၂၀၂၂ မတ်လ ၁၉ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌NUG-centered approach "အမျိုးသားညီညွတ်ရေးအစိုးရကို ဗဟိုပြု ချဉ်းကပ်ခြင်း"
📌ဖလံကိုင်းရေနံမြေ ရဲစခန်းအား ဝင်ရောက်ပစ်ခတ်ခဲ့၍ စကစတပ်ဖွဲ့ဝင်များ အများအပြားကျဆုံးနိုင်
📌ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် နှောကုန်းကျေးရွာအနီး စကစတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွား
📌ညအချိန်မတော် မီးလာ၍ ရေတင်ကြရတဲ့ လူကြီးမိဘများ ကျန်းမာရေးထိခိုက်ပြီးဆေးခန်းပင် ပြသရ
📌မန္တလေး-တကောင်း-ငါးအိုး-ရွှေကူ-ဗန်းမော် လမ်းပိုင်းပေါ်က ထီးချိုင့် မြို့နယ်အပိုင် အတွင်း မနက် ၆ ည ၆ အတွင်းသာ ဖြတ်သန်းသွားလာကြရန် အထူးသတိပေးထုတ်ပြန်
📌စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်တွေကရွာတွေမှာ တစ်နေ့ကို ၄၈ အိမ်နှုန်းနဲ့ စစ်တပ်က မီးရှို့နေ
📌ရန်ကုန်သင်္ကြန် စည်ကားသိုက် မြိုက်စွာကျင်းပဖို့ စစ်တပ်က ကျိတ်ကြံစည်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌NUG-centered approach "အမျိုးသားညီညွတ်ရေးအစိုးရကို ဗဟိုပြု ချဉ်းကပ်ခြင်း"
အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနဲ့ CRPH/NUG Support Group (Australia) တို့ ပူးပေါင်းပြီး "အမျိုးသားညီညွတ်ရေးအစိုးရကို ဗဟိုပြု ချဉ်းကပ်ခြင်း" ဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က အွန်လိုင်းဆွေးနွေးပွဲအဖြစ် ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြတဲ့ ဒေါ်ဇင်မာအောင်၊ ပါမောက္ခ ဒေါက်တာဝင်းမြတ်အေး၊ ဦးအောင်မျိုးတို့က ဒီ စဉ်းစားချက်ကို နိုင်ငံရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှု့ထောင့်များမှ တင်ပြကြပြီး အထူးဖိတ်ကြားထားတဲ့ သြစတြေးလျ တက္ကသိုလ် ၅ ခုက မြန်မာအရေး အထူးသုံးသပ်နေကြသူ ပညာရှင်များ၊ သြစတြေးလျက ထင်ရှားတဲ့ Think Tank များက သုတေသီများ၊ မြန်မာ့အရေး တစူးတစိုက် ရေးသားနေတဲ့ မီဒီယာ သတင်းသမားများ၊ ထိပ်တန်း ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများမှ ဦးဆောင်သူများ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ ဒီ ဆွေးနွေးပွဲရဲ့ ရလဒ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ အမြင်ဟာ သြစတြေးလျမှာ ပိုမို ထင်ရှားလာစေပြီး မြန်မာ့အရေးကို လေ့လာချဉ်းကပ်ရာမှာ မြန်မာလူထုကို ရှေးရှု့တဲ့ ရှု့မြင်သုံးသပ်ပုံတွေနဲ့အတူ သြစတြေးလျအစိုးရရဲ့ မြန်မာ့အရေးအပေါ် ရှု့မြင်ချက်ကို အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ ဒီ ဆွေးနွေးပွဲရဲ့ Moderator/Chair အဖြစ် မြန်မာ့အရေးကို နှစ်ပေါင်း ၃၀ ကျော် ပံ့ပိုးကူညီပေးနေတဲ့ လွှတ်တော်အမတ် Ms Janelle Saffin MP က ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌ဖလံကိုင်းရေနံမြေ ရဲစခန်းအား ဝင်ရောက်ပစ်ခတ်ခဲ့၍ စကစတပ်ဖွဲ့ဝင်များ အများအပြားကျဆုံးနိုင်
ယနေ့မနက်အစောပိုင်း ဖလံကိုင်းရေနံမြေ ရဲစခန်းအား ဝင်ရောက်ပစ်ခတ်ခဲ့၍ စကစတပ်ဖွဲ့ဝင်များ အများအပြားကျဆုံးနိုင်တယ်လို့သတင်းရရှိပါတယ်။ မတ်လ ၁၉ ရက် မနက် ၃ နာရီ အချိန် ဖလံကိုင်းရေနံမြေရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ GOD OF MYAING (people's defence force) ကဆိုပါတယ်။
"မတ်လ ၁၉ ရက် မနက် သုံးနာရီခန့်တွင် GOD OF MYAING (people's defence force) နှင့် MYAING PDF တို့ပူးပေါင်း၍ ဖလံကိုင်းရေနံမြေ ရဲစခန်းအား ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ် ကြာမြင့်ပြီးတော့ စကစတပ်ဘက်က အကျဆုံးများပြားနိုင်တယ်လို့ GOD OF MYAING (people's defence force) ကထုတ်ပြန်ပါတယ်။ တိုက်ပွဲတွင် ကာကွယ်ရေးတပ်များ ဘေးကင်းလုံခြုံစွာဆုတ်ခွာနိင်ခဲ့ပါတယ်။
========================
📌📌ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် နှောကုန်းကျေးရွာအနီး စကစတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွား
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် နှောကုန်းကျေးရွာအနီး စကစတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွားတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၉ ရက် မနက် ၆ နာရီ ၃၀ အချိန်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြတယ်လို့ ကောလင်းတော်လှန်ရေးအင်အားစုကဆိုပါတယ်။
"မတ်လ ၁၉ ရက် မနက် ၆ နာရီ ၃၀ အချိန် ကန့်ဘလူမြို့ ကိုးတောင်ဘို့တိုက်နယ် နှောကုန်းကျေးရွာအနီး စကစတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ ထိတွေ့မှု ရှိနေပါတယ်"လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူနယ်ထဲကို စကစတပ်များဟာ စစ်ကြောင်းထိုး တောနင်းဝင်ရောက်မှုတို့ မကြာခဏရှိတယ်လို့ သိရပါတယ်။ မတ်လ ၂၇ ရက်နေ့ မတိုင်မီ စစ်ကိုင်းတိုင်းကို စစ်ကောင်စီဟာ တည်ငြိမ်မှုရှိအောင်လုပ်ဆောင်မယ်လို့ စီမံချက်ချဆောင်ရွက်နေတာဖြစ်ပါတယ်။
========================
📌📌ညအချိန်မတော် မီးလာ၍ ရေတင်ကြရတဲ့ လူကြီးမိဘများ ကျန်းမာရေးထိခိုက်ပြီးဆေးခန်းပင် ပြသရ
ရန်ကုန်မြို့တွင် ညအချိန်မတော် မီးလာ၍ ရေတင်ကြရတဲ့ လူကြီးမိဘများ ကျန်းမာရေးထိခိုက်ပြီးဆေးခန်းပင် ပြသရတယ်လို့ စုံစမ်းသိရှိရပါတယ်။ လျှပ်စစ်မီးလာတဲ့အချိန်ဟာ ညအချိန်မတော်နဲ့မနက်အစောပိုင်းတွေသာ လာတယ်လို့ ကမာရွတ်မြို့နယ်နေ အသက်၃၀အရွယ်အမျိုးသမီးတစ်ဦးကလည်းဆိုပါတယ်။
"အိမ်ကအဒေါ်တွေ ဦးလေးတွေက ညဆို နှစ်နာရီ ရေထတင်တယ်၊ ချက်ပြုတ်တယ် မလုပ်ပါနဲ့တားလည်းမရဘူး။ နေ့စဥ်ရက်ဆက်ဆိုတော့ လူက အိပ်ရေးပျက်ပြီး ဆေးခန်းပါပို့ရတယ်။ မီးကလာလည်း မနက် သုံးနာရီ လေးနာရီ လိုမျိုး၊ ညဆို အချိန်မတော် ထလာတာများတယ်"လို့ ဆိုပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးကို အကြောင်းအမျိုးမျိုးပြလို့ ဖြတ်တောက် မှုတွေရှိလာပြီး မတ်လအတွင်း လျှပ်စစ်မီးပြတ်တောက်မယ့်အချိန်ဇယားတွေဟာလည်း မနေ့ညနေပိုင်းလောက်ကစပြီး လူမှုကွန်ယက်စာမျက်နှာပေါ်ပြန့်နှံ့လာပါတယ်။ မတ်လ (၁၈) ရက်က စပြီး တရက်ကို လျှပ်စစ်မီး လေးနာရီ လာ၊ လေးနာရီ မီးပြတ်တာဖြစ်ပါတယ်။ စက်မှုဇုန်တွေကိုတော့ မနက် (၉) နာရီ ကနေ ညနေ (၅) နာရီ အထိ လျှပ်စစ်မီးပေးမှာဖြစ်ပါတယ်။ အုပ်စု A နဲ့ B ခွဲပြီး ခရိုင်အလိုက်အခုလို လေး နာရီခြား မီးပေးတဲ့စနစ်ကို ကျင့်သုံးမှာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း (YESC) က ဘီဘီစီကို အတည်ပြုပြောဆိုထားတာတွေ့ရပါတယ်။
========================
📌📌မန္တလေး-တကောင်း-ငါးအိုး-ရွှေကူ-ဗန်းမော် လမ်းပိုင်းပေါ်က ထီးချိုင့် မြို့နယ်အပိုင် အတွင်း မနက် ၆ ည ၆ အတွင်းသာ ဖြတ်သန်းသွားလာကြရန် အထူးသတိပေးထုတ်ပြန်
မန္တလေး-တကောင်း-ငါးအိုး-ရွှေကူ-ဗန်းမော် လမ်းပိုင်းပေါ်က ထီးချိုင့် မြို့နယ်အပိုင် အတွင်း မနက်(၆:၀၀)နာရီ မှည(၆:၀၀)နာရီအတွင်း သာ ဖြတ်သန်းသွားလာကြဖို့ အထူးသတိပေးထုတ်ပြန်ထားပါတယ်။ မတ်လ ၁၉ ရက် မှာထီးချိုင့်မြို့နယ်တော်လှန်ရေးအင်အားစုက ကြေညာခဲ့တာဖြစ်ပါတယ်။
"ည(၆:၀၀)နာရီ မှ မနက်(၆:၀၀)နာရီအတွင်း ထွက်လာသော ကုန်ကား၊ ကြံကား၊ လူစီးကား ၊လူနာတင်ကား၊ ဆိုင်ကယ်များပါမကျန် တွေ့ရှိပါက ပစ်မိန့်ပေးထားပြီးဖြစ်သည့်အတွက် အထူးလိုက်နာပါရန် သတိပေးအပ်ပါတယ်"လို့ဆိုထားပါတယ်။
စကစတပ်များဟာ အရပ်သားကားများနဲ့ ဖြတ်သန်းသွားလာမှုများရှိပြီးတာ့ စစ်ကြောင်းထိုးရာမှာ မြေသယ်ကားများနဲ့လည်း လိုက်ပါတာတွေရှိခဲ့တယ်လို့သိရပါတယ်။
လမ်းပိုင်းဆိုင်ရာ သတိပေးထုတ်ပြန်ချက်ဟာ မတ်လ၂၀ ရက်နေ့ မနက်(၆:၀၀)နာရီက စတင်၍ အကျုံးဝင်မှာဖြစ်တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုထားပါတယ်။
========================
📌📌စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်တွေကရွာတွေမှာ တစ်နေ့ကို ၄၈ အိမ်နှုန်းနဲ့ စစ်တပ်က မီးရှို့နေ
စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်တွေကရွာတွေမှာ တစ်နေ့ကို ၄၈ အိမ်နှုန်းနဲ့ စစ်တပ်က မီးရှို့နေတယ်လို့ သတင်းရရှိပါတယ်။
မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်တာ ကာလအတွင်း အိုးအိမ်ပေါင်း ( ၇၁၃ ) အိမ်မီးလောင်ဆုံးရှုံးခြင်းခံခဲ့ရပါတယ်။
ထိုကြောင့်စစ်ကိုင်းတိုင်း ဒေသကြီးတွင် မတ်လအတွင်း တစ်နေ့လျှင် ပျှမ်းမျှ အိုးအိမ်ပေါင်း ( ၄၈ ) အိမ်နှုန်းဖြင့် မီးလောင်တိုက်သွင်းခြင်း ခံနေရ တယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေဆီကသိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးဟာ တစ်နိုင်ငံလုံးမှာ အိုးအိမ်ဆုံးရှုံးမှု အများဆုံး ဖြစ်ပြီး အိုးအိမ် လေးထောင့် လေးရာကျော် မီးလောင်တိုက်သွင်းခြင်းခံခဲ့ရပါတယ်။
စကစတပ်များဟာ ရွာများကို တရားဝင်သဖွယ် မီးရှို့နေပြီးအဆိုပါလုပ်ရပ်ကိုလည်း စစ်ကောင်စီက တားဆီးမဲ့သူမရှိဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
========================
📌📌ရန်ကုန်သင်္ကြန် စည်ကားသိုက် မြိုက်စွာကျင်းပဖို့ စစ်တပ်က ကျိတ်ကြံစည်နေ
ရန်ကုန်သင်္ကြန် စည်ကားသိုက် မြိုက်စွာကျင်းပဖို့ စစ်တပ်က ကျိတ်ကြံစည်နေတယ်လို့သတင်းရရှိပါတယ်။ လတ်တလောမှာ သင်္ကြန် ယိမ်းကဖို့အတွက် ယိမ်းအဖွဲ့တွေကို စည်ပင်က လာရောက် စာရင်းပေးသွင်းကြရန် မတ်လ ၃၁ ရက်နေ့အထိ ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းမှာရှိတဲ့ စည်ပင်ရုံးကို စာရင်းသွင်းခိုင်းထားပါတယ်။
လတ်တလောမှာတော့ စစ်တပ်ထောက်ခံတဲ့လူစုကလွဲလို့ အနုပညာရှင်များ စာရင်းပေးသွင်းတာမရှိဘူးလို့လည်းသိရပါတယ်။ ရေကစားမဏ္ဍပ်များကိုတော့ ခွင့်ပြုချက်ပေး၊မပေးမသိရသေးပေမဲ့ မဏ္ဍပ်များဆောက်လုပ်ခွင့် ရှိ မရှိကိုတော့ မကြာခင်သိရမယ်လို့ စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတကာကို မြန်မာ တည်ငြိမ်ကြောင်းပြသချင်နေပြီးတော့ ပွဲလမ်းသဘင်များ မကြာခဏဆင်နွှဲလျက်ရှိပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment