19th MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖွဲ့ချုပ်မှပါတီဝင် (၆၄၅) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်
📌အမေရိကန်မှာ ထိန်းချုပ်ခံရတဲ့ ဒေါ်လာ တစ်ဘီလီယံ ထုတ်ယူသုံးစွဲခွင့်ရပါက တော်လှန်ရေးကြီး အလှည့်အပြောင်းဖြစ်သွားနိုင်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ​ဒေါ်ဇင်မာအောင်ဆို
📌"ပညာဖြင့်တော်လှန်နွေဦးရဲ့အောင်လံ မလေးရောက် မြန်မာတို့ရဲ့အသံ" ရန်ပုံငွေ ကံစမ်းမဲဖောက်ပွဲကို မတ်လ၂၀ ရက်ကျင်းပမယ်
📌ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာသို့ဝင်ရောက်ကာ ဂန့်ဂေါ PDF မှ ပြည်သူ (၄၀၀) ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့
📌စနိုက်ပါစာမိ၍ စကစတပ်ဖွဲ့ဝင် ၄ ဦး ဒီမောဆိုမြို့နယ်၊အိုးခူးရီးရွာတွင် ထပ်မံသေဆုံး

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖွဲ့ချုပ်မှပါတီဝင် (၆၄၅) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖွဲ့ချုပ်မှပါတီဝင် (၆၄၅) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ မတ်လ ၁၈ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီက ဖော်ပြကြေညာလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့က ပြုစုထားသော စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစတင်၍ ၂၀၂၂ခုနှစ် မတ်လ (၁၄) နေ့အထိ နိုင်ငံတစ်ဝှမ်းလုံး၌ မတရားဖမ်းဆီးခံရသူ (၁၃၀၀၀) ခန့် ရှိသည့်အနက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် (၈၃၂) ဦးပါရှိပြီး ပြန်လည်လွတ်မြောက်လာသူ (၁၇၁) ဦး ရှိကြောင်းသိရပါတယ်။

မတရားပုဒ်မများ အထပ်ထပ်ဆင့်ကာ စွဲဆိုခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုတိယ ဥက္ကဌများဖြစ်ကြသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် (၆၄၅) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

မတရားဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၇) ဦးပါဝင်ပြီး၊ ၎င်းတို့အနက် ပြန်လည်လွတ်မြောက်လာသူ (၁၄) ဦးရှိကာ ကျန်လွှတ်တော်ကိုယ်စားလှယ် (၉၂) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့သိရပါတယ်။

မတရားဖမ်းဆီးထိန်းသိမ်း ခံထားရစဉ်အတွင်း စစ်ကြောရေးကာလ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုနှင့် အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင်စုစုပေါင်း (၁၆) ဦး ကွယ်လွန်ခဲ့တယ်လို့ အဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။

========================

📌📌အမေရိကန်မှာ ထိန်းချုပ်ခံရတဲ့ ဒေါ်လာ တစ်ဘီလီယံ ထုတ်ယူသုံးစွဲခွင့်ရပါက တော်လှန်ရေးကြီး အလှည့်အပြောင်းဖြစ်သွားနိုင်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ​ဒေါ်ဇင်မာအောင်ဆို

အမေရိကန်မှာ ထိန်းချုပ်ခံရတဲ့ ဒေါ်လာ တစ်ဘီလီယံ ထုတ်ယူသုံးစွဲခွင့်ရပါက တော်လှန်ရေးကြီး အလှည့်အပြောင်းဖြစ်သွားနိုင်တယ်လို့ NUG နိုင်ငံခြာရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။ အမေရိကန် The World ရေဒီယိုသတင်းဌာန နှင့် တွေ့ဆုံမေးမြန်းရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဖြေကြားခဲ့တာပါ။

"အ​မေရိကန်က တရားဝင် အသိအမှတ် ပြုလာမယ် ဆိုရင်တော့ အခုလို စိတ်ဓါတ်ရေးရာအရ ထောက်ခံမှု ပေးနေတာနဲ့ စာရင်တော့ အများကြီး အကျိုးရှိလာနိုင်ပါတယ်၊ ဥပမာ ပြောရရင် လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီ‌ပေးတာမျိုးတွေအတွက် ရံပုံငွေ ရလာနိုင်ပါတယ်၊ ပြီးတော့ အမေရိကန်မှာ ထိန်းချုပ်ခံနေရတဲ့ ကျမတို့ ရဲ့ ဒေါ်လာ ဝမ်းဘီလီယံ ကိုလည်း ကျမတို့ ထုတ်ယူသုံးစွဲနိုင်ခွင့် ရလာမှာ ဖြစ်ပါတယ်၊ အဲ့လို ရလာရင် ကျမ တို့ တော်လှန်ရေး ကြီး အတွက် အလှည့် အပြောင်းကြီး ဖြစ်လာဖို့ ပိုပြီး နီးစပ်လာနိုင်ပါတယ်"လို့ဆိုခဲ့ပါတယ်။

လတ်တလောမှာ အမေရိကန်အစိုးရက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၃၆ သန်း ပေးအပ်သွားမယ့် အစီအစဥ်လည်းရှိနေပါတယ်။ အဲဒါဟာ လူသားချင်းစာနာမှု အကြပ်အတည်း​တွေအတွက် ထိုင်းနိုင်ငံကနေတဆင့် နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးအပ်ရာမှာ သုံးစွဲမယ့် ငွေကြေး အထောက်အပံလည်းဖြစ်တယ်လို့သိရပါတယ်။

========================

📌📌"ပညာဖြင့်တော်လှန်နွေဦးရဲ့အောင်လံ မလေးရောက် မြန်မာတို့ရဲ့အသံ" ရန်ပုံငွေ ကံစမ်းမဲဖောက်ပွဲကို မတ်လ၂၀ ရက်ကျင်းပမယ်

ပညာရေးဝန်ကြီးဌာန " Education and Healthcare for Myanmar (EHM) နှင့် Myanmar Migrant Workers Committee (MMWC) တို့ပူးပေါင်းဆောင်ရွက်သော ပညာရေးဝန်ကြီးဌာန ရန်ပုံငွေ ကံစမ်းမဲဖောက်ပွဲကို မတ်လ ၂၀ ရက်(တနင်္ဂနွေနေ့ ) မြန်မာစံတော်ချိန် မွန်းလွဲ (၁:၃၀) ကျင်းပ သွားမှာဖြစ်ပါတယ်။

"ပညာရေးဝန်ကြီးဌာန ရန်ပုံငွေကံစမ်းဖောက်ပွဲ" အခမ်းအနားမှာ နွေဦးတော်လှန်ရေးတွင် ရှေ့တန်းက ရဲရဲဝံ့ဝံ့ ရပ်တည်တော်လှန်ပေးနေကြတဲ့

🔸 ၁၊ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ

🔸 ၂၊ ပညာရေးနှင့်ကျန်မာရေး ပြည်ထောင်စုဝန်ကြီး ဆရာကြီး ဒေါက်တာဇော်ဝေစိုး

🔸 ၃၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်

🔸 ၄၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း

🔸 ၅၊ ဒါရိုက်တာ ကိုပေါက်
🔸 ၆၊ ဒါရိုက်တာ သည်ခေတ်နေ
🔸 ၇၊ ဒါရိုက်တာ သွန်းနေစိုး
🔸 ၉၊ သရုပ်ဆောင် ပိုင်ဖြိုးသု
🔸 ၁၀၊ သရုပ်ဆောင် မြနှင်းရည်လွင်
🔸 ၁၁၊ ပန်းချီဆရာမ နုရင်
🔸 ၁၂၊ တေးသံရှင် မူးလာ
🔸 ၁၃၊ တေးသံရှင် နီတာ
🔸 ၁၄၊ DJ Wine
🔸 ၁၅၊ ဟား၅ကောင်အဖွဲ့
🔸 ၁၆၊ ကိုရဲဟိန်း

တို့ပါဝင်ပေးကြမှာဖြစ်ပါတယ်။ မတ်လ၂၀ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ (၁: ၃၀) နာရီမှာ "ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ မလေးရောက်မြန်မာတို့အသံ" (Facebook Page) ကလည်း တိုက်ရိုင်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

========================

📌📌ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာသို့ဝင်ရောက်ကာ ဂန့်ဂေါ PDF မှ ပြည်သူ (၄၀၀) ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာသို့ဝင်ရောက်ကာ ဂန့်ဂေါ PDF မှ ပြည်သူ (၄၀၀) ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၈ ရက် မှာ ဒေသခံ ပြည်သူ ၄၀၀ ကို ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါ ကဆိုပါတယ်။

"မတ်လ (၁၈) ရက်နေ့တွင် ဖက်ဆစ်စစ်တပ်နှင့် ပေါင်းကာ ဂန့်ဂေါမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများအားရက်စက်စွာသတ်ဖြတ်ခြင်း၊ နေအိမ်များအားမီးရှို့ခြင်း၊ မတရားဖမ်းဆီး နှိပ်စက် ခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများကို ပျူစောထီးသင်တန်းများအားအတင်းအဓမ္မတက်ခိုင်းခြင်း၊ ကင်းစောင့်ခိုင်းခြင်း၊ မတရားဖိနှိပ်ခြင်းများကြောင့် ယင်းကျေးရွာအတွင်းရှိပြည်သူများမှ အကူအညီ တောင်းသဖြင့် ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းကာ မြောက်ခင်ရန်းရွာသို့ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်"လို့ ဂန့်ဂေါ PDF ကဆိုပါတယ်။

ထိတွေ့မှုအတွင်းပြည်သူတို့၏ လုံခြုံရေးကို အဓိကထားကာကွယ်ပေးခဲ့ပြီး ဖိနှိပ်ခံနေရသည့် ပြည်သူ (၄၀၀) ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်။

"ထိတွေ့မှုဖြစ်နေစဉ် ဟံသာဝတီရွာမှ စကစတပ်များ၊ ရဲ နှင့်ပျူစောထီးများ စစ်ကူ ရောက်လာသဖြင့် မိမိတို့တော်လှန်ရေးရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရပြီး ပြည်သူတို့၏နေအိမ်များကို စကစတပ်နှင့် ပျူများက မီးရှို့ဖျက်ဆီးနေကြောင်းသိရပါတယ်"လို့ ဂန့်ဂေါ PDF ကဆိုပါတယ်။ ဖြစ်စဉ်အတွင်း တော်လှန်ရေးရဲဘော်တစ်ဦးမြင့်မြတ်စွာအသက်ပေးခဲ့ရပြီး တစ်ဦးဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။

========================

📌📌စနိုက်ပါစာမိ၍ စကစတပ်ဖွဲ့ဝင် ၄ ဦး ဒီမောဆိုမြို့နယ်၊ အိုးခူးရီးရွာတွင် ထပ်မံသေဆုံး

စနိုက်ပါစာမိ၍ စကစတပ်ဖွဲ့ဝင် ၄ ဦး ဒီမောဆိုမြို့နယ်၊ အိုးခူးရီးရွာတွင် ထပ်မံသေဆုံးခဲ့ပါတယ်။ မတ်လ ၁၈ ရက် ဒီမောဆိုမြို့နယ်၊ အိုးခူးရီးရွာတွင်တပ်စွဲထားသော စကစတပ် များအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးစနိုက်ပါ အဖွဲ့အပါအဝင် ကာကွယ်ရေးတပ် စနိုက်ပါရဲဘော်များဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

"မတ်လ ၁၈ ရက်ဒီမောဆိုမြို့နယ်၊ အိုးခူးရီးရွာတွင်တပ်စွဲထားသော စကစတပ် များအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့၊ လွိုက်ကော် PDF စနိုက်ပါအဖွဲ့၊ ဒီမောဆို PDF စနိုက်ပါအဖွဲ့တို့မှ ယနေ့ နေ့လည်ပိုင်းတွင် ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်က ၄ ဦးသေဆုံးခဲ့ပါတယ်" လို့ ဆိုပါတယ်။

စကစတပ်များစနိုက်ပါအဖွဲ့၏ တိုက်ခိုက်ခြင်းကိုခံရပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ပူးပေါင်းစနိုက်ပါအဖွဲ့မှ တစုံတရာထိခိုက် မှုမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ မတ်လ ၁၇ ရက်နေ့ကလည်း ဒီမောဆိုမြို့နယ်၊ အိုးခူးရီးရွာတွင် ပစ်ခတ်ခဲ့ရာ စနိုက်ပါစာမိ၍ စစ်ဗိုလ်ပါ ၆ ဦး သေဆုံးခဲ့ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment