၂၀၂၂ မတ်လ ၃၀ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပင်လုံ ကတိကဝတ်တွေသာ တည်ခဲ့ရင် ယခုလိုတိုင်းပြည် ဖရိုဖရဲဖြစ်စရာအကြောင်းမရှိဘူးလို့ CDM ဗိုလ်ကြီး ထောက်ပြပြောဆို
📌စစ်ခေါင်းဆောင် ထူထောင်ခဲ့တဲ့ အကျိုးစီးပွားတွေ တိုင်းပြည်မှာ လက်ညိုးထိုးမလွဲအောင် ရှိတယ်လို့ သဃ်န်းကျွန်းအမတ်ဟောင်းဆို
📌ခင်ဦးမြို့နယ် ရှားလွင်ကျေးရွာကို ဝင်ရောက်ဖျက်ဆီးတဲ့ စကစတပ်များ မိုင်းဆွဲခံရ
📌မြဝတီ - ဝေါ်လေ ဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ ပလယ်ဒို ရွာအနီးတွင် စကစတပ်ဖွဲ့ စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းက ပစ်ခတ်ရာ ၆ ဦးသေဆုံး
📌စကစတပ်များ လက်နက်နဲ့ အတူ CDM ဝင်လာပါက သိန်း ၃၀ ကျပ် မှ သိန်း ၅၀ ကျပ် အထိ ဆုကြေးငွေ ပေးအပ်ချီးမြှင့်မယ်လို့ KRF ထုတ်ပြန်
📌မုံရွာမြို့နယ် အောင်ဇေယျာကုန်းမှာ စိန်ပြောင်းများဖြင့် ဗုံးသီးများစွာ ပစ်ခတ်တိုက်ခိုက်ခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပင်လုံ ကတိကဝတ်တွေသာ တည်ခဲ့ရင် ယခုလိုတိုင်းပြည် ဖရိုဖရဲဖြစ်စရာအကြောင်းမရှိဘူးလို့ CDM ဗိုလ်ကြီး ထောက်ပြပြောဆို
အာဏာရှင် စစ်ခေါင်းဆောင်တွေအနေနဲ့ ပင်လုံ ကတိကဝတ်တွေသာ တည်ခဲ့ရင် ယခုလိုတိုင်းပြည် ဖရိုဖရဲဖြစ်စရာအကြောင်းမရှိဘူးလို့ CDM ဗိုလ်ကြီးမင်းမောင်မောင် ထောက်ပြပြောဆိုလိုက်ပါတယ်။ မတ်လ၂၉ ရက် နွေဦးတော်လှန်ရေးစကားဝိုင်း ဖက်ဆစ် စစ်တပ်ပျက်သုဥ်းခြင်း အကြောင်းအရာ ဆွေးနွေးဟောပြောရာမှာ CDM ဗိုလ်ကြီး မင်းမောင်မောင်ကဆိုခဲ့ပါတယ်။
"သူတို့သာ တိုင်းပြည်ကို စေတနာရှိရင် တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်းလုပ်ခဲ့တဲ့ ပင်လုံ ကတိကဝတ်တွေကိုသာ တည်ခဲ့မယ်။ ထောင်ခဲ့မယ်ဆိုရင်၊တိုင်းရင်းသား အကျိုးစီးပွားတွေ၊တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်ကိုသာ အလေးထားခဲ့မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်က အခုလို ဖရိုဖရဲဖစ်စရာအကြောင်းမရှိဘူး။ ဒီနေ့ အကြမ်းဖက်စစ်တပ်က သူတို့အတွက် သေကြေ တိုက်ခိုက်ပေးနေတဲ့ စစ်သားတွေလည်း သေစရာအကြောင်းကိုမရှိဘူး။ ဒါတော့ စစ်တပ်ထဲကရဲဘော်တွေအနေနဲ့သိစေချင်တယ်"လို့ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့ ကိုယ့်ပိုင်ပြဌာန်းခွင့်နဲ့ လွတ်လပ်ခွင့်ကိုတောင်းဆို၍ ပင်လုံ ကတိကဝတ်အတိုင်း အကောင်အထည်ဖော်ရန်တို့တောင်းဆိုထားပါတယ်။ လက်ရှိမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏရှင်စနစ်ကိုတွန်းလှန်၍ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ လျှောက်လှမ်းနေတယ်လို့ အသိပေးကြေညာထားပါတယ်။
========================
📌📌စစ်ခေါင်းဆောင် ထူထောင်ခဲ့တဲ့ အကျိုးစီးပွားတွေ တိုင်းပြည်မှာ လက်ညိုးထိုးမလွဲအောင် ရှိတယ်လို့ သဃ်န်းကျွန်းအမတ်ဟောင်းဆို
စစ်ခေါင်းဆောင် ထူထောင်ခဲ့တဲ့ အကျိုးစီးပွားတွေ တိုင်းပြည်မှာ လက်ညိုးထိုးမလွဲအောင် ရှိတယ်လို့ သဃ်န်းကျွန်းအမတ်ဟောင်း ကိုနေဘုန်းလတ်ကဆိုလိုက်ပါတယ်။ မတ်လ၂၉ ရက် နွေဦးတော်လှန်ရေးစကားဝိုင်း ဖက်ဆစ် စစ်တပ်ပျက်သုဥ်းခြင်း အကြောင်းအရာ ဆွေးနွေးဟောပြောရာမှာ ကိုနေဘုန်းလတ်ကပြောပါတယ်။
"စစ်ခေါင်းဆောင်တွေ ထူထောင်ခဲ့တဲ့ အကျိုးစီးပွား တိုင်းပြည်မှာ လက်ညိုးထိုးမလွဲဘူးဗျ။ တိုင်းနဲ့ပြည်နယ်တိုင်းမှာ ရှိတယ်။ သူတို့ မြေကွက် မပိုင်တဲ့ တိုင်းနဲ့ပြည်နယ်ဆိုတာ မရှိဘူး။ သူတို့နဲ့ပတ်သတ် ဆက်နွယ်ထားတဲ့သူတွေ မပါဝင်ထားတဲ့ စီးပွားရေးလုပ်ငန်းဆိုတာ မရှိဘူး။ ခရိုနီတွေဆိုလည်း ဒါအကုန်လုံး သိမ်းကျုံးပြီးတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ပတ်သတ်နေအောင်လုပ်ထားတယ်။ သူတို့ရဲ့အကျိုးစီးပွား၊ သူတို့ရဲ့လက်တွေဟာ ဒါသားစဥ်မြေးဆက် အဆက်ဆက် ကြီးစိုးနေတာပေါ့။ ဒါက တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုကို ဂုတ်သွေးစုပ်တာပါ။ စစ်ခေါင်းဆောင် အဆက်ဆက် ဒီသဘောတရားပဲ"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လက်ရှိ ဘောလုံးစက်ရုံ၊ ဆေးထိုးအပ်စက်ရုံ၊ အထည်ချုပ်စက်ရုံနဲ့ စတဲ့လုပ်ငန်းစုအသီးသီးကို ပိုင်ဆိုင်ထားပြီးတော့ လယ်ယာမြေကွက်များကိုလည်းသိမ်းဆည်းထားပါတယ်။
========================
📌📌ခင်ဦးမြို့နယ် ရှားလွင်ကျေးရွာကို ဝင်ရောက်ဖျက်ဆီးတဲ့ စကစတပ်များ မိုင်းဆွဲခံရ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရှားလွင်ကျေးရွာကို ဝင်ရောက်ဖျက်ဆီးတဲ့ စကစတပ်များ ယနေ့မနက်က မိုင်းဆွဲခံရတယ်လို့ သတင်းရရှိပါတယ်။
မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ခင်ဦးနယ် ရှားလွင်ရွာကို ဖျက်ဆီးတဲ့ စကစတပ်များဟာ ဒေသခံတော်လှန်ရေးသမားများ တိုက်ခိုက်တာခံခဲ့ရတယ်လို့ ARF အဖွဲ့ကဆိုပါတယ်။
"ရွာစဥ်ကျေးရွာမှာ ညအိပ်သော စကစတပ်များ ရှားလွင်ကျေးရွာရောက်ရှိပြီး ကျေးရွာအတွင်း ဝင်ရောက် မွှေနှောက်ဖျက်စီးနေကြတယ်လို့ သတင်းရရှိပါတယ်။ ဒေသခံ တော်လှန်ရေး သမားများက နံနက်စာ နာနတ်သီး များ မွှင်းငါးဖြင့် ဧည့်ခံထားတယ်လို့သိရပါတယ်"လို့ ဆိုထားပါတယ်။ ခင်ဦးနယ် ရှားလွင်ကျေးရွာဟာ မတ်လ ၁၆ ရက်နေ့ ကလည်းနေအိမ် ၆၃ အိမ် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌မြဝတီ - ဝေါ်လေ ဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ ပလယ်ဒို ရွာအနီးတွင် စကစတပ်ဖွဲ့ စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းက ပစ်ခတ်ရာ ၆ ဦးသေဆုံး
ကရင်ပြည်နယ် မြဝတီ - ဝေါ်လေ ဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ ပလယ်ဒို ရွာအနီး ဝင်ရောက်လာတဲ့ စကစတပ်ဖွဲ့ စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းက ပစ်ခတ်ရာ ၆ ဦးသေဆုံးခဲ့ပါတယ်။ မတ်လ၂၉ ရက်မှာ စစ်ရေးသတင်းကို Cobra Columnက ထုတ်ပြန်ပါတယ်။
"မြဝတီ - ဝေါ်လေ ဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ ပလယ်ဒို ရွာအနီးသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား ယမန်နေ့ နေ့လည်ပိုင်းက မိမိတို့ ကော်ဘရာစစ်ကြောင်းမှ ခုခံတိုက်ခိုက်ခဲ့ပါတယ်။ မိမိတို့ စစ်ကြောင်း၏ လက်ဖြောင့် စနိုက်ဘာစစ်သည်များ၏ စွမ်းဆောင်မှုဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး (၆) ဦး ထိခိုက် သေဆုံးခဲ့ပါတယ်"လို့ ဆိုပါတယ်။
တိုက်ပွဲတွင် ကော်ဘရာ စစ်ကြောင်းဘက် မှ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့သိရပါတယ်။ ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဆက်လက်ခုခံ တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။
========================
📌📌စကစတပ်များ လက်နက်နဲ့ အတူ CDM ဝင်လာပါက သိန်း ၃၀ ကျပ် မှ သိန်း ၅၀ ကျပ် အထိ ဆုကြေးငွေ ပေးအပ်ချီးမြှင့်မယ်လို့ KRF ထုတ်ပြန်
စကစတပ်များ လက်နက်နဲ့အတူ CDM ဝင်လာပါက သိန်း ၃၀ ကျပ် မှ သိန်း ၅၀ ကျပ် အထိ ဆုကြေးငွေ ပေးအပ်ချီးမြှင့်မယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (Kyaikhto Revolution Force - KRF) မှ မတ်လ နောက်ဆုံးပတ်မှာ အခုလို ထုတ်ပြန်လိုက်ပါတယ်။
"ကျိုက်ထိုတော်လှန်ရေးအင်အားစု (Kyaikhto Revolution Force - KRF) မှ တပ်မတော်သားများအနေဖြင့် အကြမ်းဖက်စကစလက်အောက် အလုပ်ဆက်မလုပ်ဘဲ ပြည်သူ့ရင်ခွင်ခိုလှုံနိုင်ရန်အတွက် ဆက်သွယ်အလင်းဝင်နိုင်ပါကြောင်း နှင့် မိမိသွားလိုသော နေရာဒေသသို့ ဘေးအန္တရာယ်ကင်းစွာ ပို့ဆောက်ပေးမည်ဖြစ်ပါတယ်။ ထို့အပြင် လူနှင့်အတူ လက်နက်ပါတပါတည်း ယူဆောင်အလင်းဝင်ပါက ဆုကြေးငွေအဖြစ် လက်နက်ငယ် (၁) လက် လျှင် - သိန်း (၃၀) ကျပ်၊ လက်နက်ကြီး (၁) လက် လျှင် - သိန်း (၅၀) ကျပ် ပေးအပ်ချီးမြှင့်မယ်"လို့ ဆိုပါတယ်။
ဒါ့အပြင်လက်နက်ငယ် ကျည်ဆံ (၁) တောင့် လျှင် - (၅၀၀) ကျပ်၊ လက်နက်ကြီး ကျည်ဆံ (40 mm, 60 mm, RPG) (၁) ခု လျှင်- (၅) သောင်းကျပ်၊ လက်ပစ်ဗုံးသီး (၁) လုံး လျှင် - (၁) သောင်းကျပ်ဖြင့် ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း KRF ကဆိုပါတယ်။
========================
📌📌မုံရွာမြို့နယ် အောင်ဇေယျာကုန်းမှာ စိန်ပြောင်းများဖြင့် ဗုံးသီးများစွာ ပစ်ခတ်တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အောင်ဇေယျာကုန်းမှာ ယမန်နေ့ ညက စိန်ပြောင်းများဖြင့် ဗုံးသီးများစွာ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၂၉ ရက် ညပိုင်းမှာ စကစတပ်များရှိရာ မုံရွာ အောင်ဇေယျာကုန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Unity Force Monywa က သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၂၉ ရက် ညပိုင်း စကစတပ်များ တပ်စွဲထားရာ အောင်ဇေယျာကုန်းကို စိန်ပြောင်း ၁၅ လက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Unity Force Monywa၊Brother Defense Force နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သတင်းရရှိပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment