၂၀၂၂ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် ၃ ရက်ဆက်တိုက် ပစ်ခတ်မီးရှို့ခံနေရပြီး KNU နှင့် PDF များပြုလုပ်နေသည်ဟု စစ်ကောင်စီဝါဒဖြန့်
📌စစ်အာဏာသိမ်းပြီးနောက် ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးချုပ်နှောင်ထားသူ အယောက်တစ်သောင်းပြည့်ရန် ကိုးယောက်သာလိုတော့
📌ရဲစခန်းများကို PDF များလာသိမ်းပါက ထွက်မပြေးရန် ညွှန်ကြားတဲ့ စကစရဲ့ လျိူ့ ဝှက်ညွှန်ကြားစာပေါက်ကြား
📌KNU အနေနဲ့ NCA အဖွဲ့ရဲ့ ညီလာခံကို တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် ၃ ရက်ဆက်တိုက် ပစ်ခတ်မီးရှို့ခံနေရပြီး KNU နှင့် PDF များပြုလုပ်နေသည်ဟု စစ်ကောင်စီဝါဒဖြန့်
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ ကုန်တင်ကားတွေနဲ့ အိမ်စီးကားတွေ ပစ်ခတ်ခံရပြီး မီးရှို့ခံနေရတာ ၃ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ အခုမတ်လ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ကုန်တင်ကားနဲ့ အိမ်စီးကား ၁၀ စီးကျော်ဟာ ပစ်ခတ်ခံရပြီး တချို့ကားတွေဟာ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မနေ့ မတ်လ ၂၉ ရက်မှာ တောင်ပေါ်တက်မယ့် ကြက်သွန်ကားအပါအဝင် ၁၂ ဘီး ကုန်တင်ကား ၂ စီးနဲ့ အိမ်စီးကားအသေးနှစ်စီး အပစ်ခံရပြီး မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။
"၂၇ ရော၊ ၂၈ ရော၊ ၂၉ ရောပေါ့ သုံးရက်စလုံးပစ်တယ်။ ၂၈ ရက်က မီးရှို့တာ အသံမကြားဘူး။ ၂၉ ရက်ကတော့ မီးရှို့တယ် ၄ စီးပေါ့။ သူတို့ကတောင်ပေါ်တက်မယ့် ကားတွေချည်းပဲ။ ကြက်သွန်ကားကတော့ အစ်ကိုသိတယ်။ ကြက်သွန်ကားက လူတစ်ယောက်သေတယ်ပြောတယ် "လို့ မြဝတီကုန်တင်ကား အသိုင်းအဝိုင်းမှ ဒေသခံတစ်ဦးက ပြောပါတယ်။ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ မတ်လ ၂၈ ရက်က ပရိုဘောက်ယာဥ် တစ်စီးအပစ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ရပါတယ်။ မတ်လ ၂၇ ရက်မှာတော့ ခြောက်ဘီးယာဥ် ဘဲဥ၊ ကြက်ဥကား၊ ဆယ်ဘီးယာဥ်၊ ငါးကား နဲ့ ကားသေးနှစ်စီးတို့ အပစ်ခံရပြီး ကုန်တင်ကား ၂ စီး မီးရှို့ခံလိုက်ရပါတယ်။
" ဘယ်နားကပစ်တာလဲဆိုတော့ တောနော်ရေတံခွန်နား ဘုရားကုန်းလေးတစ်ကုန်းရှိတယ် အဲဒီဘုရားကုန်းလေးနားကနေပစ်ချတာ။ လမ်းတစ်လျှောက် အဓိကကတော့ တောနော် နေရာကိုအထိုင်ချပြီး နေရာယူထားတာပေါ့နော်။ ကျန်တဲ့နေရာတွေကတော့ ကင်းပုန်းဝပ်ထားတာ။ နောက် သူတို့နဂိုစခန်းလေးတွေရှိတဲ့နေရာ၊ အဲဒီနေရာလေးတွေမှာရှိတယ်" လို့ စစ်ကောင်စီတပ်တွေနဲ့ BGF တွေ လမ်းတစ်လျှောက်နေရာယူထားတဲ့အခြေအနေကို ဒေသခံတစ်ဦးက ပြောပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ BGF တွေရှိတဲ့နေရာမှာ ကားတွေအပစ်ခံနေကြရသလို စစ်ကောင်စီနဲ့ GBF တွေက ကားတွေကို " သွားလို့ရပြီ၊ သွားလို့ရပြီ"ပြောပြီး လွတ်ပေးနေတဲ့ အခြေအနေမှာ ကားတွေအပစ်ခံ မီးရှို့ခံနေရတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါအပြင် မနေ့ မတ်လ ၂၉ ရက်ကလည်း ကုန်တင်ကား ၂စီး နဲ့ ကားသေး၂ မီးရှို့ခံထားရတဲ့ပုံတွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့်အကောင့်တွေကနေ KNU နဲ့ PDF တွေ ပြုလုပ်သယောင် ဖော်ပြနေကြတာကို အခု မတ်လ ၃၀ ရက် မနက်ပိုင်းမှာ လူမှုစာမျက်နှာမှာ ပြန့်နှံ့နေတာ တွေ့ရတယ်လို့ မြဝတီဒေသခံတစ်ဦးကပြောပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်မှာ အခုမတ်လ ၁၂ ရက်က စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တိုးခဲ့လို့ ကုန်တင်ယာဥ်နှစ်စီး နဲ့ ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး မီးရှို့ခံခဲ့ရပါတယ်။ အဲဒီကား ၃ စီးကို စစ်ကောင်စီတပ်တွေက ရှို့ခဲ့တာလို့ ဒေသခံတွေက ပြောဆိုကြပေမယ့် စစ်ကောင်စီကတော့ KNU လုပ်တာလို့ ပြည်သူတွေကို သတင်းလွှင့်ခဲ့ပါတယ်။ လက်ရှိမှာလည်းပြည်သူတွေရဲ့ ကားတွေ မီးရှို့ဖျက်ဆီးတဲ့လုပ်ရပ်ဟာ သူတို့လုပ်ဆောင်တာမဟုတ်ဘူးလို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက တုံ့ပြန်ပြောဆိုပါတယ်။
ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း လက်ရှိစစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကြောင့် စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အားတွေပို့ဆောင်နေတဲ့အခြေအနေမှာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးနဲ့ ခရီးသွားလာသူတွေအနေနဲ့ မတ်လ ၂၇ ရက်နေ့ကစပြီး မြဝတီ - ကော့ကရိတ် လမ်းပိုင်းကို အသုံးမပြုဖို့ KNU တပ်မဟာ ၆ နဲ့ ဒူးပလာယာခရိုင် အုပ်ချုပ်ရေးအဖွဲ့က ပြည်သူတွေကို မေတ္တာရပ်ခံ စာထုတ်ပြန်ထားပါတယ်။
========================
📌📌စစ်အာဏာသိမ်းပြီးနောက် ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးချုပ်နှောင်ထားသူ အယောက်တစ်သောင်းပြည့်ရန် ကိုးယောက်သာလိုတော့
စစ်အာဏာသိမ်းပြီးနောက် ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးချုပ်နှောင်ထားသူ အယောက်တစ်သောင်းပြည့်ရန် ကိုးယောက်သာလိုတော့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၃၀ ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၉၉၉၁) ဦးရှိပြီး ၎င်းတို့အနက် မှ (၈၈၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၅၂) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါတယ်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၉၁) ဦးရှိပြီဖြစ်ပါတယ်။ လက်ရှိမှာ စကစဟာ သေဒဏ်ချမှတ်ထားသူများကို အမှန်တကယ်ကြိုး မိန့်ပေးနိုင်ဖို့လုပ်ဆောင်နေလျက်ရှိတယ်လို့လည်းသတင်းရရှိပါတယ်။
========================
📌📌ရဲစခန်းများကို PDF များလာသိမ်းပါက ထွက်မပြေးရန် ညွှန်ကြားတဲ့ စကစရဲ့ လျိူ့ ဝှက်ညွှန်ကြားစာပေါက်ကြား
ရဲစခန်းများကို PDF များလာသိမ်းပါက ထွက်မပြေးရန် ညွှန်ကြားတဲ့ စကစရဲ့ လျိူ့ဝှက်ညွှန်ကြားစာပေါက်ကြားခဲ့ပါတယ်။ မတ်လ နောက်ဆုံးပတ်အတွင်းမှာ ညွှန်ကြားစာပေါက်ကြားမှုကို Myanmar Police CDM Channel - MPCC ကဖော်ပြခဲ့ပါတယ်။
"တပ်တွင်းဖရဲသီး၏ ကြေးနန်းစာပေးပို့သတင်းပေးချက်အရ အကြမ်းဖက်စစ်ကောင်စီသည် ရဲစခန်း/ရဲကင်းများရှိ ရဲများအား စည်းလုံးမှုပျက်ပြားခြင်းမရှိစေရန်နှင့် စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပေါ်လာပါက လက်နက်ချအညံ့ခံခြင်းများ၊ စခန်းစွန့်ခွာခြင်းများမရှိစေရန် ညွှန်ကြားချက်များထုတ်လျက်ရှိကြောင်း သိရှိရပါတယ်"လို့ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့်အတူပူးပေါင်းပါဝင်လာနိုင်သည်များအား စကစမှ ရိပ်မိလျက်ရှိပြီး ၎င်းတို့အားပြန်လည်တော်လှန်လာမည်ကို စိုးရိမ်နေကြောင်းလည်းသိရပါတယ်။
========================
📌📌KNU အနေနဲ့ NCA အဖွဲ့ရဲ့ ညီလာခံကို တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ NCA ခေါ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့များရဲ့ ထိပ်သီးညီလာခံကျင်းပနေတာ မတ်လ ၂၉ ရက်မှ အေပရယ်လ ၂ ရက်နေ့ထိ ဖြစ်ပါတယ်။ ဒီပွဲမှာ အခမ်းအနားဦးဆောင်သဘာပတိအဖြစ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာတို့က ဆောင်ရွက်ခဲ့ကြပါတယ်။ အဆိုပါလက်နက်ကိုင်ခေါင်းဆောင်များရဲ့ ညီလာခံကနေ အကျပ်အတည်းတွေကို ကျော်လွှားဖို့ နိုင်ငံရေးလမ်းပြမြေပုံ ချမှတ်နိုင်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။ PPST နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား ငြိမ်းချမ်ရေးဖော်ဆောင်ဖို့ လုပ်ဆောင်နေရာကနေ လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေနဲ့ ကိုက်ညီမယ့် ပြင်ဆင်မှုတွေကို ဆွေးနွေးနေကြောင်းလည်း သိရပါတယ်။
အခမ်းအနားဦးဆောင် သဘာပတိအဖြစ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာတို့က ဆောင်ရွက်ခဲ့ကြပါတယ်။ KNU ဟာလက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူနှင့်အတူ ပြည်သူ့တော်လှန်ရေး စစ်ပွဲများကို ဖော်ဆောင်နေပြီး အာဏာမသိမ်းခင်က လက်မှတ်ထိုးထားတဲ့ NCA ကိုလည်း အသက်မဝင်တော့ကြောင်း ပြောဆိုထားဖူးပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင်လည်းဖြစ်တဲ့ KNU ဟာ ဥက္ကဌဖြစ်သူကိုယ်တိုင် ညီလာခံဖွင့်ပွဲကို တက်ရောက်အမှာစကားပြောကြားခဲ့တာဖြစ်လို့ မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်လာပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီက ဒီအစည်းအဝေးကို KNU အနေနဲ့ တက်ရောက်ခဲ့ခြင်းမရှိကြောင်း ပြောသွားပါတယ်။ သူက ဘီဘီစီသတင်းဌာနကိုဖြေကြားခဲ့တဲ့ မေးမြန်းမှုမှာ "ဥက္ကဋ္ဌအနေနဲ့ အထူးဖိတ်ကြားသူအနေနဲ့သာတက်ရောက်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ KNU ကိုကိုယ်စားပြုတက်ရောက်ခဲ့တာမဟုတ်ဘူးဆိုတာ အဲ့ဒီမနက်ဖွင့်ပွဲ အခမ်းအနားမှာကတည်းက ပြောပြီးလည်းဖြစ်ပါတယ်။ ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိပါခင်ဗျ။"လို့ သူကပြောပါတယ်။
ငါးရက်ကြာမယ့် ဒီအစည်းအဝေးကို ကနေဒါ၊ ဖင်လန်၊ နော်ဝေ၊ ဩစတြေးလျ၊ အီတလီ၊ ဆွစ်ဇလန်စတဲ့ နိုင်ငံများမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်တချို့ပါ တက်ရောက်ခဲ့ကြတာပါ။ PPST အဖွဲ့ဝင်တွေ ဆွေးနွေးနေတဲ့အကြောင်းမှာ ယခင်အာဏာသိမ်းစဉ်က ရှိခဲ့ဖူးတဲ့ နိုင်ငံရေးလမ်းပြမြေပုံတွေချမှတ်ဖို့လည်းပါဝင်ပေမယ့် လက်ရှိဆွေးနွေးချက်တွေအရတော့ အတိအကျကို ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်၊ KNU - KNLA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေကော်မှာတော့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကို ခုခံနေတဲ့ KNLA နှင့် PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများလည်း ပြင်းထန်နေဆဲပါ။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment