29th MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၂၉ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ဟားခါးမြို့ ရုန်းတောင်ကြားတွင် စစ်သုံးရဟတ်ယာဥ် ထင်းရှုးတောထဲမှာ ပျက်ကျ
📌အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံရဲ့ အာရှသုံးနိုင်ငံခရီးစဉ်မှာ မြန်မာအကြောင်း ထည့်သွင်းဆွေးနွေးမယ်
📌မြန်မာနိုင်ငံက ဒုက္ခသည် ၂၀၀၀ ကိုဩစတြေးလျ နိုင်ငံကလက်ခံမယ်
📌မြဝတီအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနေနော်ဖမ်းဆီးခံရ
📌KLG PDF မှ တာဝေးပစ် ရှော့ဒုန်းများစမ်းသပ်မှုအောင်မြင်
📌ဗဟင်းကျေးရွာ စခန်းကို ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး
📌လက်နက် မတော်တဆမှုဖြစ်ပွားမှုကြောင့် တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံး

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ားခါးမြို့ ရုန်းတောင်ကြားတွင် စစ်သုံးရဟတ်ယာဥ် ထင်းရှုးတောထဲမှာ ပျက်ကျနေ ဆိုတဲ့သတင်း

ချင်းပြည်နယ် ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နဲ့ ၂၆၆ တပ်စခန်းရှိရာ ရုန်းတောင်ကြားတွင် စစ်သုံးရဟတ်ယာဥ်မှာ ထင်းရှုးတောထဲ၌ ယနေ့မနက် ပျက်ကျခဲ့ပါတယ်။ မတ်လ ၂၉ ရက် နံနက် ၉ နာရီ ၃၀ အချိန်မှာ ပျက်ကျခဲ့တာလို့ ဒေသ သတင်းအရင်းမြစ်များကဆိုပါတယ်။

လတ်တလောမှာ ယင်းနေရာကို စကစတပ်တွေ အင်အားအများအပြားနဲ့ ရောက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။ ရဟတ်ယာဥ်ဟာ ဘာကြောင့်ပျက်ကျတယ်ဆိုတာတော့ အကြောင်းအရင်းမသိရသေးဘူးဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း တိုက်လေယာဥ်တစ်စင်း စကစဘက်က ပျက်ကျခဲ့ပြီး လေယာဥ်မှူးသေဆုံးခဲ့ပါသေးတယ်။

========================

📌📌အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံရဲ့ အာရှသုံးနိုင်ငံခရီးစဉ်မှာ မြန်မာအကြောင်း ထည့်သွင်းဆွေးနွေးမယ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံအရာရှိ Derek Chollet ဟာ မတ်လ ၂၈ ရက်နေ့ကနေ ဧပြီလ ၂ ရက်နေ့အထိ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဂျပန်ကို သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ Derek Chollet ရဲ့ ဒီအာရှခရီးစဉ်ဟာ အင်ဒို - ပစိဖိတ် မဟာမိတ်တွေနဲ့ မိတ်ဖက်တွေအတွက် အမေရိကန်ရဲ့ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိပြီး ငြိမ်းချမ်းတည်ငြိမ်ဖို့ အပါအဝင် ဒေသတွင်း အကြောင်းအရာတွေကိုလည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှု သေချာစေဖို့ ပူးတွဲကြိုးပမ်းဆောင်ရွက်မှုတွေအတွက် ဖိလစ်ပိုင်တာဝန်ရှိသူတွေနဲ့ တိုင်ပင်မယ့်အပြင် အမေရိကန် - အာဆီယံ ဆက်ဆံရေး ၊ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နဲ့ ဂျပန် သုံးနိုင်ငံစလုံးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းကို တိုက်ခိုက်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်ရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သတ်ပြီး ပြောဆိုသွားမယ်လို့လည်း သိရပါတယ်။

========================

📌📌မြန်မာနိုင်ငံက ဒုက္ခသည် ၂၀၀၀ ကိုဩစတြေးလျ နိုင်ငံကလက်ခံမယ်

ဩစတြေးလျနိုင်ငံက မတ်လနောက်ဆုံးအပတ်မှာ မြန်မာနိုင်ငံကို ဒေါ်လာ ၉၅ သန်းကျော် အကူအညီပေးမယ့်အပြင်၂၀၂၂ခု နှစ် အတွင်းမှာ မြန်မာဒုက္ခသည် ၂၀၀၀ ကိုလည်း လက်ခံသွားမှာလို့သိရပါတယ်။ အခုလိုအကူအညီပေးမယ့်အကြောင်းကို ဩစတြေးလျဝန်ကြီးချုပ်က ပြောဆိုသွားတာပါ။ မြန်မာအရေးကို တစိုက်မတ်မတ်လှုပ်ရှားဆောင်ရွက်ပေးနေတဲ့ လွှတ်တော်အမတ် ဒန်စမစ်က ဩစတြေးလျဝန်ကြီးချုပ် ပြောကြားချက်ကို ကိုးကားပြီး ရေးသားလိုက်တာပါ။

“ဝန်ကြီးချုပ်က အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ၂၀၀၀ ကို လူသားချင်းစာနာမှု အစီအစဉ်တွေအရ ဗီဇာထုတ်ပေးမှာဖြစ်ပီးတော့ လက်ရှိဘဏ္ဍာနှစ်အတွင်းမှာလည်း မြန်မာပြည်သူတွေအတွက် ဒေါ်လာ ၉၅ သန်းကျော်ကို ထောက်ပံ့ကူညီမှာပါ” လို့ လွှတ်တော်အမတ် ဒန်စမစ်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဩစတြေးလျနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ အပတ်က တပ်နဲ့ ရဲ CDM တွေကို နေထိုင်ဖို့အတွက် လုပ်ဆောင်ပေးမယ်လို့ တရားဝင်ပြောကြားခဲ့ပါတယ်။

========================

📌📌မြဝတီအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနေနော်ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက်ကာ သတင်းရေးသားနေတဲ့ အလွတ်တန်းသတင်းထောက် ကိုနေနော်ကို မနေ့မတ်လ (၂၈)ရက်၊ နေ့လယ်ပိုင်းမှာ ရဲစခန်းကနေ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားဖော်ပြထားတဲ့ သတင်းနဲ့ပတ်သက်ပြီး စကားပြောဆိုစရာရှိ တာကြောင့်ဆိုကာ မြဝတီရဲစခန်းတာဝန်ရှိသူက ကိုနေနော်ကိုလာရောက်ဖို့ခေါ်တာကြောင့် သွားရောက်ဖြေရှင်းရင်း ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

"ရဲစခန်းမှာ တခါတည်းဖမ်းဆီးထားလိုက်တာ။ အာမခံလည်းမရဘူး၊ မိတ်ဆွေ မိသားစုနဲ့လည်းတွေ့ခွင့်မရဘူး။"လို့ ကိုနေနော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဘီဘီစီကိုပြောဆိုထားတာတွေ့ရပါတယ်။ ကိုနေနော်ဟာ အလွတ်တန်းသတင်းထောက်အနေနဲ့ စီးပွားရေးသတင်းဌာနဖြစ်တဲ့ Bloomberg၊ ကရင်သတင်းဌာနဖြစ်တဲ့ KIC တို့မှာပါ သတင်းပေးပို့တယ်လို့ သိရပါတယ်။

လက်ရှိပြည်တွင်းမှာ သတင်းသမားအများစုဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး စာရင်းတွေအရ မတ်လ (၂၅) ရက်အထိကို သတင်းထောက် (၁၂၂) ဦး ဖမ်းဆီးခံခဲ့ရပြီးဖြစ်ပါတယ်။ အဲ့ဒီထဲကသတင်းထောက် (၄၈) ဦးဟာ စစ်ကောင်စီလက်ထဲဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲ့ဒီထဲက (၁၅) ယောက်ဝန်းကျင်ဟာ အလွတ်တန်းသတင်းထောက်တွေလို့ အာဆီယံစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Reporting ASEAN ကနေ တရားဝင်ထုတ်ပြန်ထားပါတယ်။

========================

📌📌KLG PDF မှ တာဝေးပစ် ရှော့ဒုန်းများစမ်းသပ်မှုအောင်မြင်

KLG PDF မှ တာဝေးပစ် ရှော့ဒုန်းများစမ်းသပ်မှုအောင်မြင်တယ်လို့သတင်းရရှိပါတယ်။ မတ်လ ၂၉ ရက်နေ့မှာ ရှော့ဒုန်းများကို KLG PDF က စမ်းသပ်ပစ်ခတ်ပြခဲ့ပါတယ်။

"ကျွန်တော်တို့ KLG PDFမှ တာဝေးပစ် ရှော့ဒုန်း စမ်းသပ်မှု အောင်မြင်တယ်"လို့ဆိုထားပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လက်လုပ်သေနတ်များ၊ ကာဘိုင်သေနတ်များ၊ ၆၀မမ များ ကိုထုတ်လုပ်အောင်မြင်နေတာဖြစ်ပါတယ်။

========================

📌📌ဗဟင်းကျေးရွာ စခန်းကို ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

မကွေးတိုင်း မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာ စခန်းကို PRA တပ်ဖွဲ့ ၁ နှစ်ပြည့် အနေနဲ့ ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ပါတယ်။ မတ်လ၂၈ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်မှ စ၍ ညနေ ၄ နာရီအချိန်ထိ (၄)နာရီကြာ ဝင်ရောက်စီးနင်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေး တပ်မတော် PRA ကဆိုပါတယ်။

"PRA (၁) နှစ်ပြည့်အထိမ်းအမှတ် အတွက် စကစ အများအပြားထိုင်ထားတဲ့ ဗဟင်းစခန်းကို သိန်းယူရန် (၈၀%) စီးထားနိုင်ခဲ့သော်လည်း စကစဘက်မှ Jet Fighter တစ်စီးလာ၍ မနားတန်းတရစပ် ပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွါခဲ့ရပါတယ်"လို့ဆိုပါတယ်။

ထိုတိုက်ပွဲကို ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) တပ်ခွဲ (၁/၂/၃/၄/၉/၁၀) ၊ ကျားသစ်နက်၊ MVRF ၊ပုလဲ (ပကဖ)၊ PPDG၊ Tiger ၊ 7 stars အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ တော်လှန်ရေးရဲဘော်များ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သော်လည်း ရဲဘော်(၂) ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။

========================

📌📌လက်နက် မတော်တဆမှုဖြစ်ပွားမှုကြောင့် တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံး

မတ်လ ၂၉ ရက် MSIYDF က ရဲဘော်တစ်ဦးနှင့် မဟာမိတ်အဖွဲ့ဝင်ရဲဘော်တစ်ဦးတို့ဟာ လက်နက် မတော်တဆမှုဖြစ်ပွားမှုကြောင့် တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ "MSIYDF ၏အဖွဲ့ဝင် ရဲဘော်တစ်ဦးနှင့် မဟာမိတ်အဖွဲ့ဝင်ရဲဘော်တစ်ဦးတို့ဟာ လက်နက်မတော်တဆမှု ဖြစ်ပွားမှုကြောင့် ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် ကွယ်လွန်သွားခဲ့ပါတယ်"လို့ ဆိုပါတယ်။

ကျဆုံးတဲ့ရဲဘော်များဟာရဲဘော် ဥက္ကာအောင် (MSIYDF) အသက် (22) နှစ်၊ ရဲဘော် Christ (KKK DF)အသက် (28) နှစ်တို့ဖြစ်ကြပါတယ်။ "ကျဆုံးမှုများအတွက်အလွန်ပင် ယူကြုံးမရဖြစ်ရပါတယ်"လို့ (MSIYDF) ကဖော်ပြပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment