့ ကမ္ဘောဇဘဏ် (၂) ATM စက်ကို ယမန်နေ့ညက ဖောက်ခွဲခဲ့တယ်လို့ TGF ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မတ်လ ၁၅ ရက် ည ၇ နာရီမှာ ကမ္ဘောဇဘဏ် (၂) ATM စက်ကိုဖောက်ခွဲမှုပြုလုပ်ခဲ့ရာ စက်အနည်း ငယ်ထိခိုက်၍ မီးလောင်ခဲ့တယ်လို့ TGF ပြောက် ကျားတပ်က ဆိုပါတယ်။
အဆိုပါ ဖောက်ခွဲမှု ပြုလုပ်တဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်များကို စကစတပ်များနဲ့အတူ အနီးနားရှိ ပြည်သူများကပါ အတူ လိုက်လံဖမ်းဆီးပေးနေတယ်လို့ TGF ကဖော်ပြပါတယ်။
ယင်းအခြေအနေနှင့် ပတ်သက်၍ နောင်တွင် mission အောင်မြင်ရေးကိုသာ အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ထိခိုက် မိသူများ ရှိပါက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း TGF က ထုတ်ပြန်လိုက်ပါတယ်။
========================
📌📌ဂျာမနီ သံရုံးအကြီးအကဲ စစ်ရှောင်စခန်းတွေဆီ သွားရောက်လေ့လာ
အကြမ်းဖက်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာခဲ့တဲ့ စစ်ဘေးရှောင်စခန်းတွေဆီ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး အကြီးအကဲ Mr. York Schuegraf သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။
သံရုံးအကြီးအကဲဟာ စစ်ဘေးရှောင်စခန်းတွေဆီ WFP နဲ့အတူ သွားရောက်လေ့လာခဲ့ကြောင်း ဂျာမနီသံရုံးက ဒီကနေ့ထုတ်ပြန်ခဲ့ပြီး သွားရောက်ခဲ့တဲ့ စစ်ရှောင်စခန်းတွေကိုတော့ မဖော်ပြထားပါဘူး။
စစ်ရှောင်စခန်းတွေမှာ မြန်မာစစ်ဘေးရှောင်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ အကြောင်းကို ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
“ပြည်သူတွေ ကြုံတွေ့ခံစားနေရတာတွေကို ကျွန်တော်တို့ ခရီးစဉ်အတွင်း နားထောင်ခဲ့ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံဖြစ်ရပ်တွေကို ကြားသိရတာဟာ ကျွန်တော်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ဒါနဲ့စပ်လျဉ်းပြီး တစ်နိုင်ငံလုံးက မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေ ပေးနေတဲ့ WFP ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ အလေးအနက် အသိအမှတ်ပြုပါတယ်” လို့ ပြောပါတယ်။
ဂျာမနီနိုင်ငံဟာ WFP (မြန်မာ) အတွက် ယူရို ၅ သန်းကို ယမန်နှစ်က ထည့်ဝင်ပံ့ပိုးပေးခဲ့ပြီး အနာဂတ်မှာလည်း ဆက်လက်ပံ့ပိုးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment