30th MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကြားကာလမှာ လုပ်ရမှာက စစ်ကောင်စီပြုတ်ကျရေးဖြစ်တယ်လို့ ကက်ဘိနက် အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ မှာကြား
📌၂၀၂၂ ခုနှစ်က တော်လှန်ရေးအောင်ပွဲရမယ့်နှစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဖွင့်ဟပြောဆို
📌"တပွင့်တည်းသော နှင်းဆီ”ပန်းချီကား မတ်လ ၁၉ ရက်နေ့မနက်မှာ US$ 4,000 တန်ဖိုး ကိုရောက်ရှိလာ
📌ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီး ဌာနအဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးမှုပြုလုပ်
📌စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီနဲ့ရောပြီး ချောက်ထဲထိုးဆင်းမလား၊ ပြည်သူနဲ့ ရှင်ကျန်နေမလားဆိုပြီး ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က မေးခွန်းထုတ်
📌စစ်ကောင်စီရဲ့ UPDJC က ခြေဥပြင်ဆင်ရေးဆွေးနွေးရန် ဖိတ်စာထုတ်တယ်ဆိုတဲ့ သတင်း
📌မြောင်မြို့နယ်အတွင်း ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက်မီးရှိူ့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် MSPDF မှ ကျန်းမာရေးစစ်ဆေးမှုများသွားရောက်ကူညီ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကြားကာလမှာ လုပ်ရမှာက စစ်ကောင်စီပြုတ်ကျရေးဖြစ်တယ်လို့ ကက်ဘိနက် အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ မှာကြား

ကြားကာလမှာ လုပ်ရမှာက စစ်ကောင်စီပြုတ်ကျရေးဖြစ်တယ်လို့ ကက်ဘိနက် အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ မှာကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတကပြောကြားခဲ့တာပါ။

"ကျနော်တို့ရဲ့ အတွေ့အကြုံအရ မြေပြင်စိုးမိုးရေး ကို ရရှိအောင်လုပ်ရမှာ အရေးကြီးတယ်၊ မြေပြင်မှာ စီမံခန့်ခွဲမှုလုပ်နိုင်ဖို့က အမျိုးသားညီညွတ်ရေးအစိုးရအတွက် အလွန်အရေးကြီးတယ်၊ နယ်မြေစိုးမိုးရေးအတွက် ပစ္စည်းတွေ၊ ငွေတွေ အင်မတန်အရေးပါတယ်၊ အဲဒါတွေကို ဦး စားပေးလုပ်ဆောင်ရမယ်၊ ကြားကာလမှ လုပ်ရမှာက စစ်ကောင်စီပြုတ်ကျရေးဖြစ်တယ်။ မြေပြင်မှာလုပ်ရမယ့်ကိစ္စတွေကို အထူးအလေးထားပြီး လုပ်ဆောင်ဖို့ ထပ်လောင်းပြောကြားလိုတယ်"ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းတို့ အပါအဝင် ပြည် ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

"NUG ရဲ့ လုပ်ဆောင်ချက်တွေ နှေးကွေးနေတယ်ဆိုပြီး ပြောဆိုမှုတွေရှိနေပေမေယ့် ကျနော်ပြောလိုတာက မနှေးကွေးပါဘူး။ အစိုးရအဖွဲ့အကုန်လုံးက ကိုယ်စွမ်းရှိသမျှ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါကို အရှိန်အဟုန်မကျအောင် ဝိုင်းဝန်းကြိုးစားကြဖို့၊ ပြည်သူလူထုကို အသိပေးဖို့၊ ကမ္ဘာ့နိုင်ငံအသီး သီး မိတ်ဆွေးများကိုလည်း အသိပေးဖို့လိုတယ်။ ရုန်းကန်ရတဲ့ အမှန်တရားကို ကမ္ဘာကိုသိစေပြီးတော့ ကမ္ဘာနဲ့ လက်တွဲပြီးတော့ အမြန်ဆုံး စစ်ကောင်စီကို ချေမှုန်းပြီး ဖြုတ်ချပြီးတော့ မြန်မာနိုင်ငံသစ်ကို အမြန်ဆုံးထူထောင်ရမယ်"လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။

========================

📌📌၂၀၂၂ ခုနှစ်က တော်လှန်ရေးအောင်ပွဲရမယ့်နှစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဖွင့်ဟပြောဆို

၂၀၂၂ခုနှစ်က တော်လှန်ရေးအောင်ပွဲရမယ့်နှစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို မတ်လ နောက်ဆုံးပတ် ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ကဏ္ဍပေါင်းစုံမှာ မလစ်ဟင်းရအောင် ကြိုး စားဆောင်ရွက်နေတာ အခုဆိုရင် တစ်နှစ်ပြည်တော့မှာ ဖြစ်တယ်၊ မပြည့်မစုံ အခြေအနေတွေအရ ရုန်းကန်ကြရ တာမို့ ကိစ္စရပ်တိုက်က ချောချောမွေ့မွေ့မရှိဘူးဆိုတာ၊ ဒီလိုအခြေအနေတွေ ပြည်သူတွေရဲ့ ပြင်းထန်တဲ့ ယုံကြည် ချက်နဲ့ လုပ်လာတာ အခုဆိုရင် အောင်မြင်မှုကို တွေ့ရပြီဆိုတာနဲ့ ပိုမိုကောင်းမွန် တဲ့တော်လှန်ရေး အဆုံးသတ်အတွက် စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ နိုင်ငံခြားရေး ကဏ္ဍ၊ ဘဏ္ဍာရှာဖွေရေးကဏ္ဍ စသဖြင့် ကဏ္ဍစုံက ဆက်လက်အားစိုက် ဆောင်ရွက် ပေးကြပါ။ နောက်ဆုံးအနေနဲ့ ဒီနှစ်က တော်လှန်ရေးအောင်ပွဲရမယ့်နှစ်ဖြစ်ပြီးတော့ လိုအပ်နေတဲ့ ဘဏ္ဍာငွေ တွေ ရရှိနိုင်ဖို့အတွက်ကိုလည်း ဝန်ကြီးဌာနတွေ စုပေါင်းကြိုးစားပေးဖို့"ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရဟာ စစ်အုပ်စုကို ၂၀၂၁ခု နှစ် စက်တင်ဘာ၇ရက်နေ့မှာ ခုခံတွန်းလှန်ဖို့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ လက်ရှိမှာ စကတပ်များ ကရင်နီဒေသ၊ ကရင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းတို့မှာ အထိအခိုက်အကျအဆုံးများပြားလျက်ရှိပါတယ်။

========================

📌📌"တပွင့်တည်းသော နှင်းဆီ”ပန်းချီကား မတ်လ ၁၉ ရက်နေ့မနက်မှာ US$ 4,000 တန်ဖိုး ကိုရောက်ရှိလာ

"တစ်ပွင့်တည်းသောနှင်းဆီ"အမေစုပုံတူပန်းချီကားနှင့် "ထွက်ပေါက်"ပန်းချီကား နှစ်ချပ်အား လေလံတင်ခဲ့ရာ "တစ်ပွင့်တည်းသောနှင်းဆီ"အမေစုပုံတူပန်းချီကားဟာ မတ်လ ၁၉ ရက်နေ့မနက်မှာ အမေရိကန်ဒေါ်လာ ၄၀၀၀ တန်ဖိုး ကိုရောက်ရှိလာ ပြီလို့ သိရှိရပါတယ်။ "တပွင့်တည်းသော နှင်းဆီ” ပန်းချီကား ကို ပန်ချီဆရာ MPP ဦးရဲမြင့် က ကင်းဗတ်ပေါ်တွင် ဆီဆေးဖြင့်ရေးဆွဲထားပြီး ပတ်လည် အလျား အနံ ၈၀ စင်တီမီတာဖြစ်တဲ့ ပန်ချီကားဖြစ်ပါတယ်။ ဧပြီလ ၅ ရက်နေ့ မြန်မာစံတော်ချိန် ည (၈)နာရီမှာ Live ပြီးဆုံးချိန်တွင် လေလံအမြင့်ဆုံးဈေးပေးသော စေတနာရှင် ပုဂ္ဂိုလ်ကိုကြေညာပေးရင်း အောင်မြင်စွာ လေလံပွဲ အဆုံးသတ်ပေးမည် ဖြစ်ကြောင်း၊ ဒီ လေလံပန်းချီကားလေးက ရရှိသမျှ ငွေများက လိုအပ်သောနေရာများကိုလည်း တိုက်ရိုက်ပေးပို့ လှူဒါန်းသွားမှာ ဖြစ်ကြောင်း D-Day Channel စာမျက်နှာက ကြေညာထားပါတယ်။

========================

📌📌ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီး ဌာနအဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးမှုပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ နိုင်ငံတကာ ဆက် ဆံ ရေးကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန် ကြီးဌာနတို့အကြား တွေ့ဆုံဆွေးနွေးမှုကို မတ် ၂၉ ရက်နေ့ ညနေ ၄ နာရီမှာ ဗီဒီယိုကွန့် ဖရင့်မှတဆင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံတကာဆက်ဆံရေးကော်မတီက ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးတိုးမြှင့်နိုင်ရေး ကိစ္စရပ်တွေနဲ့ ဆက် လက်ဆောင်ရွက်မယ့် ကိစ္စရပ်တွေ၊ အမျိုးသား ညီညွတ်ရေးအစိုး ရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ တော်လှန်ရေးကာလဆိုင်ရာ မူဝါဒ၊ ဆောင်ရွက်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ် တွေ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စုတည်ဆောင်ရေးမှာ ဝန်ကြီးဌာနရဲ့ ကြိုတင်ပြင်ဆင် ဆောင် ရွက်နေမှုတွေ၊ မြန် မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံလျက်ရှိတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍရှိ နိုင်ငံတကာကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံတကာက ချမှတ်လျက်ရှိတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ နိုင်ငံတကာအသိုက်အဝန်း ကို ဆက်လက် တွန်းအားပေး တောင်းဆို ဆောင်ရွက်သွားရမယ် အချက်တွေအပေါ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အဖွဲ့ဝင် ဦးစည်သူမောင်၊ ဘဏ္ဍာရေးရာ ကော်မတီ အတွင်းရေးမှူး ဦးနေမျိုးထက်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနဲ့ အဖွဲ့ဝင်များတက်ရောက်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း အတွင်းဝန် ဦးစောစံအေးတို့ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

========================

📌📌စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီနဲ့ရောပြီး ချောက်ထဲထိုးဆင်းမလား၊ ပြည်သူနဲ့ ရှင်ကျန်နေမလားဆိုပြီး ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က မေးခွန်းထုတ်

နွေဦးတော်လှန်ရေးအတွက် ထောက်ပံ့ကူညီမှုတွေ မလုပ်သေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အကြမ်းဖက်စစ် ကောင်စီနဲ့ ရောပြီး ချောက်ထဲထိုးဆင်းမလား၊ ပြည်သူနဲ့ ရှင်ကျန်ပြီးနေမလားဆိုပြီးတော့ နွေဦးတော်လှန်ရေးမှာ ဦးဆောင်သူတစ်ဦးလည်းဖြစ် ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ကိုမင်းကိုနိုင်က မေး ခွန်းထုတ်လိုက်ပါတယ်။
“ဘဏ္ဍာရေးအစီအစဉ်တွေကို ဝင်ကူ၊ ဆက်သွယ်၊ လှုံ့ဆော်ပေးဖို့ပါပဲ။ ဝါဒဖြန့်ချိရေးမှာလည်း ဉာဏ်ကောင်း ကောင်းနဲ့ ကူကြရမှာပေါ့။ စီးပွါးရေးသမားတွေလည်း လမ်းခွရောက်နေပြီစကစ(စစ်ကောင်စီ)နဲ့ ရောပြီချောက်ထဲ ထိုးအဆင်းခံမလား။ ပြည်သူနဲ့ရှင်ကျန်မလား၊ရွေးပေရော့။ ဘွန်းဝယ်ပါဆိုတာဒါပြောနေတာ” လို့ လူထုနွေဦး သတင်းဌာနနဲ့ အင်တာဗျူးမှာ ကိုမင်းကိုနိုင်က ပြောကြားလိုက်တာပါ။
ပြည်သူတွေကို တော်လှန်ရေးမှာ အာရုံစိုက်မှု အားနည်းလာတယ်လို့ မမှတ်ယူသင့်ဘူးဆိုတာနဲ့ ကူချင်ရင်တောင် ပေါ်ပေါ်ထင်ထင် ကူညီလို့ မရတဲ့အနေအထားတွေ ရှိနေတဲ့အတွက် လက်သည်းဝှက်ပြည်သူတွေဖြစ်တယ်လို့ လည်း တင်စားပြောထားတာ တွေ့ရပါတယ်။
“ခုချိန်မှာ မြန်မာပြည်ကပြည်သူတွေဟာ ရန်သူမျိုး(၅)ပါးစလုံးရဲ့ ဒဏ်ကိုပြည့်ပြည့်ဝဝကိုခံစားနေရတာ ပါ။တော်လှန်ရေးကိုကူညီချင်တာတောင်မှ ပေါ်ပေါ်ထင်ထင် ကူညီလို့မရနိုင်တဲ့အခြေနေပါ၊ ပြည်သူတွေအာရုံစိုက် မှု့ နည်းလာတယ်လို့တော့ ကျွန်တော်မသတ်မှတ်ချင်ဘူး။ အဲ့ဒီအစား လက်သည်းဝှက်ထားတဲ့ပြည်သူတွေကျွန်တော်တို့ ခင်ဗျားတို့နောက်မှာ အားကောင်းဆဲပဲလို့ ပြောပါရစေ။အာရုံမထွေပြားဖို့ပါပဲ။ တကြောင်းတည်းသော စိတ်နဲ့သွား။ စစ်ကောင်စီက သူ့ဖာသာလူတွေ ဖမ်းပြလိုက်၊ ဆုတွေပေးလိုက်၊ ဟိုအမိန့်ထုတ်၊ ဒီကြေ ညာချက် ထုတ်လိုက် လုပ်နေသမျှ အာရုံအနောက်မခံဖို့ပါ။ နိုင်ငံရေးအရ လိုအပ်တဲ့အားထုတ်မှုကို တာဝန်ရှိသူတွေ နေ့ ၊ညမအား လုံ့လစိုက်နေပါတယ်။” လို့ ကိုမင်းကိုနိုင်က ပြောထားပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေကြသလို ပြည်တွင်း၊ ပြည်ပက ပြည်သူတွေကလည်း အခမဲ့ဝင်ပြီးတော့ အမှုထမ်းလုပ်ပေးနေကြတယ်လို့လည်း ပြောထားပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့အတွက်က ဘဏ္ဍာငွေအပေါ်များစွာမှီခိုနေရတယ်ဆိုပြီတော့လည်း ပြောထားတာ တွေ့ရပါတယ်။
“ဒီတော်လှန်ရေး အနှေးအမြန်ကိစ္စက ငွေကြေးဘဏ္ဍာအပေါ် များစွာတည်မှီတယ်။ မရှိဆင်းရဲ လူမွဲတွေဆီက အိတ်ကပ်အတင်းနှိုက်ခိုင်းတာမျိုးမဟုတ်ပါဘူး။ တတ်နိုင်တာကို အားစိုက်လုပ်ရင်ကိုရနေပြီ။ Click တဲ့အလုပ် သတ်သတ်မှတ်မှတ်အချိန်ယူလုပ်၊ လူ သိန်းဂဏန်းလောက် နေ့စဉ် Click လုပ်ရင်ကို ရပြီ။ တော်လှန်ရေးအဓိဌာန်နဲ့ မပျက်မကွက်လုပ်” ဆိုပြီး ကိုမင်းကိုနိုင်က ပြောပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ငွေတိုက်စာချုပ်တွေကို ဝယ်ယူအားပေးကြဖို့ အတွက်လည်း ကိုမင်းကိုနိုင်က တိုက် တွန်းထားပါတယ်။
နွေဦးတော်လှန်ရေးက စစ်ဗျူဟာရော၊ နိုင်ငံရေး ဗျူဟာရော နှစ်ခုစလုံးနဲ့ လုပ်ဆောင်နေရတာဖြစ်ပြီးတော့ ဗျုဟာ နှစ်ခုစလုံးက အရေးကြီးနေတယ်ဆိုတာနဲ့ နွေဦးတော်လှန်ရေးက အောင်ကို အောင်မြင်မှာ ဖြစ်တယ်ဆိုပြီးတော့ လည်း မှတ်ချက်ပြု ပြောကြားထားတာ တွေ့ရပါတယ်။

========================

📌📌စစ်ကောင်စီရဲ့ UPDJC က ခြေဥပြင်ဆင်ရေးဆွေးနွေးရန် ဖိတ်စာထုတ်တယ်ဆိုတဲ့ သတင်း

စစ်အုပ်စုရဲ့ NCA အလုပ်အဖွဲ့တွေထဲက ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲ ပြုလုပ်မယ်ဆိုပြီး နိုင်ငံရေးပါတီ ၉၂ ပါတီကို UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ ကနေ ဖိတ်စာ ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၃၀ ရက်နေ့မှာ ဇွန်းမိတင်လုပ်မယ်လို့ သူတို့ထုတ်ပြန်တဲ့ စာအရ သိရပါတယ်။ ထုတ်ပြန်သူကတော့ နိုင်ငံရေးပါတီအစုအဖွဲ့၏ ဒုဥက္ကဌကိုယ်စား ချိုချိုကျော်ငြိမ်းက လက်မှတ်ထိုးထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲကို ဖယ်ရှားပြီး အာဏာသိမ်းထားတဲ့အပြင် လွှတ်တော်ကိုလည်း ခေါ်ယူပေးခြင်း မရှိပါဘူး။ သူတို့၏ ၂၀၀၈ အခြေခံဥပဒေအရဆိုရင်လည်း လွှတ်တော်အခန်းကဏ္ဍကနေသာ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို ဆောင်ရွက်မယ်လို့ ပြဌာန်းထားပြီး ဖြစ်ပါတယ်။ အခု စစ်ကောင်စီ၏ အစုအဖွဲ့တွေက ထုတ်ပြန်တဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ ဆွေးနွေးဖို့ ဖိတ်ခေါ်စာဟာ လုပ်ကြံလိမ်ညာမှု သက်သက်သာ ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတဦးက မှတ်ချက်ပေးပါတယ်။
စစ်အုပ်စုရဲ့ လက်ကိုင်တုတ်ဖြစ်နေတဲ့ နိုင်ငံရေးအစုအဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေ ပါဝင်တဲ့ NCA လုပ်ငန်းစဉ်တွေထဲကနေ အခုလို ခြေလှမ်းတွေ လှမ်းလာချိန်ဟာ NUG NUCC တို့ဘက်က ဖယ်ဒရယ်ပဋိဉာဏ် အပိုင်း ၂ ထုတ်ပြန်လာတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေသလို တရုတ်နိုင်ငံဘက်က သံတမန်တွေကိုယ်တိုင် စစ်အုပ်စုနဲ့ တွေ့ဆုံမှု ဖိတ်ခေါ်မှုတွေ တိုးမြှင့်လာချိန်လည်း ဖြစ်နေပါတယ်။ တရားဝင်ရွေးကောက်ပွဲအနိုင်ရ NLD နိုင်ငံရေးပါတီ မပါဘဲ ပြည်တွင်းက အခြားပါတီအချို့နဲ့လည်း တွေ့ဆုံတာတွေ တရုတ်အစိုးရက လုပ်လာချိန်လည်း ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ စစ်အုပ်စုအပေါင်းအပါတွေက မြန်မာပြည်၏ နိုင်ငံရေးအခန်းကဏ္ဍမှာ သူတို့ဆက်လက်တည်ရှိနေရေး၊ သူတို့၏ နိုင်ငံရေးထွက်ပေါက် သို့မဟုတ် ဆက်လက် အသာစီးအနိုင်ရနိုင်ရေးအတွက် စစ်ရေးအပြင် အခြားနည်းလမ်းပေါင်းစုံနဲ့ လုပ်ကြံမှု သွေးထိုးမှု သပ်လျိုမှု ကန့်သတ်မှုတွေ ဆောင်ရွက်နေတာဖြစ်တယ်လို့ သပိတ်ကော်မီတီတခုက တာဝန်ခံတဦးကလည်း သုံးသပ်ထားပါတယ်။

========================

📌📌မြောင်မြို့နယ်အတွင်း ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက်မီးရှိူ့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် MSPDF မှ ကျန်းမာရေးစစ်ဆေးမှုများသွားရောက်ကူညီ

မြောင်မြို့နယ်အတွင်း ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက်မီးရှိူ့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် MSPDF မှ ကျန်းမာရေးစစ်ဆေးမှုများသွားရောက်ကူညီခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ၂၉ ရက် မှာ ပြည်သူမှပြည်သူသို့အစီအစဉ်ကို MSPDF မြောင်ကဖော်ပြခဲ့ပါတယ်။

"မြောင်မြို့နယ်အတွင်း ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက်မီးရှိူ့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် MSPDF မှ ကျန်းမာရေးစစ်ဆေးမှုများသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ စစ်ဘေးရှောင်ပြည်သူများအတွက်ဆေးဝါးလိုအပ်နေပါသဖြင့် ပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီပံ့ပိုးပေးစေချင်ပါတယ်"လို့ဆိုထားပါတယ်။ မြောင်မြို့နယ်မှာ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ ပူးပေါင်းမှုနဲ့ ကျောင်းသားကျောင်းသူပေါင်း သုံးထောင်ကျော်ကိုလည်း ပညာသင်ကြားဖို့စီစဉ်နေတယ်လို့သိရပါတယ်။ မြောင်မြို့နယ်ထဲမှာ စကစတပ်များဟာ အင်အားများစွာချထားသော်လည်း မြို့ပေါ်စိုးမိုးမှုသာရှိတာဖြစ်တယ်လို့ သိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment