31st MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၃၁ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာကော်မတီနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် CDM ပြည်သူ့ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး
📌CDM တွေကို ဖိနှိပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၁၀၀ ကျော်ကိုရာထူးကထုတ်ပယ်
📌ကျိုက်ထိုမြို့ မုပ္ပလင်လမ်းဆုံရှိ စကစတပ်များနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် စကစဘက်က ၆ ဦး သေဆုံးနိုင်
📌ကူမဲမြို့ သာလွန် သံလမ်းအရှေ့ဖက် ကွမ်းနောင်ကုန်း ကြားတွင် ကာကွယ်ရေးရဲဘော်များ မိုင်းဆွဲတိုက်ခိုက်ရာ ရဲသုံးဦးသေဆုံး
📌မလှိုင်မြို့နယ် ရဲစခန်း ၄၀ မမ ဖြင့်အပစ်ခံရ၍ ရဲလေးဦး ပြင်းထန်ဒဏ်ရာရ
📌ကသာမြို့နယ် ချောင်းဝရွာမှ ထွက်လာတဲ့စကစတပ်များကို မြို့လှ PDF မှ စောင့်ကြိုမိုင်းခွဲရာ စကစတပ်များထိခိုက်သေဆုံးနိုင်
📌ဒေါခူလီကျေးရွာတွင် စကစတပ်များ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ လူနေအိမ်များထိမှန်ကာ အနီးနားရွာများသို့ကျရောက်ပေါက်ကွဲ
📌မအူပင်ခရိုင်အတွင်းရှိ တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်ပါက အရေးယူမည်ဟုအကြပ်ကိုင် ခြိမ်းခြောက်နေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာကော်မတီနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် CDM ပြည်သူ့ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် CDM သူရဲကောင်းပြည်သူ့ဝန်ထမ်းများကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာလိုအပ်သည်များ ကူညီထောက်ပံ့ပေးနိင်ရန်အတွက် ပြည်သူ့ရေးရာကော်မတီနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် CDM ပြည်သူ့ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ ညနေ ၆ နာရီအချိန်၌ ဗီဒီယိုကွန့်ဖရင့်မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူ့ရေးရာကော်မတီမှ CDM များသို့ အရေးပေါ်ကူညီပံ့ပိုးနေမှုများ၊ ရန်ပုံငွေရရှိနိင်ရေး အတွက် Ahlu Shin App ကို စတင်ဆောင်ရွက်နေပြီး CDM ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြပါရန် နှင့် CDM ဝန်ထမ်းများ၏ ရင်ဖွင့်တင်ပြများအား လက်ခံဆွေးနွေးအားပေး၍ အတူလက်တွဲညှိနှိုင်းဆောင်ရွက်သွားရမည့် အချက်များအပေါ် ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပြည်သူ့ ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ အတွင်းရေးမှူး ဒေါ်အိအိပြုံး၊ ပြည်သူ့ရေးရာကော်မတီဝင်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် CDM သူရဲကောင်းများတက်ရောက်ခဲ့ကြပါတယ်။

========================

📌📌CDM တွေကို ဖိနှိပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၁၀၀ ကျော်ကိုရာထူးကထုတ်ပယ်

လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနရုံး၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအမိန့်နဲ့ CDM တွေကို ဖိနှိပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၁၀၀ ကျော်ကို မတ်လ ၃၁ ရက် ဒီကနေ့ရက်စွဲနဲ့ ရာထူးကထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နဲ့လက်ထောက်အတွင်းဝန်တို့ပါဝင်ပြီးတော့ ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူးတို့လည်ပါဝင်ကြပါတယ်။

၄င်းတို့တွေဟာပြည်သူ့ဝန်ထမ်းတွေနဲ့ ဆန့်ကျင်ပြီး အကြမ်းဖက် စစ်အုပ်စုဘက်တွင် ရပ်တည်နေကြတဲ့ ဝန်ထမ်းများအဖြစ်လည်း အမည်ပျက်စာရင်းသွင်းထားပြီးဖြစ်ပါတယ်။

လက်ရှိထုတ်ပယ်ခံရသူတွေက လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ လူမူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန(ဝန်ကြီးရုံး)က ၁၇ ဦး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ၇၅ ဦးနဲ့ ပြန်လည်ထူထောင်ရေး ဦးစီးဌာနက ၁၇ ဦး စုစုပေါင်း ၁၀၉ ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

========================

📌📌ကျိုက်ထိုမြို့ မုပ္ပလင်လမ်းဆုံရှိ စကစတပ်များနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် စကစဘက်က ၆ ဦး သေဆုံးနိုင်

ယနေ့မနက်အစောပိုင်း ကျိုက်ထိုမြို့ မုပ္ပလင်လမ်းဆုံရှိ စကစတပ်များနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ စကစဘက်က ၆ ဦး သေဆုံးနိုင်တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၃၁ ရက် မနက် ၆ နာရီကျော်မှာ ကျိုက်ထိုမြို့ မုပ္ပလင်လမ်းဆုံမှာ စတင်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကျိုက်ထို KRIN ကဆိုပါတယ်။

"ယနေ့မနက် ၆ နာရီကျော် အချိန်ခန့်က ကျိုက်ထိုမြို့ မုပ္ပလင်လမ်းစုံမှာရှိတဲ့ စကစတပ်သားတွေနဲ့ KNU ပူးပေါင်းတပ်ဖွဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ ဆိုပါတယ်။

KNU ပူးပေါင်းတပ်ဖွဲ့ဘက် မှ ရဲဘော် ၁ ‌ယောက်ကျဆုံး၊ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စကစဘက် မှ ၆ ယောက်သေဆုံးနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ မွန်ပြည်နယ်အတွင်းမှာ စကစနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တို့ဟာ စစ်ရေးတင်းမာနေဆဲ​ဖြစ်ပြီး ပစ်ခတ်မှုတို့ မကြာခဏဖြစ်ပွားလျက်ရှိပါတယ်။

========================

📌📌ကူမဲမြို့ သာလွန် သံလမ်းအရှေ့ဖက် ကွမ်းနောင်ကုန်း ကြားတွင် ကာကွယ်ရေးရဲဘော်များ မိုင်းဆွဲတိုက်ခိုက်ရာ ရဲသုံးဦးသေဆုံး

ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့ သာလွန် သံလမ်းအရှေ့ဖက် ကွမ်းနောင်ကုန်း ကြား တွင်ယမန်နေ့ညက ကာကွယ်ရေးရဲဘော်များ မိုင်းဆွဲတိုက်ခိုက်ရာ ရဲသုံးဦးသေဆုံးခဲ့ပါတယ်။

မတ်လ၃၀ရက် ည၁၀နါရီအချိန် ကူမဲမြို့ သာလွန် သံလမ်းအရှေ့ဖက် ကွမ်းနောင်ကုန်း ကြားမှာ ရဲများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့ကဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ မဟာမိတ် မြစ်ငယ် pdf ရဲ့ သွေးကြွေး ဆပ်ပေးလိုက်ပါပြီ။ မတ်လ၃၀ရက်နေ့ ည၁၀ နာရီအချိန်တွင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့ သာလွန် သံလမ်းအရှေ့ဖက် ကွမ်းနောင်ကုန်း ကြား တွင် ရဲများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နေရာတွင် ၃ဦး သေဆုံးပြီး နှစ်ဦးမသေမရှင်ဖြစ်သွားခဲ့ပါတာ်"လို့ဆိုပါတယ်။

တိုက်ခိုက် မှုမှာ ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့ကထိခိုက် မှုမရှိဘူးလို့သတင်းရရှိပါတယ်။

========================

📌📌မလှိုင်မြို့နယ် ရဲစခန်း ၄၀ မမ ဖြင့်အပစ်ခံရ၍ ရဲလေးဦး ပြင်းထန်ဒဏ်ရာရ

မလှိုင်မြို့နယ် ရဲစခန်း ယမန်နေ့ညက ၄၀မမ ဖြင့် အပစ်ခံရ၍ ရဲလေးဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၃၀ ရက် ည ၇ နာရီမှာ တောင်သာ PDF က ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

"မလှိုင်မြို့နယ် ရဲစခန်းအား မတ်လ ၃၀ ရက် ည ၇ နာရီ အချိန် PDF တောင်သာအဖွဲ့မှ 40mm ဖြင့် ကျွေးမွေးခဲ့ပါတယ်။ ရဲလေးဦး ပြင်းထန်ဒဏ်ရာရပါတယ်"လို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ တောင်သာ PDF ရဲဘော်များ ဘေးကင်းကြောင်းသိရပါတယ်။ လက်ရှိမှာ ရဲစခန်းများကို PDF များ သိမ်းဆည်းလာပါက စခန်းကို မစွန့်ရန်နဲ့ ကင်းစောင့်ပါက ညတစ်ဝက်အိပ်နိုးစနစ်ကျင့်သုံးရန် စကစက ညွှန်ကြားထားပါတယ်။

========================

📌📌ကသာမြို့နယ် ချောင်းဝရွာမှ ထွက်လာတဲ့စကစတပ်များကို မြို့လှ PDF မှ စောင့်ကြိုမိုင်းခွဲရာ စကစတပ်များထိခိုက်သေဆုံးနိုင်

မတ်လ ၃၁ ရက် မနက်ပိုင်းက ကသာမြို့နယ် ချောင်းဝရွာမှ ထွက်လာတဲ့ စကစတပ်များကို မြို့လှ PDF မှ မိုင်းသုံးလုံးဖြင့် လမ်းခုလတ်မှ‌ နေ၍ စောင့်ကြိုမိုင်းခွဲရာ စကစတပ်များ ထိခိုက်အကျအဆုံးမှုများ ရှိနိုင်တယ်လို့ သတင်းရရှိပါတယ်။

"မြို့လှ PDF တပ်ရင်း နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီသည် ချောင်းဝရွာမှ ခြေလျှင်စစ်ကြောင်းထိုးလာစဥ် ဒေသကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ခမရ ၄၁၅ မှ အင်အား ၇၈ ဦးပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်၌ ချောင်းဝရွာမှ သမန်းဒေါင့်ရွာဖက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာစဥ် ဒေသကာကွယ်ရေးတပ်မှ မိုင်း ၃ သုံးလုံးဖြင့် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်"လို့ မြို့လှ PDF ကဆိုပါတယ်။

တိုက်ပွဲတွင်စကစဖက် မှ ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ပြီး ၁၀ မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစဖက်မှ ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်လို့သိရပါတယ်။ ဒေသကာကွယ်ရေးတပ်မှ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။

========================

📌📌ဒေါခူလီကျေးရွာတွင် စကစတပ်များ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ လူနေအိမ်များထိမှန်ကာ အနီးနားရွာများသို့ကျရောက်ပေါက်ကွဲ

မတ်လ ၃၁ ရက် မနက်ပိုင်းမှာ ဒေါခူလီကျေးရွာကို စကစတပ်များက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ KNDF တပ်ရင်း ၁၀ ကဆိုပါတယ်။

"ဒီးမော့ဆို အရှေ့ဖက်ခြမ်း ဒေါခူလီကျေးရွာ၌ မတ်လ ၃၁ ရက် နံနက် ၇ နာရီ ဝန်းကျင်ခန့်တွင် စကစတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်ဆီးသွားခဲ့ကြောင်းနှင့် လူအထိအခိုက် မရှိခဲ့ပါဘူး။ သို့သော်လက် နက်ကြီးဖြင့် ဆက်လက် ရမ်းသန်းပစ်ခတ်လျက်ရှိပြီးအနီးအနား​ကျေးရွာမှာလည်း ကျရောက်ပေါက်ကွဲလျက်ရှိပါတယ်"လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ကရင်နီဒေသကို လေကြောင်းပစ်ကူများနှင့်သာမက လက်နက်ကြီးများနဲ့ပါ ပစ်ခတ်မှုတို့ရှိပြီး အရပ်သားများ ထိခိုက်သေဆုံးမှုတို့ရှိနေခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ကာကွယ်ရေးတပ်ဖွဲ့များကို အမြစ်ဖြတ်ချေမှုန်းမယ်လို့ပြောကြားပြီးနောက်ပိုင်း ထိုးစစ်ဆင်တဲ့တိုက်ပွဲများ ဒေသတွင်းမြင့်တက်ခဲ့ပါတယ်။

========================

📌📌မအူပင်ခရိုင်အတွင်းရှိ တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်ပါက အရေးယူမည်ဟုအကြပ်ကိုင် ခြိမ်းခြောက်နေ

မတ် (၃၀) ရက်နေ့က၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြစ်ဝအုပ်စုနှင့် ထိန်ကုလားကုန်းအုပ်စုများသို့ ပန်းတနော်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာ စကစခန့် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ နယ်မြေခံ ရဲများက ကျေးရွာ တောင်သူများအား (၃) လပိုင်း အကုန် ချေးငွေမဆပ်ပါက အရေးယူဆောင်ရွက်မည်ဟု ခြိမ်းခြောက်ပြီး တောင်သူများအား အကြပ်ကိုင် တောင်းခံနေကြောင်းသိရပါတယ်။

မိဘဘိုးဘွားများလက်ထက်ကတည်းက လယ်ယာလုပ်ငန်းကို လုပ်ကိုင်လာခဲ့သူ တောင်သူတစ်ဦးရဲ့အပြောကတော့ "အခု လယ်ယာကို မိရိုးဖလာကတည်းက လုပ်ကိုင်လာတာ အခုထက်ထိတိုင်ရှိပြီး မနှစ်ကမှ ဆောင်းချေးငွေကိုအတိုးနှုန်း သက်သာလို့ ထုတ်ယူမိတယ်၊ နိုင်ငံရေး၊ ကျန်းမာရေး အခြေနေများကြောင့် ကုန်ဈေးနုန်းဈေးကွက်များမရှိသလို၊ ဝယ်ယူရတဲ့ ပစ္စည်းဈေးနှုန်းများ အဆမတန်များပြီး သီနှံကုန် မထွက်သောကြောင့် ပြန်ဆပ်ဖို့ အခက်အခဲ ရှိပါတယ်။ ဖြစ်နိုင်ရင် တောင်သူတွေရဲ့ အခက်အခဲကို နားလည်မှု ပေးပြီး တနှစ်လောက် နောက်ဆုတ်ပေးရင် အရမ်းကောင်းမှာပေါ့" ပြီးတော့ အခုအချိန်ဟာ ရောဂါဘေး၊ စစ်ဘေး၊ သဘာဝဘေးအန္တရာယ်များကြောင့် မြန်မာပြည်သူပြည်သားများ၊ အထူးသဖြင့် တောင်သူများမှာ စီးပွားရေးအကြပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး ဒုက္ခပေါင်းစုံနှင့် နပန်းလုံးနေရချိန်လည်းဖြစ်တယ်လို့ ထိုကျွေးရွာ အုပ်စုအတွင်းရှိ အမည်မဖေါ်လိုသူ တောင်သူတစ်ဦးက ပြောဆိုထားပါတယ်။ အခုလို တောင်သူတွေရဲ့ စိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်ပြီး အာဏာဖြင့်အကြပ်ကိုင် ခြိမ်းခြောက်တောင်းခံနေခြင်းဟာ တိုင်းဒေသကြီးတစ်ခုအတွင်းမှာပင် တစ်နေရာနှင့်တစ်နေရာ မတူညီပဲ ကွဲပြားမှုတွေ ရှိပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment