28th MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၂၈ ရက်နေ့  ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေထိုင်သူအချို့မှာ ကိုဗစ်ပိုးတွေ့၍ ကွာရန်တင်းဝင်နေရ
📌ဝေါလေဒေသတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စကစတပ်ဖွဲ့ဝင် ၆၁ ဦးသေဆုံး
📌ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြင်ဆင်အတည်ပြုချက်တွေကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်
📌မန္တလေး မြေပြင်သပိတ်မှ အကြမ်းဖက်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီးခံလိုက်ရတဲ့ ကိုကျော်စွာဝင်း ကျန်းမာရေးနဲ့ အသက်အန္တရာယ် အထူးစိုးရိမ်ရ
📌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ကျင့်ဝတ်စည်းကမ်းချိုးဖောက်မှုနှင့် မလိုက်နာမှု တွေဟာ အင်မတန် စိုးရိမ်စရာကောင်းတယ်လို့ တရားရေးဝန်ကြီးမှတ်ချက်ပြု
📌မိုင်းဆွဲမှာကြောက်လို့အတင်းမောင်းပြေးတဲ့ စကစတပ်စစ်ကား နွားထိုးကြီး PDF မိုင်းခွဲလို့ နှစ်ဦးသေဆုံး

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေထိုင်သူအချို့မှာ ကိုဗစ်ပိုးတွေ့၍ ကွာရန်တင်းဝင်နေရ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အတူနေထိုင်သူအချို့မှာ ကိုဗစ်ပိုးတွေ့၍ ကွာရန်တင်းဝင်နေရတယ်လို့သတင်းရရှိပါတယ်။ ဤသတင်းကို မတ်လ၂၈ ရက် မှာ ဆက်သွယ်မေးမြန်းရာမှာ တရားရုံးနှင့်နီးစပ်သူများကအတည်ပြုပါတယ်။

"ဟုတ်ပါတယ်။ကွာရန်တင်း ဝင်နေရပါတယ်"လို့ ဆိုပါတယ်။ အသက် ၇၀ ကျော်အရွယ်ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မပေါင်းများစွာနဲ့တရားစွဲဆိုထားပြီး ရုံးချိန်းများကို ပင်ပန်းစွာသွားလာနေရပါတယ်။ ယခုအပတ်မှာတော့ ရုံးချိန်းကိုမလာရောက်တာဟာ အတူနေထိုင်သူအချို့ ကိုဗစ်ပိုးတွေ့ရှိတယ်လို့ ဆိုတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွာရန်တင်း ဝင်နေရတာဖြစ်ပါတယ်။

========================

📌📌ဝေါလေဒေသတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စကစတပ်ဖွဲ့ဝင် ၆၁ ဦးသေဆုံး

ကရင်ပြည်နယ် ဝေါလေဒေသတွင်နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ ယမန်နေ့က စကစတပ်ဖွဲ့ဝင် ၆၁ ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ၂၇ ရက် တော်လှန်ရေးနေ့မှာ စကစတပ်ဖွဲ့များဟာ အထိနာသေဆုံးခဲ့ပြီးတော့ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် cobra ကဆိုပါတယ်။

"ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာနေရာအား မိမိတို့ Cobra စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ (၆၁) ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ စစ်သုံးပစ္စည်းများနှင့် လက်နက်ပစ္စည်းများစွာ ကျန်ရှိခဲ့ပြီး မိမိတို့ စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်လျက်ရှိပါတယ်"လို့ ဆိုပါတယ်။

မတ်လ ၂၇ ရက် မနက် ၉ နာရီ ညနေ ၄ နာရီအထိ စကတပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၄င်းနယ်မြေဟာ KNU တပ်မဟာ ၆ ရဲ့နယ်မြေအတွင်းမှာ ဖြစ်ပါတယ်။

========================

📌📌ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြင်ဆင်အတည်ပြုချက်တွေကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်

ပြည်သူ့ညီလာခံကနေပြီးတော့ အတည်ပြုခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြင်ဆင်အတည်ပြုချက်တွေကို အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်လာတာတွေ့ရပါတယ်။ အတည်ပြုပြီးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၁ နဲ့ အစိတ် အပိုင်း ၂ ကို ပြည်သူတွေ လေ့လာနိုင် ဖို့အတွက်လည်း NUCC မှာ ပါဝင်တဲ့သူတွေက ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအတွက်ပြင်ဆင်ချက်‌တွေကိုလည်း ဖေါ်ပြပါ Link တွေမှာ လေ့လာနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ပြီး ဇန်နဝါရီလ အတွင်းမှာ ပြည်သူ့ညီလာခံကို ၃ ရက်အကြာ ပြုလုပ်ခဲ့ပြီး အချက် ၈ ချက်ကို အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ ၈ ချက်ထဲမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၁ နဲ့ အစိတ် အပိုင်း ၂ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအစီအမံကို အတည်ပြုတာတွေကို ပြင်ဆင်တယ်လို့ ဖော်ပြထားပါတယ်။

NUCC ရဲ့ ဦးဆောင်မှု ခိုင်မာအားကောင်းစေရန်၊ လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်းမွန်စေရန် NUCC နဲ့ NUG အကြား လုပ်ငန်းတွေ ချိတ်ဆက်မှု ကောင်းမွန်စေရေးအတွက် လုပ်ငန်းလမ်းညွှန်နဲ့ လုပ်ထုံးလုပ်နည်းတွေ (Terms of Reference and Role) ကို ပြင်ဆင်ဖြည့်စွက်သွားဖို့ အတည်ပြုထားတာနဲ့ ပထမအကြိမ်ပြည်သူ့ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

========================

📌📌မန္တလေး မြေပြင်သပိတ်မှ အကြမ်းဖက်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီးခံလိုက်ရတဲ့ ကိုကျော်စွာဝင်း ကျန်းမာရေးနဲ့ အသက်အန္တရာယ် အထူးစိုးရိမ်ရ

မတ်လ ၂၇ ရက် မန္တလေး မြေပြင်သပိတ်မှ ကိုကျော်စွာဝင်းဟာ အကြမ်းဖက်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီးခံလိုက်ရပြီးကျန်းမာရေးနဲ့ အသက်အန္တရာယ် အထူးစိုးရိမ်ရတယ်လို့ သတင်းရရှိပါတယ်။ "ကျွန်တော်တို့ မန္တလေးမြို့ရှိ မြေပြင်သပိတ်များတွင် တက်ကြွစွာပါဝင်လှုပ်ရှားဆောင်ရွက်နေသော ကိုFelix ခေါ် မောင်ကျော်စွာဝင်းသည် (27.3.2022) မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် မန္တလေးမြို့အတွင်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်"လို့ မန္တလေးမြို့မြေပြင်သပိတ် အဖွဲ့ကဆိုပါတယ်။ ကိုကျော်စွာဝင်းဟာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးရမိစဉ်မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်၊ နှိပ်စက်၊ ထိုးကြိတ်ခံခဲ့ရကြောင်း သိရပါတယ်။ လက်ရှိအချိန်ထိ ကိုကျော်စွာဝင်းကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာလဲ မသိရသလို အားလုံးနဲ့ အဆက်အသွယ်မရဘဲ ဖြစ်နေတယ်လို့သတင်းရရှိပါတယ်။

========================

📌📌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ကျင့်ဝတ်စည်းကမ်း ချိုးဖောက်မှုနှင့် မလိုက်နာမှု တွေဟာ အင်မတန် စိုးရိမ်စရာကောင်းတယ်လို့ တရားရေးဝန်ကြီးမှတ်ချက်ပြု

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ဥပဒေမဲ့သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက် မှန်ကန်ခဲ့ပါကကျင့်ဝတ်စည်းကမ်း ချိုးဖောက်မှုနှင့် မလိုက်နာမှု တွေဟာ အင်မတန် စိုးရိမ်စရာကောင်းတယ်လို့ တရာရေးဝန်ကြီး ဦးသိန်းဦးက မှတ်ချက်ပြုပြောပါတယ်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတင် ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့၏ ဥပဒေမဲ့သတ်ဖြတ်မှုဟု ယူဆရသည့် ဖြစ်စဥ်နှင့် ပတ်သက်၍ တရားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးတွဲ၍ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။

ကနဦးသိရှိချက်အရ အဆိုပါဖြစ်စဥ်သည် ဖောက်ခွဲရေးပစ္စည်းများ မှားယွင်းပေါက်ကွဲမှုက စတင်အခြေတည်ကာ လက်စားချေသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုအရ သိရှိရပြီး အဆိုပါ ဖြစ်ရပ်ကို ကျူးလွန်သူများက ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည့်အကြောင်းကို ထုတ်ဖော်ပြောကြားစဥ်က “အကယ်၍ ဒီစွပ်စွဲချက်ကသာ မှန်ကန်ခဲ့တယ် ဆိုရင်တော့ ကျင့်ဝတ်စည်းကမ်းချိုးဖောက်မှုနှင့် မလိုက်နာမှုတွေဟာ အင်မတန် စိုးရိမ်စရာကောင်းပါတယ်၊ ဒါ့အပြင် ဒီလိုမလျော်သြဇာသုံးခြင်းဟာ အပြစ်မဲ့တဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရမည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အတွက် အမည်းစက်ဖြစ်သွားနိုင်ပါတယ်” လို့ဆိုပါတယ်။

အဆိုပါဖြစ်စဥ်ဟာ ယင်းမာပင်မြို့နယ် ဆရာစံ YMB PDF ရဲ့ ရွာဒေသခံတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကနဦး စုံစမ်းတွေ့ရှိချက်တွေဖော်ပြထုတ်ပြန်ထားပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်သံမဏိက ထိုသို့ သတ်ဖြတ်ရန် အမိန့်ပေးခဲ့မှုမျိုး မရှိခဲ့သော်လည်း အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ “တချို့သော လက်အောက်ငယ်သား တပ်ဖွဲ့ဝင်တွေ အနေနဲ့ကတော့ ‌ဒေါသမထိန်းနိုင်လို့ ဒီလိုဖြစ်ရပ်မျိုးကို ကျုးလွန်မိတာ ဖြစ်နိုင်ကြောင်း၊ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ပြစ်ဒဏ်ချမှတ်ခံရရင်လည်း ဒီဖြစ်စဥ်ရဲ့ အကျိုးဆက်တွေကို မိမိအနေနဲ့ ရင်ဆိုင်ဖို့ အဆင့်ပါပဲ” လို့​ပြောဆိုထားပါတယ်။

အကယ်၍ ခိုင်လုံသောသက်သေများ စစ်ဆေးတွေ့ရှိခဲ့ပါက ပြစ်မှုစစ်ဆေးစီရင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်သွားမည် ဖြစ်တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။

========================

📌📌မိုင်းဆွဲမှာကြောက်လို့အတင်းမောင်းပြေးတဲ့ စကစတပ်စစ်ကား နွားထိုးကြီး PDF မိုင်းခွဲလို့ နှစ်ဦးသေဆုံး

မတ်လ ၂၈ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ ခန့်မှာနွားထိုးကြီးနယ် ပဲချက်ရွာတောင်ဘက်ကို ဖြတ်သန်းလာတဲ့ စစ်ကားဟာမိုင်းဆွဲမှာကြောက်လို့အတင်းမောင်းပြေးရာ နွားထိုးကြီး PDF မိုင်းခွဲလို့နှစ်ဦးသေဆုံးခဲ့ပါတယ်။ အခုလိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ကဆိုပါတယ်။

"မိုင်းဆွဲမှာကြောက်လို့အတင်းမောင်းတယ်ပေါ့။အတင်းမောင်းတော့ ကွက်တိဆွဲမိသွားတာတော့ စိတ်မကောင်းပါဘူးဗျာ။ မတ်လ၂၈ ရက် မနက် ၁၀ နာရီ ၂၀ အချိန် ပဲချက်ရွာတောင်ဘက်တွင် စစ်ကားအသေးတစ်စီးအား NPDF အဖွဲ့သားများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် မုန့်ဟင်းခါး နှစ်ပွဲဖြစ်သွားတယ်လို့ အတွင်းသတင်းရရှိတယ်"လို့ဆိုထားပါတယ်။ တိုက်ခိုက်မှုမှာရဲဘော်များအထိအခိုက် မရှိဘူးလို့ Natogyi People Defence Force ကသိရပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment