၂၀၂၂ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြားမှုယန္တရားမှာ ပူးပေါင်းဆောင်ရွက်ရန် NUG အစိုးရကဖိတ်ခေါ်
📌ဝန်ကြီး နော်စူစင်နာလှလှစိုး ရဲစွမ်းသတ္တိ ရွှေတံဆိပ် ဆုရ
📌ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပီး ကော့ကရိတ်မြို့နယ်တွင်းက စစ်ကောင်စီဝန်ထမ်းများ အမြန်ထွက်ခွာသွားကြဖို့ ကေအန်ယူဘက်က သတိပေးစာလည်း ထွက်ပေါ်လာပါတယ်
📌တနင်္သာရီမြို့နယ် ကိုးအင်းရွာအနီး စကစတပ်နဲ့ ဘက်မလိုက်ပြောက်ကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာ စကစဘက်က သုံးဦး သေဆုံး
📌လောင်းရှည်မှ ဆောသို့ထွက်ခွာမည့် စကစတပ်များကို လပို့တောင် ဘုရားအနောက်ဘက်ခြမ်း ခင်ကြော၌ လောင်းရှည် PDF က စောင့်ကြိုဖြတ်တိုက်ရာ စကစတပ်ဖွဲ့ဝင် ငါးဦး သေဆုံး
📌အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အခြေအနေမှန်ကို ဖုံးဖိနိုင်ဖို့ သင်္ကြန်ရေကစားမဏ္ဍပ်တည်ဆောက်ရန်၊ ယိမ်းအဖွဲ့များဖွဲ့ရန် ရေပက်အဖွဲ့များ စုစည်းရန် စစ်ကောင်စီက ပြည်နယ်/တိုင်းကောင်စီများကို ညွှန်ကြားနေပါတယ်
📌မြစ်ကြီးနားမြို့အဝင်က စုပေါင်းဂိတ်ကို KIA နှင့်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြားမှုယန္တရားမှာ ပူးပေါင်းဆောင်ရွက်ရန် NUG အစိုးရကဖိတ်ခေါ်
အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြားမှုယန္တရားမှာ ပူးပေါင်းဆောင်ရွက်ရန် NUG အစိုးရကဖိတ်ခေါ်တဲ့ ကြေညာချက်တစ်စောင်ကို အလုပ်သမားဝန်ကြီးဌာန ကထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၁၉ ရက် ထုတ်ပြန်တဲ့ ကြေညာချက်အရ စစ်အာဏာရှင်လက်အောက်တွင် ထိခိုက် နစ်နာဆုံးရှုံးလျက်ရှိသော အလုပ်ရှင် အလုပ်သမားတို့၏ ခံစားခွင့်နှင့်ဥပဒေပါ အကျိုးခံစားခွင့်စားရရှိစေရန်၊ ခိုင်မာအားကောင်းတဲ့ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးတည်ဆောက်ရန်နှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရန် ရည်ရွယ်ပြီး NUG အစိုးရက နစ်နာမှုအချက်အလက်ကောက်ယူရေးနဲ့တိုင်ကြားမှု ယန္တရားကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ရှင် အလုပ်သမားဆက်ဆံရေးဟာ ပိုမိုဆိုးရွာစလာခဲ့ပြီး ဥပဒေပါအခွင့်အရေးများနစ်နာဆုံးရှုံးခဲ့ရပါတယ်။ တိုင်ကြားမှုယန္တရားများ ချောမွေ့အောင်မြင်စွာလည်ပတ်ဆောင်ရွက်နိုင်ရေး အတွက် အလုပ်ရှင်များ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများအားလုံးပူးပေါင်း ပါဝင်ကြရန် NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက ဖိတ်ခေါ်ထားကာ ပူးပေါင်းပါဝင်လာသူများကို မှတ်တမ်းတင် ထားပြီး နောင်တစ်ချိန် နိုင်ငံတော် တာဝန်များရယူချိန်မှာ ဂုဏ်ပြုသွားမယ်လို့ဆိုထားပါတယ်။
========================
📌📌ဝန်ကြီး နော်စူစင်နာလှလှစိုး ရဲစွမ်းသတ္တိ ရွှေတံဆိပ် ဆုရ
ဝန်ကြီး နော်စူစင်နာလှလှစိုး ရဲစွမ်းသတ္တိ ရွှေတံဆိပ် ဆုရတယ်လို့သတင်းရရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှ လှစိုးကို Free Burma Ranger က ရဲစွမ်းသတ္တိ ရွှေတံဆိပ် (FBR Gold Medal) ကို ပေးအပ်လိုက်တာပါ။ မတ်လ အတွင်းမှာ ဆုတံဆိပ်ပေးအပ်တာဖြစ်ပြီးတော့ ဝန်ကြီးကိုယ်တိုင်လက်ခံရယူခဲ့တယ်လို့သိရပါတယ်။ "Free Burma Ranger ဆိုတာ ကျမအလွန်လေးစားအားကျရတဲ့အဖွဲ့အစည်းပါ။ နှစ်ပေါင်း ၃၀ မြန်မာပြည်ရဲ့ အဖိနှိပ်ခံတွေနဲ့ တသားထဲရပ်တည်ပြီး စစ်ပွဲဒေသတွေမှာ ကယ်ဆယ်ရေးလုပ်နေတာ အလွန်လည်းကျေးဇူးတင်ရပါတယ်။ FBR Gold Medal ဆိုတာကလဲ အလွန်အစဥ်အလာကြီးတဲ့ဆုပါ ၁၀ နှစ်ကျော် အငယ်ဆုံးသောသူတွေကို ကူညီကယ်ဆယ်တာ၀န်ထမ်းဆောင်ခဲ့တဲ့သူတွေကိုပေးတဲ့ဆုပါ။ မမျှော်လင့်ဘဲ ဒီဆုကို ချီးမြှင့်ခံလိုက်ရတော့ အရမ်း၀မ်းသာ ဂုဏ်ယူပြီး အလွန်တန်ဖိုးထားရပါတယ်။ မြန်မာပြည်ကပြည်သူတွေအတွက် ယနေ့ထက်တိုင်ရပ်တည်ကူညီပေးနေတဲ့ FBR ကိုအထူးကျေးဇူးတင်ပါတယ်"လို့ ဝန်ကြီး နော်စူစင်နာလှလှစိုးကဆိုထားပါတယ်။ Free Burma Ranger က နော်စူစင်နာလှလှစိုးအနေနဲ့ ခက်ခဲတဲ့ အချိန်တွေမှာ ပြည်သူတွေနဲ့ အတူရှိနေပြီး မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်မှုမှာ ရှေ့တန်းကနေ ရွတ်ရွတ်ချွံချွံဆောင်ရွက်နေတဲ့အတွက်ကြောင့်မို့လို့ အခု လို ရဲစွမ်းသတ္တိ ရွှေတံဆိပ် (FBR Gold Medal) ကို ချီးမြင့်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
========================
📌📌ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပီး ကော့ကရိတ်မြို့နယ်တွင်းက စစ်ကောင်စီဝန်ထမ်းများ အမြန်ထွက်ခွာသွားကြဖို့ ကေအန်ယူဘက်က သတိပေးစာလည်း ထွက်ပေါ်လာပါတယ်
ကရင်ပြည်နယ် ကော့ကရိတ်တောင်ပိုင်း အံဖကြီးကျေးရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီဘက်က အင်အားတိုးစစ်ကြောင်းထိုးလာတာကြောင့်
KNLA နှင့်ပူးပေါင်း PDF တပ်ဖွဲ့တို့က ပြန်လည်ခုခံတွန်းလှန်စစ်များ ပေါ်ပေါက်လျက်ရှိနေပါတယ်။ စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်များနှင့်အတူ KNU တပ်မဟာ ၆ နယ်မြေကို မတ်လ ၁၈ ရက်ညပိုင်းကစလို့ မတ်လ ၁၉ ရက်အထိအင်အားတိုးချဲ့ဝင်ရောက်လာနေပီး လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုများလည်း ပြုလုပ်လျက်ရှိပါတယ်။
"ကော့ကရိတ် အံဖကြီး၊ အံဖလေး လမ်းဆုံနားမှာ မနေ့က ညဘက်ကတည်းက တိုက်ပွဲဖြစ်တယ်၊ စစ်ကောင်စီဘက်က BGF တွေနဲ့ လမ်းပြလုပ်ပြီး ရွာဘက်ဝင်လာရာမှာ ပစ်ကြတယ်။ KNLA PDF ပူးပေါင်းတပ်တွေနဲ့ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာ ရှိတယ်။ ဒီမနက် ဆက်ပစ်နေတယ် ၊ ရွာဘက်ကို။ ကော့ကရိတ်လှိုင်ဝရွာထိပ် လက်နက်ကြီးကုန်းကနေ အလုံးကြီးတွေ ပစ်ကူပေးနေတယ်။ တိုက်ပွဲဖြစ်တော့ ရွာသားက ပြန်စစ်ရှောင်ရပြန်ရော"ဟု အံဖလေး ရွာသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ အင်အားတိုးချဲ့ကျူးကျော်လာမှုကို ပြည်သူ့တော်လှန်ရေးအဖွဲ့များဘက်က KNLA၊ PDF ကျားဖြူ တပ်ခွဲ ၁၊ ၂၊ ၃ ပူပေါင်းတပ်ဖွဲ့များက ပြန်လည်ခုခံတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ကျားဖြူတပ်ခွဲ ၁ မှ မတ်လ ၁၉ ရက်နေ့ထုတ်ပြန်သောာ တိုက်ပွဲမှတ်တမ်းရုပ်သံမှာတော့ လက်နက်ကြီး၊ လက်နက်ငယ် တရစပ်ပစ်ခတ်သံများ ကြားရသလို ညအမှောင်တွင်လည်း နှစ်ဖက်ပစ်ခတ်မှုများ ပြင်းထန်နေတာ တွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာကျားဖြူတပ်ခွဲမှ ရဲဘော်များလည်း ထိခိုက်ကျဆုံးခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရပါတယ်။ တဆက်တည်းမှာပဲ မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့်ဖော်ပြထားတဲ့ ကေအန်ယူရဲ့သတိပေးစာထွက်ပေါ်ခဲ့ပြီး အဆိုပါသတိပေးစာမှာ KNLA တပ်ရင်း ၁၈ ၊ တပ်ရင်းအမှတ် ၂၇ ၊ တပ်ရင်းအမှတ် ၁၀၃ ၊ တပ်ရင်းအမှတ် ၂၀၁ ၊ KNDO လုံခြုံရေးတပ်ရင်းနှင်တပ်မဟာခေါင်းဆောင်များ ညှိနှိုင်းသဘောတူချက်အရ စာထုတ်ပြန်ချိန်မှစလို့ စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအားလုံး နှုတ်ထွက်သွားကြရန် အကြောင်းကြားထားတာတွေ့ရပါတယ်။ ဆက်လက်တာဝန်ထမ်းဆောင်နေမယ်ဆိုရင် အကျိုးဆက်ကိုတာဝန်ယူမှာမဟုတ်ဘူးလို့လည်း ကေအန်ယူ ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားပါရှိတာတွေ့ရပါတယ်။
========================
📌📌တနင်္သာရီမြို့နယ် ကိုးအင်းရွာအနီး စကစတပ်နဲ့ ဘက်မလိုက်ပြောက်ကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာ စကစဘက်က သုံးဦး သေဆုံး
တနင်္သာရီမြို့နယ် ကိုးအင်းရွာအနီး စကစတပ်နဲ့ ဘက် မလိုက်ပြောက်ကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာ စကစဘက်က သုံးဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၉ ရက် နံနက် (၆) နာရီ အချိန်တွင် တနင်္သာရီမြို့နယ် ကိုးအင်းရွာအနီးမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ကဆိုပါတယ်။ "တနင်္သာရီမြို့နယ် ကိုးအင်းရွာအနီး ကျနော်တို့ ဘက်မလိုက်ပြောက်ကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အကြမ်းဖက်စစ်တပ်အား တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား သုံးဦး သေ၊ တစ်ဦး ဒဏ်ရာရခဲ့ပါတယ်"လို့ ဆိုပါတယ်။ ဘက်မလိုက်ပြောက်ကျားအဖွဲ့မှ ထိခိုက်ကင်းစွာဖြင့် အောင်မြင်စွာ ဆုံးသတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်ဟာ မနက် ၆ နာရီ ကနေ ၈ နာရီ ထိကြာမြင့်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌လောင်းရှည်မှ ဆောသို့ထွက်ခွာမည့် စကစတပ်များကို လပို့တောင် ဘုရားအနောက်ဘက်ခြမ်း ခင်ကြော၌ လောင်းရှည် PDF က စောင့်ကြိုဖြတ်တိုက်ရာ စကစတပ်ဖွဲ့ဝင် ငါးဦး သေဆုံး
လောင်းရှည်မှ ဆောသို့ထွက်ခွာမည့် စကစတပ်များကို လပို့တောင် ဘုရားအနောက်ဘက်ခြမ်း ခင်ကြော၌ လောင်းရှည် PDF က စောင့်ကြိုဖြတ်တိုက်ရာ စကစတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ ၁၉ ရက် မနက် ၉ နာရီတွင် လောင်းရှည်မှ ဆောသို့ ဦးတည်ထွက်ခွါလာတယ်လို့ယူဆရသော အင်အား ၅၀ ကျော်ခန့်ရှိ စကစတပ်များကို ဖြတ်တိုက်ခဲ့တယ်လို့ လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။ "လောင်းရှည်မှ ဆောသို့ဦးတည်ထွက်ခွါသည်ဟုယူဆရသော အင်အား ၅၀ ကျော်ခန့်ရှိ စခများသည် မတ်လ ( ၁၉ ) ရက်နေ့ နံနက် ( ၆ ) နာရီဝန်းကျင်ခန့်တွင် ခိုးကြောင်ခိုးဝှက် စစ်ကြောင်းထွက်လာကြပါတယ်။ လောင်းရှည် မှ သင်းကွဲတောင် လပို့တောင်တန်း နှင့် သံပုရာတောင်ကြောကို ဖြတ်၍ ဆောသို့သွားမယ်လို့ ယူဆရပါတယ်။ ကျွန်ုပ်တို့ LSRPDF မှ ၎င်းစခတို့ လာနိုင်သော လမ်းကြောင်းအား တွက်ဆနေရာယူ ပြင်ဆင်ထားရာ နံနက် (၉) နာရီ ဝန်းကျင်တွင် လပို့တောင် ဘုရားအနောက်ဘက်ခြမ်း ခင်ကြော၌ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်"လို့ ဆိုပါတယ်။ တိုက်ပွဲမှာ တဖက်နဲ့တဖက် ပေ (၁၀၀) ခန့်သာ ကွာဝေးသောကြောင့် အလွန်ပြင်းထန်ပြီး LSRPDF မှ ရဲဝံ့စွန့်စားကာ လက်ဦးမှုယူနိုင်သဖြင့် စကစတပ်မှ ၅ ဦးသေဆုံးခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲ ထိတွေ့ဖြစ်ပွါးချိန် တစ်နာရီခန့် ကြာပြီး LSRPDF မှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အခြေအနေမှန်ကို ဖုံးဖိနိုင်ဖို့ သင်္ကြန်ရေကစားမဏ္ဍပ်တည်ဆောက်ရန်၊ ယိမ်းအဖွဲ့များဖွဲ့ရန် ရေပက်အဖွဲ့များ စုစည်းရန် စစ်ကောင်စီက ပြည်နယ်/တိုင်းကောင်စီများကို ညွှန်ကြားနေပါတယ်
စစ်တပ်က ဥပဒေမဲ့အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံဟာ အဘက်ဘက်မှ ယိုယွင်းလျက်ရှိပါတယ်။ ဒီအခြေအနေမျိုးမှာပဲတိုင်းပြည်ဟာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ပျော်ရွှင်နေကြပြီဖြစ်ကြောင်း ဟန်ဆောင်ပြသနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီဘက်က ကြိုးစားနေကြပါတယ်။ မကြာခင်ကျရောက်မယ့် သင်္ကြန်ကာလတွင် ယိမ်းအဖွဲ့များ၊ ရေပက်အဖွဲ့များ၊ ရေကစားမဏ္ဍပ်များ တည်ဆောက်လုပ်ဆောင်ကြရန် စစ်ကောင်စီက ၎င်းတို့ရဲ့လက်အောက်ခံ တိုင်း/ပြည်နယ်အဖွဲ့အစည်းများကို ညွှန်ကြားထားကြောင်း သိရှိရပါတယ်။ စစ်ကောင်စီက တိုင်းနှင့်ပြည်နယ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တိုင်းတာဝန်ခံများက ယိမ်းကမည့် အဖွဲ့များ၊ ရေပက်မည့်အဖွဲ့များ၊ ရေကစားမည့်အဖွဲ့များကို ဖွဲ့စည်းနိုင်ရေးအတွက် လူစာရင်းများ တောင်းခံနေပါတယ်။ ညွှန်ကြားစာများ အတိအကျ မထွက်လာသေးပေမယ့် နုတ်မိန့်များဖြင့် ညွှန်ကြားမှုများ ရရှိထားပြီးဖြစ်ကြောင်း၊ နေရာအားလုံးတွင် ပုံမှန်အတိုင်း ပြန်လည်လည်ပတ် ပျော်ရွှင်နေပြီဆိုသော ပုံရိပ်နှင့် သင်္ကြန်ကာလ စည်ကားနေပြီဆိုသော ပုံရိပ်ဖြစ်ပေါ်စေရေး ဆောင်ရွက်ကြရန် အမိန့်ပေး ညွှန်ကြားထား ကြောင်း သိရှိရပါတယ်။
"သက်ဆိုင်ရာဌာနဆိုင်ရာညွှန်ကြားရေးမှူးတွေက မိမိတို့ငှာနတွေက ယိမ်းကမယ့်အဖွဲ့တွေနဲ့ရေပက်မယ့်အဖွဲ့တွေအတွက် လူစာရင်းတောင်းထားပါတယ်။ သက် ဆိုင်ရာတိုင်းဦးစီးမှူးတွေနဲ့ ဝန်ထမ်းတွေလည်း စိတ်ညစ်ကြတယ်။ အခြားပြည်နယ်/တိုင်းတွေမှာလည်း သင်္ကြန်ယိမ်းကဖို့တောင်းထားတယ်။ ရေပက်ခံရေကစားမဏ္ဍပ်တွေ တည်ဆောက်ဖို့လည်း ညွှန်ကြားထားပါတယ်" လို့ စစ်ကိုင်းတိုင်းမှ ဝန်ထမ်းတစ်ဦးက အသိပေးပြောကြားခဲ့ပါတယ်။
========================
📌📌မြစ်ကြီးနားမြို့အဝင်က စုပေါင်းဂိတ်ကို KIA နှင့်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာအနီးက ၂၁ မိုင် စုပေါင်းဂိတ်ကို KIA နှင့် KPDF ပူးပေါင်း တပ်ဖွဲ့များက မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်း က ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပီး မွန်းလွဲ ၁ နာရီအချိန်ထိ ခရီးသွားကားများကို ရပ်တန့်ထားရကြောင်း သိရပါတယ်။
စစ်ဆေးရေးဂိတ်တိုက်ပွဲဟာ မတ်လ ၁၉ ရက် နံနက် ၄ နာရီဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာမှုကြောင့် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ကူပေးခဲ့ကြပါတယ်။ အဆိုပါ ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်ပါးစေရဲများနှင့် ပြည်သူ့စစ်အဖွဲ့များ စုပေါင်းစခန်းချသည့်နေရာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင်လည်း KIA တော်လှန်ရေးတပ်ဖွဲ့များရဲ့ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ အခုတခါ မတ်လ ၁၉ ရက်မနက်ပိုင်းတွင် ၂ နာရီခန့် တိုက်ပွဲပြင်းထန်ပြီးနောက် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအခြေစိုက် ခလရ ၂၆၀ တပ်ရင်းမှ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် KIA နှင့် PDF တပ်ဖွဲ့များ ရှိရာသို့ ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များကဆိုပါတယ်။ ခရီးသည်တစ်ဦးက “ဒီမနက် ၄ နာရီ ၅ နာရီလောက်မှာ ဖြစ်တယ်လို့ ပြောတယ်။ အခု ဒီကို မနက်ပိုင်း ၁၀ နာရီ လောက်ကတည်းကရောက်တာ။ ကားတွေအကုန်တန်းစီနေတယ်။ လမ်းပိတ်တာမျိုးတော့ မဟုတ်ပေမယ့် ကား တွေကို တားထားတယ်။ မော်ဖောင်းမှာ ကားတွေအကုန်ရပ်ထားရတယ်” လို့သူ့အတွေ့အကြုံကိုပြောပြပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဖြစ်တာကတော့ ဒီမနက် ၄ နာရီလောက်မှာ စဖြစ်တာ။ ၆ နာရီလောက်အထိပေါ့။ ၂ နာရီကျော်ကြာတယ်လို့တော့ ပြောလို့ရတာပေါ့။ ဘာကြောင့်တိုက်တာလဲဆိုတာ ရန်သူဟုတ်နေလို့ တိုက်တာပါ။ ရန်သူစခန်း ဖြစ်နေလို့ပါ။ ဟိုစုပေါင်း ဂိတ်တွေ အကုန်လုံးတော့ မီးရှို့ဖျက်စီးလိုက်တာ။ မီးရှို့ဖျက်စီးပြီးမှ အားလုံးပြန်ခေါက်သွားပြီ။ ဟယ်လီကော်ပတာ နှစ် စီးနဲ့ လာပစ်ကူတယ်လို့ ပြောတယ်။ သူတို့ဒီ တိုက်ပွဲဖြစ်တဲ့နေရာရော၊ နောက်စစ်ကူတွေကို လာပစ်တဲ့နေရာမှာပါ လေကြောင်းနဲ့ ပစ်ကူပြီးမှ ကူကြတာပေါ့” လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်မှာ မြစ်ကြီးနားနှင့် နမ္မတီးဘက်မှ လူနာတင်ကားတွေ သွားရောက်ခဲ့တာတွေ့ရပီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment