၂၀၂၂ မတ်လ ၂၁ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌PDF များရဲ့အင်အားဟာ နေပြည်တော်ကို သိမ်းပိုက်ထိန်းချုပ်သည့် အဆင့်များသို့ မကြာမီရောက်ရှိတော့မည်ဟု ကာကွယ်ရေးဝန်ကြီးဆို
📌မန္တလေး - နေပြည်တော်လမ်းပိုင်းတစ်နေရာတွင် စကစ ကားတန်းကို ၄၀မမ အပေါ့စားလောင်ချာနဲ့ ပစ်ခတ်ခဲ့လို့ ငါးဦးထက် မနည်းထိခိုက်နိုင်
📌မြောင်မြို့နယ် TGR တပ်ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးထံမှ မိုင်းတပ်ဆင်ထုတ်လုပ်ရေးအတွက် ထောက်ပံ့မှုနှစ်ကြိမ်ရရှိခဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ် TGR တပ်ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးထံမှ မိုင်းတပ်ဆင်ထုတ်လုပ်ရေးအတွက် ထောက်ပံ့မှုနှစ်ကြိမ်ရရှိခဲ့
📌လက်နက်အပြည့်အစုံနဲ့ CDM ဝင်လာတဲ့ စစ်သားကို ဆုကြေးငွေ သိန်း ၅၀ ပေးအပ်သွားမယ်လို့ ဆားလင်းကြီး LDF ကြေညာ
📌တသောင်းတန် အတုများနှင့် ငါးထောင်တန် အတုများ စျေးဝယ်ရင်းရရှိလာမှု ပိုမိုများပြားလာ
📌ဧရာဝတီတိုင်း ဒေသအချို့မှာ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌PDF များရဲ့အင်အားဟာ နေပြည်တော်ကို သိမ်းပိုက်ထိန်းချုပ်သည့် အဆင့်များသို့ မကြာမီရောက်ရှိတော့မည်ဟု ကာကွယ်ရေးဝန်ကြီးဆို
PDF များရဲ့အင်အားဟာ နေပြည်တော်ကို ခြိမ်းခြောက်နေနိုင်ပြီဖြစ်ပြီး စိုးမိုးသိမ်းပိုက်ထိန်းချုပ်သည့် အဆင့်များသို့ မကြာမီရောက်ရှိတော့မှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုလိုက်ပါတယ်။
မတ်လ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ကရင်နီပြည်(ကယားပြည်နယ်)အတွင်း အကြမ်းဖက်စစ်ကောင်စီအား ရင်ဆိုင်တိုက်ပွဲဝင် နေကြသော ရှမ်း၊ ကယား၊ နေပြည်တော်တပ်ရင်းများက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ တွေ့ဆုံခဲ့ကြရာမှာ ဝန်ကြီးကပြောကြားခဲ့တာဖြစ်ပါတယ်။
"နေပြည်တော်ဟာ အကြမ်းဖက်စစ်ကောင်စီ ဗဟိုပြုထားတဲ့နေရာဖြစ်ပြီး ယခုလက်ရှိ ရဲဘော်တို့ရဲ့အင်အားဟာ နေပြည်တော်ကို ခြိမ်းခြောက်နေနိုင်ပြီဖြစ်ပြီး စိုးမိုးသိမ်းပိုက်ထိန်းချုပ်သည့် အဆင့်များသို့ မကြာမီရောက်ရှိတော့မည်ဖြစ်ကြောင်း၊ နေပြည်တော်တပ်ရင်းတွေအနေနဲ့ ရှမ်း၊ ကရင်နီ(ကယား) မှာရှိတဲ့ တပ်ရင်းတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို မျိုးစေ့ချပေးနေခြင်းဖြစ်ကြောင်း၊ ဒီဆောင်ရွက်ချက်တွေဟာ သမိုင်းဝင်ဆောင်ရွက်ချက်များဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ကရင်နီဒေသနဲ့ စစ်ကိုင်းတိုင်းကို စကစတပ်တွေဟာ အင်အား ရာနဲ့ချီ ထိုးစစ်ဆင်နေပြီးတော့ ရွာများကိုလည်း နေ့စဥ်မီးတင်ရှို့ဖျက်ဆီးလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ကို ခုခံတွန်းလှန်ဖို့ အမျိုးသာစညီညွတ်ရေးအစိုးရက နိုင်ငံတော်ကိုအရေးပေါ်အခြေအ ခြေအနေကြေညာခဲ့ပါတယ်။
========================
📌📌မန္တလေး - နေပြည်တော်လမ်းပိုင်းတစ်နေရာတွင် စကစ ကားတန်းကို ၄၀မမ အပေါ့စားလောင်ချာနဲ့ ပစ်ခတ်ခဲ့လို့ ငါးဦးထက် မနည်းထိခိုက်နိုင်
မန္တလေး - နေပြည်တော်လမ်းပိုင်းတစ်နေရာတွင် စကစ ကားတန်းကို ၄၀မမ အပေါ့စားလောင်ချာ သုံးလုံးဖြင့် ပစ်ခတ်ခဲ့လို့ စကစတပ်ဖွဲ့ဝင် ငါးဦးထက် မနည်းထိခိုက်နိုင်တယ်လို့ သတင်းရရှိပါတယ်။
မတ်လ၂၁ ရက် မှာ စစ်ရေးသတင်းကို Mandalay Ranger Forceမှ ဗိုလ်ဖီးနစ်ကဆိုပါတယ်။
"မန္တလေး - နေပြည်တော်လမ်းပိုင်းတစ်နေရာမှာ စကစ ကားတန်းကို 40mm အပေါ့စား လောင်ချာဖြင့် အသီး ၃ လုံးကျွေးခဲ့ပါတယ်။ စကစ ကားတစ်စီး ထိမှန်ပြီး မီး လောင်ကာ ၅ ယောက်ထက် မနည်းထိခိုက်နိုင်ပါတယ်" လို့ဆိုပါတယ်။
ယခုစစ်ဆင်ရေးကို ROM မှ ဗိုလ်ဖီးနစ် နှင့် MDY UG များဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့များဖြင့်ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စကစဘက် မှ စက်လက် သေနတ်များဖြင့်ထောက်ထားသော ကြောင့် အလျင်အမြန်ပြန်ဆုတ်ခဲ့ရတယ်လို့သတင်းရရှိပါတယ်။
========================
📌📌မြောင်မြို့နယ် TGR တပ်ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးထံမှ မိုင်းတပ်ဆင်ထုတ်လုပ်ရေးအတွက် ထောက်ပံ့မှုနှစ်ကြိမ်ရရှိခဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ် TGR တပ်ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးထံမှ မိုင်းတပ်ဆင်ထုတ်လုပ်ရေးအတွက် ထောက်ပံ့မှုနှစ်ကြိမ်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
မတ်လ၂၁ ရက် မှာ NUG ရေဒီယိုကို မြောင် TGR တပ်ဖွဲ့က ဗိုလ်တိုက်ဂါးက ပြောပါတယ်။ "ထုတ်လုပ်ရေးအတွက် ၃သိန်းတစ်ခါ၊ ၁၂ သိန်းတစ်ခါရဖူးပါတယ်။ အခု အရင်က ယမ်းတစ်အိတ်ကို နှစ်သိန်းဝင်းကျင်က ခုနစ်သိန်းဖြစ်နေတော့ ရပ်တည်ရတာ၊ လုပ်ရကိုင်ရတာခက်ခဲလာတယ်။ ကျွန်တော်တို့လည်း NUG ကိုထပ်တင်ပြထားပါတယ်။ အဲဒါတော့ မရသေးဘူး"လို့ ဗိုလ်တိုက်ဂါးကဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ဟာ စကစတပ်များ အင်အား ရာနဲ့ချီ ဖိထားတဲ့ မြို့နယ်လည်းဖြစ်ပြီးတော့ ကာကွယ်ရေးတပ်တွေနဲ့ မကြာခဏ ထိပ်တိုက်ရင်ဆိုင် ထိတွေ့တဲ့ တိုက်ပွဲများဖြစ်ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက ကာကွယ်ရေးတပ်ဖွဲ့များကို နယ်မြေအခြေအနေအပေါ်မူတည်ပြီး လက်နက်တွေ မကြာမီပံ့ပိုးပေးမယ်လို့လည်း ကာကွယ်ရေးဝန်ကြီးကဆိုထားပါတယ်။
========================
📌📌လက်နက်အပြည့်အစုံနဲ့ CDM ဝင်လာတဲ့ စစ်သားကို ဆုကြေးငွေ သိန်း ၅၀ ပေးအပ်သွားမယ်လို့ ဆားလင်းကြီး LDF ကြေညာ
လက်နက်အပြည့်အစုံနဲ့ CDM ဝင်လာတဲ့ စစ်သားကို ဆုကြေးငွေ သိန်း ၅၀ ပေးအပ်သွားမယ်လို့ ဆားလင်းကြီး LDF ကြေညာလိုက်ပါတယ်။ မတ်လ ၂၁ ရက်မှာ ဆားလင်းကြီး LDF က CDM ဝင်လိုတဲ့ စစ်ကောင်စီတပ်သားတွေကို ဖိတ်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။
"အာဏာလု အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ရုန်းထွက်၍ ပြည်သူအားကိုးထိုက်သော တပ်မတော်သားဖြစ်လိုပါက ကျွန်ုပ်တို့အနေနဲ့ အစစအရာရာတာဝန်ယူပြီး Full Equipment (လက်နက်အပြည့်အစုံ) နှင့် ပြည်သူနှင့်အတူရပ်တည်ကာ CDM ဝင်ရောက်လာပါက ကျွန်ုပ်တို့ SLDF မှ ဆုငွေ(သိန်း ၅၀ ကျပ်တိတိ) နှင့် ခိုလှုံခွင့်ပေးသွားမည်ဖြစ်ပါတယ်"လို့ SLDF ကဆိုပါတယ်။ ပြီးခဲ့တဲ့ရက် ကလည်း ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့က CDM ဝင်လာတဲ့ ရဲတပ်သားတစ်ဦးကို ကျပ်သိန်း ၃၀ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
========================
📌📌တသောင်းတန် အတုများနှင့် ငါးထောင်တန် အတုများ စျေးဝယ်ရင်းရရှိလာမှု ပိုမိုများပြားလာ
ရန်ကုန်မြို့မှာ တသောင်းတန် အတုများနှင့် ငါးထောင်တန် အတုများ စျေးဝယ်ရင်းရရှိလာမှု ပိုမိုများပြားလာတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကဆိုပါတယ်။
"အခု မတ်လ ထဲမှာဆို ငါးထောင်တန် အတုပေါ့။ သူကစျေးဝယ်ရင်းပါလာတာ ပိုများတယ်။ အတုမှန်းပထမ မသိသာပေမဲ့ ဆေးနဲ့အတုလုပ်ထားတာဆိုရင် ဆေးသားမကောင်းတာနဲ့ရော ငွေစက္ကူ အသားမကောင်းတာရော အချိန်ကြာတာနဲ့ အတုမှန်းသိတာပဲလေ။ ဆေးသားတွေက ပျက်တာပဲ။ တအား အကောင်းကြီးဆိုရင်သူက နံပါတ်တွေတူနေတာ။ သူကခွဲမရအောင် လုံခြုံရေးကြိုးကအစ ပါတယ်။ နံပါတ်မှာ အတူတူတွေဖြစ်နေလို့ အတုမှန်း တန်းသိတာပဲ"လို့ သဃ်န်းကျွန်းမြို့နယ်နေထိုင်သူ အမျိုးသားတစ်ဦးကလည်းဆိုပါတယ်။
ဒါ့အပြင် ငွေစက္ကူ အတုလုပ်ငန်းများကို လူမှုကွန်ရက်မှာ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်နေကြပြီးတော့ အတု ငွေဆယ်သိန်းကို အစစ်တစ်သိန်းပေးဝယ်လို့ရကြောင်း ဖော်ပြထားပါတယ်။
လတ်တလောမှာတော့ စကစဗဟိုဘဏ်က ကောလဟာလတွေလို့ငြင်းဆိုထားပေမဲ့ ဘဏ်စည်းထဲမှာဘဲ တစ်သောင်းတန် ၁၅ ရွက် နံပါတ်တူ အတုပါလာလို့ ကာကယကံရှင်အမျိုးသမီးတစ်ဦးက လူမှုကွန်ရက် မှာဖော်ပြခဲ့ပါသေးတယ်။
========================
📌📌ဧရာဝတီတိုင်း ဒေသအချို့မှာ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နေ
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်း အာစနီဟာ နောက် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းရကြောင်း မိုးဇလက ထုတ်ပြန်ကြေညာထားပါတယ်။
မုန်တိုင်းဟာ ဒီကနေ့ ညနေမှာ ကိုကိုကျွန်းအနီးနဲ့ မနက်ဖြန် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းကို ဖြတ်ကျော်ဝင်ရောက်မှာပါ။ “မုန်တိုင်းသတင်းကြားတော့ shutter တွေမှာ ရေနဲ့အစားအသောက်နဲ့ တချို့ပြင်ဆင်လို့ရတာတွေ တော့ပြင်ဆင်နေတယ်။ ပိုက်ဆံရှိတဲ့သူကလဲ ရှိသလို ပြင်ဆင်တာပေါ့ နာဂစ်လိုအခြေအနေဆိုရင်တော့ အခက်အခဲတွေအများကြီးရှိလာနိုင်တယ်”လို့ လပွတ္တာခရိုင် ပြင်စလူမြို့ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ပင်လယ်နဲ့ နီးတဲ့အရပ်က ဒေသခံတွေဟာ လပွတ္တာမြို့ပေါ်ကို မုန်တိုင်းရှောင် ရောက်လာကြတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။ မိုးရွာသွန်မှုနဲ့ အတူလေပြင်းတိုက်ခတ်တာ မိုးထစ်ချုန်းရွာသွန်းတာတွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင် သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းတာ ကမ်းရိုးတန်း တစ်လျှောက်နဲ့ကမ်းလွန် ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ် သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ဖို့ အသိပေးထားပါတယ်။
“မုန်တိုင်းသတင်းကြောင့် ငါးဖမ်းသင်္ဘောတွေ ပြန်ဝင်လာကြပြီး ပင်လယ်ထွက်တဲ့ သူတွေလည်းကမ်းဝင် လာကြတယ်။ မနေ့ထဲက ရွာမှာ မိုးတွေအုံ့နေပြီး ဒီနေ့မနက်တော့ တစ်နာရီလောက် ဆက်တိုက်ရွာတယ်။ ကြိုတင်ပြင်ဆင်ထားတာတော့ ဘာမှတော့ မရှိသေးဘူး”လို့ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် ၊ ကတုံကနိ ဒေသခံတဦးကပြောပါတယ်။
မူလခန့်မှန်းလမ်းကြောင်းအတိုင်း ရွေ့လျားပါက မော်တင်စွန်းထိပ်ကို ဖြတ်ကျော်ချိန်မှာ မုန်တိုင်း ဒီရေက ၅ ပေ ကနေ ၆ ပေ ခန့်အထိ မြင့်တက် နိုင်ပြီး ရခိုင်ကမ်းရိုးတန်းကို မတ်လ ၂၃ ရက်၊ ကမ်းဖြတ်ချိန်မှာ ဒီရေ ၅ ပေခန့်အထိ မြင့်တက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီသတင်းကိုတော့ Delta News မှ ထုတ်နုတ်တင်ပြပေးတာဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment