22nd MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၂၂ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အာဆီယံ ကိုယ်စားလှယ်ခရီးစဉ်နှင့် ပက်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ သတင်းထုတ်ပြန်ချက်
📌အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားနယ်မြေတွေမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ကိုဗစ် ကာကွယ်ဆေး ချိတ်ဆက်ထိုးပေးခဲ့
📌စစ်အာဏာရှင်ထောက်ခံသူများ ဆိုရှယ်မီဒီယာတွင် လူစိတ်ဝင်စားမှုရရှိလာအောင် ပိုမိုလုပ်ဆောင်လာ၍ ၎င်းတို့ကို သပိတ်မှောက်ရန် တိုက်တွန်း
📌ဗိုလ်သူရိန်တပ်ရင်းမှ လက်လုပ်သေနတ်များတီထွင်အောင်မြင်
📌သင်္ကြန်အတွက် စကစ က သွေးတိုးစမ်း ပြင်ဆင်နေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပထမဆုံးအနေနဲ့ အာဆီယံ ကိုယ်စားလှယ်ခရီးစဉ်နှင့် ပက်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ သတင်းထုတ်ပြန်ချက် ကို ဖတ်ကြားပေးမှာ ဖြစ်ပါတယ်

၁။ အာဆီယံအထူးကိုယ်စားလှယ်၏ ပထမအကြိမ် ခရီးစဉ်အဖြစ် မတ်လ (၂၀ ) ရက်နေ့မှ (၂၃) ရက်နေ့အတွင်း လာရောက်လျက်ရှိသည့် ခရီးစဉ်နှင့်ပက်သက်၍ သတိထား စောင့်ကြည့်လျက် ရှိပါသည်။
၂။ အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဌ ၊ အထူး ကိုယ်စားလှယ် တို့၏ တာဝန်ထမ်းဆောင်မှုကို ကြိုဆိုကြောင်း နှင့် အကြမ်းဖက်စစ်အုပ်စုကြောင့် ဖြစ်ပွားနေ‌သော မြန်မာ့အရေးအကြပ်အတည်း ဖြေရှင်းနိုင်ရေး ပူးပေါင်းဆောင်ရွက် သွား မည် ဖြစ်ကြောင်း စာရေးသားပေးပို့ခဲ့ပြီး ၊ ကနဦး သတင်းထုတ်ပြန် ခဲ့ပြီး ဖြစ်သည်။

၃။ ၂၂ ရက် ၊ ဖေဖော်ဝါရီလ ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ပရက်စ္စကွန် ထံသို့ လည်း မြန်မာ့အရေး အတွက် တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း ထပ်မံ စာရေးသားပေးပို့ခဲ့သည်။

၄။ ယခု အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် တွင် ဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် တိုက်တွန်းတောင်းဆိုအပ်ပါသည်။ အဆိုပါ အဖွဲ့အစည်းများတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုခေါင်းဆောင်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများ မဖြစ်မနေ ပါရှိရန်လိုအပ်ပါသည်။ ထို့အပြင် အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် လက်ရှိအချိန်တွင်ဖမ်းဆီးထိန်းသိမ်းခံထားရပြီး၊ ပြည်သူလူထု၏ဆန္ဒဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားသော သမ္မတ ဦးဝင်းမြင့် ၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံရန် အထူးပင်လိုအပ်ပါသည်။

၅။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အရေးနှင့် စပ်လျဉ်း၍ အာဆီယံအထူး ကိုယ်စားလှယ်အနေနှင့် အောက်ပါအချက်များကို ဦးစားပေးဆောင်ရွက်သင့်ပါသည်။
- စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်စေရေး တွန်းအားပေးရန်
- ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အရပ်ဖက် အဖွဲ့အစည်းများမှတဆင့်သာ ပေးပို့ရန်။
- ငြိမ်းချမ်းသည့် ရလဒ်များကို ရှာဖွေရာတွင် ပြည်သူများ၏ အကျိုးစီးပွားနှင့် လိုလားတောင့်တချက်များကိုသာ အခြေခံရန်။

၆။ မြန်မာပြည်သူတို့ကို တရားဝင်ကိုယ်စားပြုသည့် တစ်ခုတည်းသောအစိုးရတရပ်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရသည် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်းအတိအလင်း ထုတ်ဖော်ပြောဆိုအပ်ပါသည် ဟု ထုတ်ပြန်ထားပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားနယ်မြေတွေမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ကိုဗစ် ကာကွယ်ဆေး ချိတ်ဆက်ထိုးပေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားနယ်မြေတွေမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ကိုဗစ် ကာကွယ်ဆေး ချိတ်ဆက်ထိုးပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ၎င်းကိုဗစ်ကာကွယ်ဆေးတွေကို သိန်းနဲ့ချီ ပထမအသုတ်အနေနဲ့ ထိုးမှာဖြစ်တယ်လို့လည်းသတင်းရရှိပါတယ်။

"တချို့လည်း ထိုးပြီးသွားပြီဗျ။ တချို့ကတော့ မထိုးရသေးဘူး။ ပြည်တွင်းစခန်းတွေဆီတော့ မရောက်သေးဘူး။ EAOs ဒေသတွေဆီမှာရှိတဲ့ PDF တွေကို ဦးစားပေးထိုးပေးနေတယ်လို့သိရပါတယ်။ ကနဦးပထမအသုတ် ဆေးအလုံးရေ ၂ သိန်း လို့သိရပါတယ်"လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတော့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်က ကိုဗစ်ကာကွယ်ဆေးများရဲဘော်တွေကိုထိုးပေးနေတယ်လို့ သတင်းထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

========================

📌📌စစ်အာဏာရှင်ထောက်ခံသူများ ဆိုရှယ်မီဒီယာတွင် လူစိတ်ဝင်စားမှုရရှိလာအောင် ပိုမိုလုပ်ဆောင်လာ၍ ၎င်းတို့ကို သပိတ်မှောက်ရန် တိုက်တွန်း

စစ်အာဏာရှင်ထောက်ခံသူများ ဆိုရှယ်မီဒီယာတွင် လူစိတ်ဝင်စားမှုရရှိလာအောင် ပိုမိုလုပ်ဆောင်လာ၍ ၎င်းတို့ကို သပိတ်မှောက်ရန် ထောက်ပို့လူငယ်များက တိုက်တွန်းပြောကြားလိုက်ပါတယ်။ စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်များ၊ စစ်တပ်မိသားစုအသိုင်းအဝိုင်းများဟာ ဆိုရှယ်မီဒီယာကို မတ်လအတွင်းပိုမိုအသုံးပြုလာပြီး ဈေးရောင်းချတာတွေ၊ ဖျော်ဖြေတာတွေနဲ့ လူစိတ်ဝင်စားအောင် ပြုမူလုပ်ကိုင်ပြလာတာတွေရှိနေတယ်လို့သတင်းရရှိပါတယ်။

"ကျွန်တော်တို့အနေနဲ့ အကြံပြုလိုတာက ပြည်သူတွေ ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့ရာခိုင်နှုန်းများလာလေလေကာလမှာ အာရုံမလွဲသွားဖို့ တော်လှန်ရေးကိုပဲ တစိုက်မတ်မတ်အာရုံစိုက်ဖို့ ပြည်သူလူထုကို တိုက်တွန်းလိုတယ်။ နောက်တစ်ခုက စကစဘက်က အနုပညာရှင်တွေနဲ့ မိသားစုတွေကို ဘွိုက်ကောက်လုပ်ဖို့က ရေပေါ်ဆီတခဏလုပ်တာမဟုတ်ဘဲ တော်လှန်ရေးအောင်မြင်တဲ့အထိ လုပ်ဖို့ပြောချင်တယ်။ စကစရဲ့ပွဲလမ်းသဘင်တွေ ဖျော်ဖြေပွဲတွေကို ပြည်သူတွေမသွားဖို့လည်း တိုက်တွန်းချင်ပါတယ်"လို့ နွေဦးရိန်းဂျား ထောက်ပို့က လူငယ်တစ်ဦးကလည်းဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့လှုပ်ရှားမှုကို လုံခြုံရေးကတားဆီးခဲ့လို့ မြန်မာပလာဇာကို ပြီးခဲ့တဲ့လတွေက လူထုဟာ ဈေးမဝယ်ဘဲ သပိတ်မှောက်ခြင်းနဲ့ ပလာဇာမှာဖွင့်တဲ့ ဆိုင်ခန်းများ ပိတ်ပစ်ခြင်းတို့ ပြုမူလုပ်ဆောင်ခဲ့ပါတယ်။

========================

📌📌ဗိုလ်သူရိန်တပ်ရင်းမှ လက်လုပ်သေနတ်များတီထွင်အောင်မြင်

ဗိုလ်သူရိန်တပ်ရင်းမှ လက်လုပ်သေနတ်များတီထွင်အောင်မြင်နေပြီလို့ သတင်းရရှိပါတယ်။ မတ်လ၂၁ ရက် မှာ ဗိုလ်သူရိန်တပ်ရင်း ယင်းမာပင်က အသိပေးပြောကြားခဲ့ပါတယ်။

"စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့အတွက် အားပေးထောက်ပံ့ကူညီပေးကြသော မိဘပြည်သူများ၏ စွမ်းစွမ်းတမံ ကူညီပေးမှုကြောင့် ကျွန်တော်တို့ဗိုလ်သူရိန်တပ်ရင်း မှ လက်နက် များကို ထုတ်လုပ်အောင်မြင်နေပြီဖြစ်ပါတယ်။ စကစတပ်များနဲ့ တိုက်ခိုက်ရာမှာလည်း ထိရောက်မှုများရှိပြီး စကစတပ်တွေကို အထိနာအောင်ပြုလုပ်နိုင်တဲ့အထိ သက်ရောက် မှုတွေရှိပါတယ်"လို့ ဆိုပါတယ်။

သေနတ်တစ်လက် ပြုလုပ်ဖို့ရန်အတွက် တစ်သိန်း၊ တစ်သိန်းခွဲ ဝန်းကျင် ကုန်ကျကြောင်းသိရှိရပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်း ဒေသဟာ စကစတပ်များ အင်အားရာနဲ့ချီ စစ်ကြောင်းထိုးတဲ့ နေရာလည်းဖြစ်ပါတယ်။

"ကျွန်တော်တို့နဲ့ တိုက်ပွဲထဲအတူ မပါဝင်နိုင်ဘူးဆိုရင်တောင် ကျွန်တော်တို့အတွက်သေနတ် တိုက်ခိုက်ရေးပစ္စည်းများ ထုတ်လုပ်နိုင်ဖို့အတွက် ကူညီထောက်ပံ့ပေးတာကလည်း ကျွန်တော်တို့နဲ့အတူ တိုက်ပွဲထဲဝင်တိုက်ရသလိုပါပဲ။ ကျွန်တော်တို့ PDF များနှင့် မိဘပြည်သူများ အတူတကွလက်တွဲပြီး အပြန်အလှန်ကူညီကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်ဖို့ အဆုံးထိတိုက်ပွဲဝင်ကြပါစို့"လို့ ဗိုလ်သူရိန်တပ်ရင်းကဆိုပါတယ်။

========================

📌📌သင်္ကြန်အတွက် စကစ က သွေးတိုးစမ်း ပြင်ဆင်နေ

အာဏာသိမ်း စစ်ကောင်စီက မြို့ကြီးတွေမှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲအတွက် ကြိုစီစဥ်နေပါတယ်လို သိရှိရပါတယ်။ ရန်ကုန်မြို့မှာ အရင်က နှစ်တိုင်းရှိခဲ့တဲ့ ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်နေရာမှာ ဒီရက်ပိုင်းကစလို့ မဏ္ဍပ်ဆောက်လုပ်နေတာတွေ့ရပါတယ်။

ရန်ကုန်လိုပဲ မန္တလေး မြို့မှာလည်း မြို့တော်ဝန်မဏ္ဍပ် ဆောက်လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ နေပြည်တော်က ဖျော်ဖြေပွဲတစ်ခုကို လက်ခံခဲ့တဲ့ စင်ကာပူနိုင်ငံက Rave Republic DJ အဖွဲ့ကလည်း ပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ပွဲလက်ခံပြီးမှ မဖျော်ဖြေဖြစ်တော့ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ နေပြည်တော်မှာ နေထိုင်တဲ့ ရင်းမြစ်တစ်ဦးကတော့ နေပြည်တော်မှာ သင်္ကြန်မဏ္ဍပ်တွေဆောက်နေတာကို မတွေ့ရသေးဘူးလို့ ပြောပါတယ်။

ယခုအခါ အချို့ အနုပညာသမားအချို့ စစ်ကောင်စီပွဲအချို့မှာ ဖျော်ဖြေမှုပြုလို ဝေဖန်ခံရတာတွေရှိပေမယ့် Social Punishment အားနည်းလာတာကို တွေ့ရပါတယ်။ ထို့ပြင် အွန်လိုင်း မှ ကီးဘုတ်ဖိုက်တာများလည်း အားနည်းလာပြီး ယခင်ကကဲ့သို့ ပုံမှန်သီဆိုကခုန်ကြမှာကို စိုးရိမ်သူများလည်းရှိနေကြောင်း သိရှိရပါတယ်။

ကိုဗစ်ရောဂါကပ် စတင်ချိန်ကစလို့ ပြည်သူတွေ သင်္ကြန်ပွဲမဆင်နွှဲရတာ နှစ်နှစ်ရှိပြီဖြစ်ပါတယ်။ ဒီလာမယ့် နှစ်သင်္ကြန်ကတော့ အကြမ်းဘက်စစ်တပ်က အာဏာသိမ်းတာကြောင့် ပြည်သူတွေ မဆင်နွဲကြမယ့် တတိယမြောက် သင်္ကြန်ဖြစ်လာမှာပါ။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment