၂၀၂၂ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌နိုင်ငံတကာ အကူအညီတချို့ရရှိ၍ CDM ဝန်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရက ပံ့ပိုးမှုတွေ စီစဉ်ဆောင်ရွက်နေပြီဖြစ်
📌၂၀၂၂ခု နှစ်ဟာ တော်လှန်ရေးကို အဆုံးသတ်ပြီး အောင်ပွဲခံမဲ့နှစ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
📌ထောက်ပို့ဟာ အင်မတန်အရေးကြီးပြီးတော့ တပ်မတော်ရဲ့ အသက်လို့တောင် ပြောလို့ရတယ်လို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ဆို
📌မတ်လ ၂၆ ရက်နေ့အထိ ငွေတိုက်စာချုပ်ပေါင်း ၇၀၀၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီးတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ အထိရရှိပြီလို့ United Bond - NUG ထုတ်ပြန်
📌စစ်တပ်ကမီးရှို့ဖျက်ဆီးသွားတဲ့ ဒီပဲယင်းမြို့နယ် ဝပါကျေးရွာ နေအိမ် ၆၇ လုံးအတွက် နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် သစ်လုံး မျောတိုင်များ ကူညီထောက်ပံ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌နိုင်ငံတကာ အကူအညီတချို့ရရှိ၍ CDM ဝန်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရက ပံ့ပိုးမှုတွေ စီစဉ်ဆောင်ရွက်နေပြီဖြစ်
နိုင်ငံတကာ အကူအညီတချို့ရရှိ၍ CDM ဝန်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရက ပံပိုးမှုတွေ စီစဉ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။ မတ်လ ၂၈ ရက်သူနာပြုသင်တန်းသူ မသဉ္ဇာဟိန်း ကျဆုံးခြင်း (၁) နှစ်ပြည့် အောက်မေ့သတိရခြင်း အခမ်းအနားမှာ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။
"တော်လှန်ရေးမှာ အခုဆို CDM အနေနဲ့ ပါဝင်လာတာ တစ်နှစ်ပြည့်ပြီ။ အခု နိုင်ငံတကာအကူအညီတချို့ ရရှိပါတယ်။ ဒါကို CDM ဆရာ၊ ဆရာမတွေ အစိုးရဝန်ထမ်းတွေ ဆက်လက်ပံပိုးကူညီဖို့ စီစဉ်နေပြီ။ ဆောင်ရွက်နေပြီလို့ မှာချင်ပါတယ်"လို့ ဝန်ကြီးက ဆိုပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ရုံးမတက်ဘဲနေခြင်း၊ အမိန့်ညွှန်ကြားချက်များကို မလိုက်နာခြင်းတို့နဲ့ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများဟာ အများစုပါဝင်လှုပ်ရှားခဲ့ကြပါတယ်။
"တဆက်တည်း အသိပေးချင်တာ၊ သတိပေးချင်တာ Non CDM တွေနဲ့ စကစနဲ့ အပေါင်းအပါတွေ ဒီအချိန်မှာ CDM ဝင်ပါလို့ မပြောတော့ဘူး။ အလင်းဝင်ပါ။ ပြည်သူ့ရင်ခွင် ခိုလှုံပါ။ ခုခံစစ်ကနေ တိုက်ခိုက်ချေမှုန်းခြင်း၊ တရားမျှတသော တိုက်ခိုက်ချေမှုန်းခြင်းကို စတင်ပါတော့မယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။
========================
📌📌၂၀၂၂ခု နှစ်ဟာ တော်လှန်ရေးကို အဆုံးသတ်ပြီး အောင်ပွဲခံမဲ့နှစ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
၂၀၂၂ခု နှစ်ဟာ တော်လှန်ရေးကို အဆုံးသတ်ပြီး အောင်ပွဲခံမဲ့နှစ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံမှ ထောက်ပံ့တပ်သားသစ်ကြိုဆိုပွဲ အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။ "ဒီတော်လှန်ရေးကို ဖြတ်သန်းရတဲ့ တစ်နှစ်တာလောက်ရှိတဲ့ ကာလအတွင်းမှာ ကြုံတွေ့ခဲ့တဲ့အခက်အခဲတွေ၊ အတွေ့အကြုံတွေဟာ အဖိုးမဖြတ်နိုင်ဘူး။ ဒီအပေါ်မှာ မူတည်ပြီးတော့ ရှေ့ဆက်ပြီးပိုအောင်မြင်အောင်လုပ်နိုင်မဲ့ လမ်းကြောင်းတွေ၊ အတွေ့အကြုံတွေ တွေ့နေပြီ။ သိနေရပြီဖြစ်တယ်။ နောက်တစ်ခုက ဒီတော်လှန်ရေးမှာ အရင်းအနှီးကမနည်းဘူး။ အရင်းအနီးတွေထဲမှာ အသက်တွေတောင်ရင်းနှီးခဲ့ရတယ်။ အင်မတန်အရေးကြီးတဲ့ အရင်းအနှီးဖြစ်တယ်။ ဒီအရင်းအနှီးတွေအတွက် ထိုက်တန်တဲ့ ပြန်ရမှဖြစ်မယ်။ မဖြစ်ဖြစ်အောင် ပြန်ယူမယ်။ နောက်ဆုတ်လို့မရဘူး။ ရပ်တန့်လို့မရဘူး။ ရှေ့ကိုဆက်သွားနေမယ်။ ၂၀၂၂ မှာ တော်လှန်ရေးကိုအဆုံးသတ်မယ်။ အောင်ပွဲခံမဲ့နှစ် ဖြစ်ကိုဖြစ်ရမယ်"လို့ ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ခု နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပေါ်ပေါက်လာခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းကာ ၂၀၂၁ခု နှစ် စက်တင်ဘာ ၇ ရက်မှာ ခုခံတွန်းလှန်ဖို့ကြေညာခဲ့ပါတယ်။
========================
📌📌ထောက်ပို့ဟာ အင်မတန်အရေးကြီးပြီးတော့ တပ်မတော်ရဲ့ အသက်လို့တောင် ပြောလို့ရတယ်လို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ဆို
ထောက်ပို့ဟာ အင်မတန်အရေးကြီးပြီးတော့ တပ်မတော်ရဲ့ အသက်လို့တောင် ပြောလို့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ကဆိုပါတယ်။ မတ်လ ၂၈ ရက်ထောက်ပံ့ရေးတပ်သားများအား ကိုယ်ပိုင်နံပါတ်ပေးအပ်ပွဲနှင့် ထောက်ပံ့ရေးတပ်သားအသစ်များ ကြိုဆိုပွဲအခမ်းအနားမှာ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ကပြောကြားခဲ့ပါတယ်။
"စစ်ရဲ့ဝေါဟာရအရ ထောက်ပို့ဟာအင်မတန်အရေးကြီးပါတယ်။ တပ်မတော်ရဲ့အသက်လို့တောင် ပြောလို့ရပါတယ်။ ၂၀၂၂ မှာ အနိုင်ရဖို့ဆိုရင် ဒါငွေကြေး၊ ရိက္ခာ အထောက်အကူအရေးကြီးပါတယ်။ ဒါတစ်ဖက်ကလည်း စိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်။ အခုဆိုရင် စကစအကြမ်းဖက်မှုတွေကြောင့် ရွာတွေမီးရှို့ခံရတယ်။ လူတွေသတ်ခံရတယ်။ အသတ်ခံရတဲ့အထဲမှာ ကလေးတွေဆို တစ်ရာကျော်ပါပြီ။ မိုးတွေ၊ မုန်တိုင်းတွေကြားထဲ လူတွေဟာ လူသားချင်းစာနာမှုအကူအညီတွေပေးကြတယ်။ ကျွန်တော်တို့တော်လှန်ရေးဟာ ဖက်ဒရယ်တပ်မတော်အဆင့်ထိ ရောက်အောင်သွားမှာဖြစ်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ထောက်ပို့တပ်သားတွေ ကူညီဆောင်ရွက်မှုကြောင့် စကစတပ်တွေဟာ အထိနာတဲ့အနေအထားမှာရှိနေပါတယ်။
========================
📌📌မတ်လ ၂၆ ရက်နေ့အထိ ငွေတိုက်စာချုပ်ပေါင်း ၇၀၀၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီးတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ အထိရရှိပြီလို့ United Bond - NUG ထုတ်ပြန်
မတ်လ ၂၆ ရက်နေ့အထိ ငွေတိုက်စာချုပ်ပေါင်း ၇၀၀၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီးတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ အထိရရှိပြီလို့ United Bond - NUG ထုတ်ပြန်လိုက်ပါတယ်။ မတ်လနောက်ဆုံးပတ်မှာ United Bond - NUG ကငွေတိုက်စာချုပ် ရောင်းချရမှုအခြေအနေကို အသိပေးဖော်ပြခဲ့ပါတယ်။ "၂၆ မတ်လ ၂ဝ၂၂ နေ့အထိ ငွေတိုက်စာချုပ်စုစုပေါင်း ၇၂၅၀၈ စောင် ရောင်းချနိုင်ခဲ့ပြီး ရရှိလာတဲ့ ဘဏ္ဍာရန်ပုံငွေများကို နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်နိုင်ရေးအတွက် အဓိက လိုအပ်လျှက်ရှိသည့် အသုံးစရိတ်များအဖြစ် စနစ်တကျ စီမံခန့်ခွဲသုံးစွဲလျှက်ရှိပါတယ်"လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ငွေတိုက်စာချုပ်များကို အမေရိကန်ဒေါ်လာ ၁၀၀ တန် ကနေ ၅၀၀၀ တန် အထိ နိုင်ငံတကာမှာ ကိုယ်စားလှယ်များကနေရောင်းချပေးလျက်ရှိပါတယ်။
========================
📌📌စစ်တပ်ကမီးရှို့ဖျက်ဆီးသွားတဲ့ ဒီပဲယင်းမြို့နယ် ဝပါကျေးရွာ နေအိမ် ၆၇ လုံးအတွက် နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် သစ်လုံး မျောတိုင်များ ကူညီထောက်ပံ့
စစ်တပ်ကမီးရှို့ဖျက်ဆီးသွားတဲ့ ဒီပဲယင်းမြို့နယ် ဝပါကျေးရွာ နေအိမ် ၆၇ လုံးအတွက် နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် သစ်လုံး မျောတိုင်များ ကူညီထောက်ပံ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၂၈ ရက်မှာ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
"စကစတပ်များ မီးရှို့ဖျက်ဆီးသွားသည့်အတွက် မီးလောင်ဆုံးရှုံးခဲ့ရသည့် ဒီပဲယင်းမြို့နယ် ဝပါကျေးရွာ နေအိမ် (၆၇) လုံးအတွက် ယာယီတဲများတည်ဆောက်ခြင်း /နေအိမ်များတည်ဆောက်ခြင်းများ ပြုလုပ်နိုင်ရန်အတွက် အောင်စည်မြေ စေတနာ့ရှင်ပြည်သူများမှ သစ်လုံးမျောတိုင်များ ကား (၅) စီးခွဲတိုက် လာရောက်ကူညီပေးခဲ့ကြောင်း သိရပါတယ်"လို့ ဆိုပါတယ်။ မတ်လ ၅ ရက်နေ့မှာ ဒီပဲယင်းဝပါရွာက လူနေအိမ်များကို စကစတပ်များမီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၆၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
"လက်ရှိအခြေအနေအရ ပြည်သူ့မှာ အားကိုးစရာ ပြည်သူသာ ရှိတာမို့ မီးလောင်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအား တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်ခင်ဗျာ"လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကဆိုပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment