1st APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ရဲလုပ်ငန်းများ အမြန်ဆုံးသက်ဝင်လှုပ်ရှားနိုင်အောင် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှာကြား
📌ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာစွာဖြင့် တရားရုံးချိန်းများ ပြန်လည်တက်ရောက်
📌အောင်လံလွှင့်ချီ နွေဦးထီ ဖွင့်လှစ်
📌ဒေါ်အောင်ဆန်းစုကြည် သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်ကို ၅၀၅(က) နဲ့ထောင်၂ နှစ်ချမှတ်
📌စစ်အာဏာသိမ်းပြီးနောက် အကျဥ်းထောင်အသီးသီးတွင် ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင်ခံရသူ ပြည်သူလူထု တစ်သောင်းပြည့်ပြီ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ရဲလုပ်ငန်းများ အမြန်ဆုံးသက်ဝင်လှုပ်ရှားနိုင်အောင် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှာကြား

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ရဲလုပ်ငန်းများ အမြန်ဆုံးသက်ဝင်လှုပ်ရှားနိုင်အောင် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှာကြားလိုက်ပါတယ်။ မတ်လ ၃၁ ရက်နေ့ ကျင်းပတဲ့ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး (၇/၂၀၂၂) ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။

"ကြားကာလဒေသန္တရအုပ်ချုပ်မှုဖော်ဆောင်မှုဗဟိုကော်မတီအနေဖြင့် အရေးကြီးသော ကာလဖြစ်၍ ဝန်ကြီးဌာနများကြား ဆောင်ရွက်သင့်သည်များ ပူးပေါင်းဆောင်ရွက်ကြရန်၊ မြေပြင်ဖြစ်ပေါ်နေတာတွေနှင့် ကွဲလွဲမှု မရှိအောင် စနစ်တကျ လုပ်ဆောင်ကြရန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ရဲလုပ်ငန်းများ အမြန်ဆုံးသက်ဝင်လှုပ်ရှားနိုင်အောင် ဆောင်ရွက်ရန်၊ ဝန်ကြီးဌာနအားလုံး လက်တွဲညီညီ ဆောင်ရွက်ပေးနေကြမည်ဟု ယုံကြည်ပြီး ကြိုးပမ်းဆောင်ရွက်ကြရန်"တို့ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဗဟိုကော်မတီ ဒုဥက္ကဌ ၁၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ဆောင်ရွက်ထားချက်များ ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

အစည်းအဝေးတွင် ကြားကာလ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ထားမှုအခြေအနေ၊ မြေပြင် ဆက်သွယ်ရေး အဆင်ပြေချောမွေ့နိုင်စေရေး၊ တရားစီရင်ရေး ကိစ္စရပ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်လျက် စိုးမိုးထားသည့် နယ်မြေများတွင် တရားရေးလုပ်ငန်းစဉ်များ သက်ဝင်လှုပ်ရှားမှုရှိနေစေရေး၊ ပြည်သူလူထု၏ လူမှုဘဝ စီးပွားကို အကာအကွယ်ပေးနိုင်ရေး စသည့် ကြားကာလ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးသို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့်အတူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ပြည်ထောင်စုဝန်ကြီးများ၊ အတွင်းဝန်များ တက်ရောက်ခဲ့ပြီး၊ နေ့လည် ၁၂း၂၀ နာရီတွင် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

========================

📌📌ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာစွာဖြင့် တရားရုံးချိန်းများ ပြန်လည်တက်ရောက်

ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာစွာဖြင့် တရားရုံးချိန်းများ ပြန်လည်တက်ရောက် နေပြီလို့ အတည်ပြုသတင်းရရှိပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းပြန်လည်တက်ရောက်နေပြီလို့ နေပြည်တော်ရှိ တရားရုံးအသိုင်းအဝိုင်းကဆိုပါတယ်။

"ဒီနေ့ တရားရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည်လာပါတယ်။ နေကောင်း ကျန်းမာပါတယ်"လို့ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်က ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းနေအိမ်ထဲ အတူနေသူ အချို့ထံမှာ ကိုဗစ်ပိုးတွေ့ရှိတာကြောင့် ကွာရန်တင်းဝင်ခဲ့ပါတယ်။

မတ်လ ၃၀ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်လျို့ဝှက်အက်ပုဒ်မ ၃(၁)(ဂ) အမှု အတွက် နေပြည်တော်ဇဗ္ဗူသီရိ မြို့နယ်အထူးသီးသန့် တရားရုံးတွင် စစ်ဆေးကြားနာခဲ့ပါတယ်။ အသက် ၇၀ ကျော်အရွယ်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၂ မှုနဲ့ စစ်အုပ်စုကမတရား စွဲဆိုထားပါတယ်။

========================

📌📌အောင်လံလွှင့်ချီ နွေဦးထီ ဖွင့်လှစ်

အောင်လံလွှင့်ချီ နွေဦးထီ၏ မတ်လအတွက် ကံထူးရှင်ရွေးချယ်ခြင်းကို ယနေ့ ၃၁.၀၃.၂၀၂၂ တွင် ပြုလုပ်ခဲ့ပြီး ထီလက်မှတ်များအား ကျပန်းစနစ်ဖြင့် ကျပ် သိန်း (၁၀၀) အထူးဆု တစ်ဆု နှင့် (၁၅)သိန်းဆု (၄၇) ဆုတို့အား ရွေးချယ်ဖွင့်လှစ်ခဲ့ပါတယ်။
မတ်လ အတွက် ထီပေါက်စဉ်အား မနက်ဖြန် ၁.၀၄.၂၀၂၂ ရက်နေ့၊ မနက် (၁၀:၀၀) အချိန်တွင် အောင်လံလွှင့်ချီနွေဦးထီ Facebook Page ၏ Messenger Chatbot မှ တဆင့် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရှိရပါတယ်။

========================

📌📌ဒေါ်အောင်ဆန်းစုကြည် သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်ကို ၅၀၅(က) နဲ့ထောင်၂ နှစ်ချမှတ်

ဒေါ်အောင်ဆန်းစုကြည် သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်ကို ၅၀၅(က) နဲ့ထောင်၂ နှစ်ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ နေပြည်တော်ရှိ တရားရုံးအသိုင်းအဝိုင်းကဆိုပါတယ်။
"ထောင်ဒဏ်၂နှစ်ချမှတ်လိုက်တာ ဟုတ်ပါတယ်"လို့ တရားရုံးနဲ့နီးစပ်တဲ့သူတစ်ဦးကဆိုပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ပုဒ်မ ၅၀၅ (က)နဲ့ တရားရုံးမှာ ဒုရဲအုပ်ချယ်ရီထက်ကို စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအမှုမဖွင့်မီ ဒုရဲအုပ်ချယ်ရီထက်ကို စကစလက်အောက်အမှုထမ်းနေသယောင် သတင်းတုများထုတ်လွှင့်ခဲ့ပါသေးတယ်။

========================

📌📌စစ်အာဏာသိမ်းပြီးနောက် အကျဥ်းထောင်အသီးသီးတွင် ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင်ခံရသူ ပြည်သူလူထု တစ်သောင်းပြည့်ပြီ

စစ်အာဏာသိမ်းပြီးနောက် အကျဥ်းထောင်အသီးသီးတွင် ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင်ခံရသူ ပြည်သူလူထု တစ်သောင်း​ပြည့်ပြီလို့သတင်းရရှိပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှထုတ်ပြန်ချက်အရသိရပါတယ်။

(AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၀၀၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၉၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၅၂) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါတယ်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၉၁) ဦးရှိပြီဖြစ်ပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment