20th MAR 2022 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ(ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၂ မတ်α€œ ၂၀ α€›α€€်α€”ေ့ ရပြα€Š်တွင်းα€žα€α€„်းα€™ျာ

πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ြို့ပေါ်α€”ေ ပြα€Š်α€žူα€™ျားα€œိုα€€်α€”ာဆောင်α€›ွα€€်α€›α€”် CDF-MINDAT α€™ှ α€€ြေα€Šာချα€€်ထုတ်ပြα€”်ထား

၂၀၂၂ ခုα€”ှα€…် မတ်α€œ (၁၉) α€›α€€်α€”ေ့α€™ှα€…၍ ထကြα€™်းα€–α€€်α€…α€…်α€€ောင်α€…ီα€”ှင့် ပူးပေါင်းခြင်းα€™α€›ှိα€žα€Š့် ပြα€Š်α€žူα€™ျားထနေα€–ြင့် α€Šα€”ေ (၅) α€”ာα€›ီα€™ှ α€”ောα€€်တစ်α€”ေ့ α€”ံα€”α€€် (၅) α€”ာα€›ီထတွင်း ထိα€™်ထပြင်α€žို့မထွα€€်α€˜ဲ ထိα€™်ထဲတွင်α€žာ α€œုံα€œုံခြုံခြုံα€”ေထိုင်α€€ြပါα€›α€”် CDF-MINDAT α€™ှ α€‘α€žိပေးထုတ်ပြα€”်ထားα€žα€Š်။ ထို့α€”ောα€€် မင်းတပ်-မတူပီα€€ားα€œα€™်းပိုင်းα€€ိုα€œα€Š်း မတ်α€œ (၁၉) α€›α€€်α€”ေ့α€™ှα€…၍ ခေတ္တပိတ်ထားα€™α€Š်α€–ြα€…်ပြီး ပြα€Š်α€žူα€™ျားထနေα€–ြင့်α€‘α€žုံးမပြုα€›α€”်α€”ှင့် α€˜ေးကင်းα€œုံခြုံα€…ွာ ပြα€”်α€œα€Š်α€‘α€žုံးပြုα€”ိုင်α€™α€Š့်α€”ေ့α€›α€€်α€€ို CDF-MINDAT α€™ှထပ်α€™ံα€‘α€žိပေးα€–ော်ပြα€žွားα€™α€Š်α€Ÿု ထုတ်ပြα€”်ထားα€žα€Š်။ ထဆိုပါ ထုတ်ပြα€”်ချα€€်α€™ျားα€€ို α€œိုα€€်α€”ာဆောင်α€›ွα€€်ခြင်းα€™α€›ှိα€˜ဲ ထိခိုα€€်ဆုံးα€›ှုံးပျα€€်α€…ီးα€™ှုတစုံတရာ α€–ြα€…်ပေါ်α€œာα€™α€Š်ဆိုပါα€€ CDF- MINDAT ထနေα€–ြင့် တာဝန်α€šူဆောင်α€›ွα€€်ပေးα€™α€Š်α€™α€Ÿုတ်α€€ြောင်း ဆက်α€œα€€်α€–ော်ပြထားα€žα€Š်။
 
πŸ“ŒπŸ“Œ α‚။ CDF-MINDATα€”ှင့် CDF-SENTHANG တို့ α€™α€Ÿာα€™ိတ်α€–ွဲ့α€…α€Š်းα€€ြောင်းထုတ်ပြα€”်

CDF-MINDAT α€”ှင့် CDF-SENTHANG α€žα€Š် ထကြα€™်းα€–α€€်α€…α€…်α€€ောင်α€…ီ၏ မတရားထာဏာα€žိα€™်း ချိα€”်α€™ှစတင်၍ α€›α€›ာα€œα€€်α€”α€€်α€–ြင့်တော်α€œှα€”်α€žα€Š့်α€”α€Š်းတူ α€šα€”ေ့ထချိα€”်α€™ှα€…၍ α€…α€…်ထာဏာα€›ှင်α€…α€”α€…်ထမြα€…်ပြတ် α€žွားα€žα€Š်ထထိ α€žα€…္α€…ာမပြတ်ပူးပေါင်းတိုα€€်ပွဲဝင်α€žွားα€™α€Š်α€Ÿု α€šα€™α€”်α€”ေ့ မတ်α€œ (၁၈) α€›α€€်α€”ေ့ α€›α€€်α€…ွဲα€–ြင့် ထုတ်ပြα€”်ထားα€žα€Š်။ ထို့α€”ောα€€် CDF-MINDAT α€”ှင့် CDF-SENTHANG ထနေα€–ြင့် ချင်းတစ်α€™ျိုးα€žား တစ်ရပ်α€œုံး၏ α€‘α€žα€€်α€…α€Š်းα€…ိα€™်ထိုးထိα€™်α€€ို α€‘α€žα€€်α€”ှင့်ရင်း၍ ပြα€Š်α€žူα€œူထုထံα€™ှပေါα€€်ပွားα€œာα€žော α€€ိုα€š်ပိုင်ထုပ်ချုပ်ခွင့်၊ α€€ိုα€š်ပိုင်ပြα€Œာα€”်းခွင့်α€”ှင့် α€€ိုα€š်ပိုင်တရား α€…ီရင်ခွင့်တို့ ထပြα€Š့်ထဝရှိα€žα€Š့် α€α€Š်ဆောα€€်ပြီးα€žα€Š်ထထိ α€™α€Ÿာα€™ိတ်α€Šီα€”ောင်ထဖြα€…် ထတူတကွ ရပ်α€α€Š်α€žွားα€™α€Š်α€Ÿု ထုတ်ပြα€”်ချα€€်ထဲ တွင်ပါα€›ှိα€žα€Š်။ CDF-SENTHANG α€€ို ၂၀၂၁ ခုα€”ှα€…် α€…α€€်တင်α€˜ာ ၂၃ α€›α€€်α€”ေ့တွင် စတင်α€α€Š်ထောင်ခဲ့ပြီး CNF/CNA ( ချင်းထမျိုးα€žားတပ်α€₯ီး / ချင်းထမျိုးα€žား တပ်မတော်)၏ α€€ြီးα€€ြပ်α€€ွပ်α€€ဲα€™ှုα€”ှင့် ထတူ ဆက်α€œα€€် တိုα€€်ပွဲဝင် α€žွားα€™α€Š်α€–ြα€…်α€€ြောင်း α€€ြေα€Šာခဲ့α€–ူး α€žα€Š်။ CDF-SENTHANG α€žα€Š် CDF မင်းတပ်α€”ှင့် α€™α€Ÿာα€™ိတ်ထဖြα€…် α€–ွဲ့α€…α€Š်းα€€ြောင်း တရားဝင်α€žα€α€„်း ထုတ်ပြα€”်α€žα€Š့် ၆ α€–ွဲ့α€™ြောα€€် ချင်းတော်α€œှα€”်α€›ေး α€œα€€်α€”α€€်α€€ိုင် ထဖွဲ့α€‘α€…α€Š်းα€–ြα€…်α€žα€Š်။
 
πŸ“ŒπŸ“Œ ၃။ မင်းတပ်α€™ြို့တွင် α€™ြα€”်α€™ာα€”ိုင်ငံα€€ြα€€်ခြေα€”ီα€‘α€žα€„်း (MRCS) α€™ှပြα€Š်α€žူα€™ျားα€€ို ဆေးα€€ုα€žα€•ေး

α€™ြα€”်α€™ာα€”ိုင်ငံ α€€ြα€€်ခြေα€”ီα€‘α€žα€„်း (MRCS) α€™ှ မင်းတပ်α€™ြို့ပေါ် (၄) ရပ်α€€ွα€€်တွင် ဆေးα€€ုα€žα€™ှုα€™ျား α€œိုα€€်α€œံဆောင်α€›ွα€€်ပေးα€”ေα€€ြောင်း α€žိα€›α€žα€Š်။ α€™ြα€”်α€™ာα€”ိုင်ငံ α€€ြα€€်ခြေα€”ီα€™ျားα€‘α€žα€„်း ထနေα€–ြင့်မင်းတပ်α€™ြို့ပေါ် α€…α€…်α€›ှောင်α€™ျားα€”ေထိုင်α€žော α€˜ုα€›ားα€€ျောင်း၊ α€˜ုα€”်းα€€ြီးα€€ျောင်းα€™ျားα€›ှိ ပြα€Š်α€žူα€™ျားထတွα€€် ဆေးα€€ုα€žα€™ှု ဆောင်α€›ွα€€်ပေးα€”ေတာα€–ြα€…်α€žα€Š်။ မင်းတပ်α€™ြို့ပေါ်တွင် α€…α€…်α€›ှောင်α€”ေα€›ာα€™ှ α€”ေရပ်α€žို့ပြα€”်α€œα€Š်α€›ောα€€်α€›ှိα€œာα€žူ α€šα€α€„်ထက်α€™ျားα€”ေပြီး α€…α€…်α€€ောင်α€…ီα€–α€€်α€™ှ ပိုင်α€›ှင်α€™α€”ေα€žα€Š့် α€”ေထိα€™်α€™ျားα€€ို ချိတ်ပိတ်α€žွားα€™α€Š်α€Ÿုα€œα€Š်း ပြောဆိုထားα€€ြောင်း α€’ေα€žα€ံတချို့ကဆိုထားα€žα€Š်။ α€šα€ုα€œα€€်α€›ှိတွင် α€…α€…်α€€ောင်α€…ီ၏ ခွင့်ပြုချα€€်α€–ြင့်α€žာ α€€ြα€€်ခြေα€”ီα€‘α€žα€„်းα€™ှ မင်းတပ်α€™ြို့ပေါ်တွင် ဆေးဝါးα€€ုα€žα€™ှုပေးα€”ေတာα€–ြα€…်ပြီး α€…α€…်α€€ောင်α€…ီ၏ α€œα€™်းα€€ြောပိတ်ဆို့α€™ှုခံα€”ေα€›α€žော ဝေးα€œံခေါင်α€žီα€€ျေးα€›ွာထတော်ထများတွင် ဆေးဝါး၊ α€›ိα€€္ခာα€™ျား ပိုα€™ိုα€œိုထပ်α€œျα€€်α€›ှိα€žα€Š်α€Ÿု မင်းတပ်α€™ြို့α€”α€š် α€…α€…်α€˜ေးα€›ှောင်စခန်းα€€ူα€Šီα€›ေးထဖွဲ့ တာဝန်α€›ှိα€žူ တစ်α€₯ီးα€™ှ ဆိုα€žα€Š်။
 
πŸ“ŒπŸ“Œ ၄။ α€€α€”်ပက်α€œα€€် α€™ြို့α€”α€š်တွင် တိုα€€်ပွဲα€™ျား ပြင်းထန် α€”ေပြီးα€œူα€₯ီး α€›ေ (၁၀၀၀) α€”ီးပါး တော တောင်α€™ျားတွင် ပုα€”်း α€›ှောင် α€”ေα€›
 
α€€α€”်ပက်α€œα€€်α€™ြို့α€”α€š် တိုα€€်α€”α€š်ထမှတ် (၅) α€…α€™္α€™α€žား၊ α€…ံထိα€™်α€”ူးα€”ှင့် α€€ျေးα€›ွာထနီးတဝိုα€€် α€€ျေးα€›ွာα€™ျားတွင် α€…α€…်α€€ောင်α€…ီα€”ှင့် CDF တို့ ထိတွေ့တိုα€€်ပွဲα€™ျားဆက်တိုα€€်α€–ြα€…်ပေါ်α€œျα€€်α€›ှိပြီး  α€žα€€်α€€ြီးα€›ွα€š်ထိုα€™ျား α€€α€œေးα€„α€š်α€™ျားα€”ာα€™α€€ျα€”်းα€”ှင့် α€€ိုα€š်ဝန်ဆောင်α€™ိခင်α€™ျားထပါဝင် α€œူα€₯ီးα€›ေ (၉၀၀) ခန့်တောထဲ တောင်ထဲα€žို့ ထွα€€် ပြေး ပုα€”်းα€›ှောင်α€”ေα€›α€žα€Š်α€™ှာ  α€›α€€်α€‘α€”α€Š်းα€„α€š် α€€ြာα€™ြင့်α€”ေပြီ α€–ြα€…် α€€ြောင်းα€žိα€›α€žα€Š်။
 
တောတောင်ထဲတွင် ထစာα€›ေα€…ာ ပြတ်α€œα€•်α€™ှုα€™ျားα€”ှင့် ရင်ဆိုင်α€”ေရပြီး တိုα€€်ပွဲα€™α€Š်α€™ျှ α€€ြာα€™α€Š်α€€ို ခန့်α€™ှα€”်းα€™α€›α€”ိုင်α€žောα€€ြောင့် α€”ေα€›ေးထိုင်α€›ေး α€…ားα€›ေးα€žောα€€်α€›ေးα€”ှင့် ဆေးဝါးα€™ျား α€œိုထပ်α€œျα€€်α€›ှိα€€ြောင်း α€€α€”်ပက်α€œα€€်α€™ြို့α€”α€š် α€€ြα€€်ခြေα€”ီ α€‘α€žα€„်းα€€ ထုတ်ပြα€”်ထားα€žα€Š်။
 
πŸ“ŒπŸ“Œ ၅။ α€™ြα€”်α€™ာα€€ို α€€ူα€Šီα€–ို့ α€’ေါ်α€œာ (၁၃၆)  α€žα€”်း α€€α€”်α€œွှတ်တော် α€‘α€α€Š်ပြု

ထမေα€›ိα€€α€”် ထထက်α€œွှတ်တော်α€™ှာ Consolidated appropriation act of 2022 ခေါင်းစဉ်α€”ဲ့ တင်α€žွင်းဆွေးα€”ွေးခဲ့တဲ့ α€₯ပဒေα€€ြα€™်းα€™ှာ ၂၀၂၂ ခုα€”ှα€…်ထတွα€€် ထမေα€›ိα€€α€”်ထစိုးα€› α€‘α€žုံးα€…α€›ိတ်ထဖြα€…် α€’ေါ်α€œာ ၁.၅ ထရီα€œီα€šံ α€žုံးα€…ွဲα€žွားα€–ို့ မတ်α€œ ၁၁ α€›α€€်α€”ေ့α€€ α€‘α€α€Š်ပြုα€œိုα€€်ပြီး ထဲα€’ီထထဲα€™ှာ α€™ြα€”်α€™ာα€”ိုင်ငံထတွα€€် α€’ေါ်α€œာ ၁၃၆ α€žα€”်း ပေးထပ်α€žွားα€™α€š့် ထစီထစဉ်တွေပါဝင်ပါα€α€š်။ ထမေα€›ိα€€α€”်ထစိုးα€›α€›ဲ့ ၂၀၂၂ α€˜α€္ဍာα€›ေးα€˜α€်ဂျα€€် ထတွα€€် α€™ြα€”်α€™ာα€€ို α€€ူα€Šီα€™α€š့် α€’ေါ်α€œာ ၁၃၆ α€žα€”်းα€™ှာ NUG၊ NUCC ၊ CRPH၊ CDM α€”ဲ့ EAO တွေα€€ို α€žီးခြား ခေါင်းစဉ်တွေထောα€€်α€™ှာ α€€ူα€Šီထောα€€်ပံ့α€–ို့α€›ှိα€€ြောင်း ထတိထကျ α€–ေါ်ပြထားတာα€Ÿာ ထူးခြားပြီး ထားတက်α€–ွα€š်α€›ာα€–ြα€…်α€α€š်α€œို့ α€™ြα€”်α€™ာ့ထရေး ထောα€€်ခံထားပေးတဲ့ ထမေα€›ိα€€α€”်α€™α€Ÿာα€™ိတ်ထဖွဲ့α€€ ပြောပါα€α€š်။ ထခုα€œို ၂၀၂၂ ခုα€”ှα€…်ထတွα€€် ထစိုးα€› α€‘α€žုံးα€…α€›ိတ်α€€ို မတ်α€œα€›ောα€€်α€™ှα€žာ α€‘α€α€Š်ပြုα€”ိုင်တာ α€–ြα€…်တဲ့ထတွα€€် α€’ီα€›α€”်ပုံငွေတွေ α€œα€€်ခံα€›α€›ှိα€™α€š့် ထဖွဲ့α€‘α€…α€Š်းတွေထနေα€”ဲ့ α€˜α€š်α€œိုပုံα€…ံα€”ဲ့ α€‘α€žုံးပြုα€žွားα€™α€š် ဆိုတာα€€ို ထချိα€”်တိုထတွင်းα€™ှာ ထမြα€”်ဆုံးထစီထစဉ်တွေ ချα€™ှတ်ပြီး ထကောင်α€‘α€‘α€Š်α€–ော်α€€ြα€–ို့ α€œိုα€œိα€™့် α€™α€š်α€œို့α€œα€Š်း α€žုံးα€žα€•်α€€ြပါα€α€š်။
 
πŸ“ŒπŸ“Œ ၆။ α€™ြα€”်α€™ာα€…α€…်တပ်α€€ို ချα€€်ချင်းထရေးα€šူα€–ို့ α€€ုα€œα€™α€Ÿာမင်းα€€ြီးတောင်းဆို
 
α€™ြα€”်α€™ာα€…α€…်တပ်ထပေါ် ပြတ်ပြတ်α€žားα€žား ထရေးα€šူα€™ှုတွေ ချα€€်ချင်းချα€™ှတ်α€–ို့ α€”ိုင်ငံတကာ α€‘α€žိုင်းထဝိုင်းα€€ို α€€ုα€œα€žα€™α€‚္α€‚α€œူ့ထခွင့်ထရေးဆိုင်α€›ာ α€™α€Ÿာမင်းα€€ြီး Michelle Bachelet α€€ မတ်α€œ ၁၅ α€›α€€် α€”ေ့α€€ တိုα€€်တွα€”်းα€œိုα€€်ပါα€α€š်။
 
α€™ြα€”်α€™ာα€…α€…်တပ်α€Ÿာ α€…α€…်α€›ာဇဝတ်α€™ှု α€’ါα€™ှα€™α€Ÿုတ် α€œူα€žားα€™ျိုးα€”ွα€š်α€…ုတွေ ထပေါ်α€€ျူးα€œွα€”်တဲ့ α€›ာဇဝတ်α€™ှုα€œို့ ခေါ်ဆိုα€”ိုင်တဲ့ α€œူ့ထခွင့်ထရေးချိုးα€–ောα€€်α€™ှုတွေα€”ဲ့ ထကြα€™်းα€–α€€်α€™ှုတွေα€€ို α€…α€”α€…်တကျ α€€ျα€š်α€€ျα€š်ပြα€”့်ပြα€”့် တိုးα€œုပ်α€œာα€”ေတာα€€ြောင့် α€’ါတွေα€€ို α€”ိုင်ငံတကာα€‘α€žိုင်းထဝိုင်းα€€ ရပ်တန့်α€žွားထောင် α€œုပ်α€–ို့α€œိုα€α€š်α€œို့ α€žူα€€ ဆိုပါα€α€š်။ 
 
ပြီးခဲ့တဲ့ ၂၀၂၁ ခုα€”ှα€…် တစ်α€”ှα€…်ပတ်α€œုံးα€™ှာ ထကြα€™်းα€–α€€်α€”ှိပ်α€…α€€်ခံခဲ့ရပေα€™α€š့် α€™ြα€”်α€™ာပြα€Š်α€žူတွေα€Ÿာ α€œα€€်α€™α€œျှော့α€˜ဲ α€žူတို့α€™ျှော်α€™ှα€”်းတဲ့ α€’ီα€™ိုα€€α€›ေα€…ီပန်းတိုင်α€›ောα€€်α€›ေးα€€ို ဆက်α€œα€€်α€…ွဲα€€ိုင် α€€ြိုးα€…ားα€”ေα€€ြဆဲα€–ြα€…်α€α€š်α€œို့α€œα€Š်း ချီးα€€ျူးထားပါα€α€š်။
 
α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တွေα€€ြောင့် α€‘α€”α€Š်းဆုံး α€œူပေါင်း ၁၆၀၀ α€œောα€€်α€žေဆုံးခဲ့ရပြီး α€œူပေါင်း ၁၂၅၀၀ α€€ျော် α€–α€™်းဆီးခံခဲ့α€›α€α€š်α€œို့ α€€ုα€œα€žα€™α€‚္ဂထစီရင်ခံα€…ာα€™ှာ α€–ော်ပြထားပါα€α€š်။
 
α€’ါ့ထပြင် တိုα€€်ပွဲတွေα€€ြောင့် α€‘α€”α€Š်းဆုံး α€œူပေါင်း ၄၄၀၀၀၀ α€œောα€€် α€”ေရပ်α€…ွα€”့်ခွာ ထွα€€်ပြေးα€€ြရပြီး၊ α€œူပေါင်း ၁၄ α€žα€”်းα€œောα€€်α€Ÿာα€œα€Š်း α€œူα€žားချင်းα€…ာα€”ာα€™ှု ထကူα€‘α€Šီတွေ α€œိုα€”ေပေα€™α€š့် α€…α€…်α€€ောင်α€…ီα€€ ထကူα€‘α€Šီထထောα€€်ထပံ့မပေးα€”ိုင်ထောင် α€œα€™်းα€€ြောင်းပိတ်ဆို့တာတွေα€œα€Š်း α€›ှိα€”ေα€α€š်α€œို့ ဆိုပါα€α€š်။

πŸ“ŒπŸ“Œ ၇။ α€€α€”် α€žα€™္မတ α€”ှင့် တရုတ် α€žα€™္မတ တို့ α€”ှα€…်α€”ိုင်ငံ ဆက်ဆံ α€›ေးα€”ှင့် α€šူα€€α€›ိα€”်းထရေး α€€ိα€…္α€…α€™ျားဆွေးα€”ွေးα€™α€Š်
 
α€šူα€€α€›ိα€”်းထပေါ် α€›ုα€›ှားα€€ျုးα€€ျော် တိုα€€်ခိုα€€်α€™ှုα€”ဲ့ ၂ α€”ိုင်ငံα€€ြား α€…ီးပွားα€›ေး ပြိုင်ဆိုင်α€™ှုတွေα€”ဲ့ ပတ်α€žα€€်α€œို့ တရုတ်α€žα€™္မတ Xi Jinping α€”ဲ့ ထမေα€›ိα€€α€”်α€žα€™္မတ Joe Biden α€žောα€€ြာα€”ေ့α€™ှာ ဆွေးα€”ွေးα€™α€š့်ထကြောင်း ထိα€™်α€–ြူတော်α€€ ထုတ်ပြα€”်ပါα€α€š်။
ထမေα€›ိα€€α€”်α€”ဲ့ တရုတ်α€”ိုင်ငံα€€ြား ဆက်α€žွα€š်α€›ေး α€œα€™်းα€€ြောင်းတွေα€€ို ဆက်α€œα€€်ထိα€”်းα€žိα€™်းထားတဲ့ ထနေα€”ဲ့ ဆွေးα€”ွေးα€™ှာα€–ြα€…်α€€ြောင်း ထိα€™်α€–ြူတော် ပြောခွင့်α€› Jen Psaki α€€ α€€ြာα€žα€•α€ေးα€”ေ့α€™ှာ α€€ြေα€Šာချα€€် ထုတ်ပြα€”်ပြောဆိုα€œိုα€€်တာပါ။
ထမေα€›ိα€€α€”်α€”ဲ့ တရုတ်α€žα€™္မတ တို့ α€”ှα€…်ဦး α€α€š်α€œီα€–ုα€”်းα€€α€”ေ ဆွေးα€”ွေးα€™α€š့် ထစီထစဉ် မတိုင်ခင် တနင်္α€œာα€”ေ့α€™ှာတုα€”်းα€€α€œα€Š်း ထိα€™်α€–ြူတော် ထမျိုးα€žားα€œုံခြုံα€›ေး ထကြံပေး Jake Sullivan α€Ÿာ တရုတ်α€”ိုင်ငံခြားα€›ေး ထကြံပေး ထကြီးတန်းထရာα€›ှိ Yang Jiechi α€”ဲ့ α€›ောα€™α€™ြို့တော်α€™ှာ တွေ့ဆုံပြီး ၇ α€”ာα€›ီα€€ြာ ဆွေးα€”ွေးခဲ့α€€ြ α€€ြောင်းα€žိရပါα€α€š်။
တရုတ်α€”ိုင်ငံα€Ÿာ ထမေα€›ိα€€α€”်ထတွα€€် ထဓိα€€ α€…α€…်α€›ေး၊ α€…ီးပွားα€›ေး ပြိုင်α€–α€€်ထဖြα€…် α€žα€˜ောထားပြီး ထာα€›ှα€’ေα€žα€™ှာ α€žြဇာချိα€”်ခွင်α€œျှာα€Šှိα€™α€š့် α€”ိုင်ငံခြားα€›ေးα€›ာ α€™ူဝါα€’α€€ို ထကောင်α€‘α€‘α€Š်α€–ော်α€–ို့ α€›ှိα€”ေချိα€”်α€™ှာပဲ တရုတ်α€žα€™္မတနဲ့ ဆွေးα€”ွေးα€™α€š့် ထစီထစဉ် ပေါ်ပေါα€€်α€œာတာပါ။
α€›ုα€›ှားα€”ိုင်ငံα€€ α€šူα€€α€›ိα€”်းα€”ိုင်ငံα€€ို α€€ျုးα€€ျော်တဲ့ α€œုပ်ရပ်ထပေါ်α€™ှာ တရုတ်α€”ိုင်ငံα€€ ပြα€…်တင်α€›ှုတ်ချα€–ို့ ငြင်းဆန်ထားပါα€α€š်။
ထိα€™်α€–ြူတော် ထမျိုးα€žားα€œုံခြုံα€›ေးထကြံပေး Sullivan ကတော့ α€›ုα€›ှားထပေါ် တရုတ်α€›ဲ့ ရပ်α€α€Š်ချα€€်α€”ဲ့ ပတ်α€žα€€်α€œို့ ပွင့်ပွင့်α€œα€„်းα€œα€„်း α€›ှိα€–ို့α€”ဲ့ ထနောα€€်α€”ိုင်ငံတွေα€›ဲ့ ဒဏ်ခတ်α€™ှုတွေα€€ို α€›ှောင်α€›ှားα€–ို့ α€›ုα€›ှားα€›ဲ့ α€€ြိုးပမ်းα€™ှုတွေα€€ို α€€ူα€Šီα€™α€š်ဆိုရင် တရုတ်ထစိုးα€›α€€ိုα€š်တိုင် ပေးဆပ်α€›α€œိα€™့်α€™α€š်α€œို့α€œα€Š်း α€žα€ိပေးထား α€€ြောင်း α€žိရပါα€α€š်။





#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment