၂၀၂၂ မတ်လ ၂၈ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်နဲ့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ကြွေးကြော်သံတွေ ပြည်သူလူထု နှလုံးသားကနေ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့တယ်လို့ဆို
📌ဆုရတနာရှိုး (Su Yadanar's Show) အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးဝန်ကြီးဌာန - အမျိုးသားညီညွတ်ရေးအစိုးရအတွက် ရန်ပုံငွေများ ပံ့ပိုးကူညီနိုင်ပြီ
📌စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းတွင်းရှိနေအိမ်များကို မီးမရှို့ဘဲ အောက်ခြေတိုင်နဲ့ အခန်းနံရံတွေကို ဖျက်ဆီးတဲ့ဗျုဟာပြောင်းလဲတယ်လို့ ရေဦးအမတ်ပြောကြား
📌တောင်ကိုရီးယားနိုင်ငံမှာလည်း ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်
📌နယ်သာလန်နိုင်ငံ အက်စတာဒမ်မြို့မှာ မြန်မာနဲ့ ယူကရိန်း ပူးပေါင်းဆန္ဒပြ
📌Ayadaw Falcon Force(AF2) လက်နက်နှစ်လက် တပ်ဆင်မှုရရှိ
📌လေးကေ့ကော်စစ်ရှောင်များကို ထိုင်းနိုင်ငံဖက်ခြမ်းက လက်မခံ၍ သောင်ရင်းမြစ်လယ်ကျွန်းတွင် နေထိုင်နေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်နဲ့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ကြွေးကြော်သံတွေ ပြည်သူလူထု နှလုံးသားကနေ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့တယ်လို့ဆို
ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်နဲ့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ကြွေးကြော်သံတွေ ပြည်သူလူထု နှလုံးသားကနေ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့တယ်လို့ ဝန်ကြီးဒေါ်ခင်မမမျိုးက ဆိုပါတယ်။ မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့ ဟောပြောပွဲအခမ်းအနားမှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက ဆိုခဲ့ပါတယ်။
"ကချင် စစ်ဗိုလ်တွေ၊ ချင်းစစ်ဗိုလ်တွေကဒါတွေကို ဖယ်ရှားတယ်။ တဖြည်းဖြည်းချင်း ယုံကြည်မှုကို ဖယ်ရှားပြီးတော့ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အုပ်စုက စစ်တပ်ကို လက်ဝါးကြီးအုပ်ခဲ့တယ်။ အဲဒီကစပြီးတော့ စစ်အုပ်စုအဆက်ဆက်ရဲ့ ဖက်ဆစ် စစ်တပ်ကြီးကို ဒီနွေဦးတော်လှန်ရေးက သရုပ်မှန်ကိုဖော်ပြခဲ့တယ်။ ဒီနွေဦးတော်လှန်ရေးမှာ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ကြွေးကြော်သံတွေဟာ ပြည်သူလူထု နှလုံးသားကနေ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့တယ်"လို့ ဝန်ကြီးဒေါ်ခင်မမမျိုးကဆိုပါတယ်။
နွေဦးတော်လှန်ရေးမှာ စစ်တပ်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကန့်ကွက်လှုပ်ရှားသူများကို ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင်လက်ရှိမှာ လူပေါင်းထောင်ချီကိုလည်း အကျဥ်းထောင် အသီးသီးမှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
========================
📌📌ဆုရတနာရှိုး (Su Yadanar's Show) အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးဝန်ကြီးဌာန - အမျိုးသားညီညွတ်ရေးအစိုးရအတွက် ရန်ပုံငွေများ ပံ့ပိုးကူညီနိုင်ပြီ
ဆုရတနာရှိုး (Su Yadanar's Show) အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးဝန်ကြီးဌာန - အမျိုးသားညီညွတ်ရေးအစိုးရအတွက် ရန်ပုံငွေများ ပံ့ပိုးကူညီနိုင်ပြီ ဖြစ်ပါကြောင်း သိရှိရပါတယ်။ ဆုရတနာရှိုးမှ ရရှိလာမည့် လှူဒါန်းငွေများကို နိုင်ငံတော် ကျန်းမာရေးအတွက် အသုံးပြုရန် ကျန်းမာရေးဝန်ကြီးဌာန သို့ လှူဒါန်းပေးသွားမည် ဖြစ်ပါတယ်။
ဒီအက်ပလီကေးရှင်းကို လူတိုင်း ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ရန် ဒီဇိုင်းဆွဲထားပြီး အသုံးပြုနည်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို အောက်ပါ ပုံများတွင် အဆင့်ဆင့်ဖော်ပြပေးထားပါတယ်။
ဆုရတနာရှိုး အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် နိုင်ငံတော်ကျန်းမာရေးအတွက် ရန်ပုံငွေများ ထောက်ပံ့ကူညီနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားပါတယ်။
========================
📌📌စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းတွင်းရှိနေအိမ်များကို မီးမရှို့ဘဲ အောက်ခြေတိုင်နဲ့ အခန်းနံရံတွေကို ဖျက်ဆီးတဲ့ဗျုဟာပြောင်းလဲတယ်လို့ ရေဦးအမတ်ပြောကြား
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းတွင်းရှိနေအိမ်များကို မီးမရှို့ဘဲ အောက်ခြေတိုင်နဲ့ အခန်းနံရံတွေကို ဖျက်ဆီးတဲ့ဗျုဟာပြောင်းလဲတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၂၇ ရက်မှာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အမတ် ဦးမြင့်ထွေးက ဆိုပါတယ်။
"အခုဗျူဟာပြောင်းသွားပြီ ပြည်သူ့အိမ်တွေကို မီးမရှို့ဘဲ တိုင်အခြေကိုဖြတ်တောက်၊ အခန်းတွေ၊ နံရံတွေကိုဖျက်ဆီးနေပြီ။ ယုတ်မာမှုကို ပုံစံတစ်မျိုး ပြောင်းလုပ်တယ်ပေါ့ဗျာ"လို့ ဆိုပါတယ်။
မတ်လ (၅)နေ့က ဝပါကျေးရွာသို့ စကစတပ်၊ ဝပါဒလန်များနဲ့ပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဝပါကျေးရွာ နေအိမ် (၆၇)လုံး နှင့် စပါးများ၊ နွားများ၊ ကျေးရွာပြည်သူလူထုရဲ့ ပိုင်ဆိုင်သမျှ မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ စကစတပ်များဟာ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု အများဆုံးဖြစ်ပြီးတော့ ကျေးရွာထဲမှာ ဒေသခံတွေဟာ ဆက်လက်နေထိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
========================
📌📌တောင်ကိုရီးယားနိုင်ငံမှာလည်း ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာလည်း မတ် ၂၇ နေ့မှာ ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို မြန်မာ့နွေဦးတော်လှန် ရေးထောက်ခံသူများ-ကိုရီးယား အဖွဲ့ နဲ့ မြန်မာကျောင်းသားများအသင်း-ကိုရီးယားတို့က ဦးဆောင်ပြီး ဆိုလ်းမြို့ က ရုရှားသံရုံးရှေ့မှာ မင်းအောင်လှိုင်နဲ့ ပူတင်တို့ကျရှုံးရေးအတွက် ယူကရိန်းနိုင်ငံသားတွေနဲ့ ပူပေါင်းပြီး ဆန္ဒပြခဲ့ ကြတာဖြစ်ပါတယ်။
========================
📌📌နယ်သာလန်နိုင်ငံ အက်စတာဒမ်မြို့မှာ မြန်မာနဲ့ ယူကရိန်း ပူးပေါင်းဆန္ဒပြ
နယ်သာလန်နိုင်ငံ အက်စတာဒမ်မြို့ Dam Square ရင်ပြင်မှာ မတ်လ ၂၆ ရက်နေ့ကမြန်မာနိုင်ငံသားတွေနဲ့ ယူကရိန်းနိုင်ငံသားတွေ ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။ ယူကရိန်းမှာခံစားနေရတဲ့ စစ်ပွဲကို မြန်မာနိုင်ငံသားတွေအနေနဲ့ ထပ်တူခံစားနေရပြီး စစ်အာဏာရှင်တွေရဲ့ မတရားသဖြင့် ဖိနှိပ်ခံနေရတာတွေလည်း အတူတူပဲမို့ ပူးပေါင်းဆန္ဒပြကြတာလို့ နယ်သာလန်ရောက် မြန်မာနိုင်ငံသားတစ်ဦးကဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့ကြသလို ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားသမ္မတပူတင်ကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။
========================
📌📌Ayadaw Falcon Force(AF2) လက်နက်နှစ်လက် တပ်ဆင်မှုရရှိ
Ayadaw Falcon Force(AF2) လက်နက်နှစ်လက် တပ်ဆင်မှုရရှိကြောင်း သတင်းရရှိပါတယ်။ မတ်လ၂၇ ရက်တွင် လက်နက်၂ လက် ရရှိဟု Ayadaw Falcon Force(AF2) ကဆိုပါတယ်။
"ကျွန်တော်တို့ Ayadaw Falcon Force(AF2) ကို DMJW မှ လက်နက်တစ်လက် PTCT သူငယ်ချင်းတစ်စုမှ လက်နက်တစ်လက် စုစုပေါင်း လက်နက် ၂ လက် တပ်ဆင်ပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ကြောင်း ဂုဏ်ပြုအပ်ပါတယ်"လို့ ဆိုပါတယ်။ ပြည်သူများအနေဖြင့်လည်း လက်နက်များတပ်ဆင်ပေးလိုပါက တစ်လက်လျှင် ၅ သိန်းကျပ်နှုန်းဖြင့် တပ်ဆင်ပေးနိုင်ကြောင်းသိရပါတယ်။ ထို့အပြင် အလှူရှင်ကို ဂုဏ်ပြုသောအားဖြင့် လက်နက်ပေါ်တွင် စာလုံးထွင်းဂုဏ်ပြုပေးသွားမယ်လို့ Ayadaw Falcon Force ကဆိုပါတယ်။
========================
📌📌လေးကေ့ကော်စစ်ရှောင်များကို ထိုင်းနိုင်ငံဖက်ခြမ်းက လက်မခံ၍ သောင်ရင်းမြစ်လယ်ကျွန်းတွင် နေထိုင်နေရ
ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်များ အင်အားဖြည့် စစ်ကြောင်းထိုးလာသည့် အခြေအနေနှင့် တိုက်ပွဲများကြောင့် မြစ်ကိုဖြတ်ကာ ထိုင်းနိုင်ငံဖက်ခြမ်းသို့ ကူးပြေးသည့် လေးကေ့ကော် စစ်ဘေးရှောင်များကို ထိုင်းနယ်စပ်လုံခြုံရေးအာဏာပိုင်များက တားမြစ်သောကြောင့် ရေလယ်ကျွန်း၌ ရွှေ့ပြောင်းနေထိုင်နေကြရသည်ဟု သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက် လေးကေ့ကော်မြို့သစ်တိုက်ပွဲများကြောင့် စစ်ရှောင်ခဲ့ရသည့် ဒေသခံများမှာ စစ်ရှောင်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်ပါတယ်။ စစ်ရှောင်ရက် ၁၀၀ ပြည့် မတ်လ ၂၅ ရက် ညပိုင်းတွင်လည်း တိုက်ပွဲများနီးကပ်လာမှုကြောင့် ညပိုင်းအချိန်တွင် သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံဖက်ခြမ်းရှိ ကမ်းပါးယံများ၊ ကိုင်းတောများသို့ ရွှေ့ပြောင်းတိမ်းရှောင်ခဲ့ရတယ်လို့ သိရှိရပါတယ်။
အဆိုပါ လေးကေ့ကော်စစ်ဘေးရှောင်များကို ယမန်နေ့ မတ်လ ၂၆ ရက်၊ မနက် ၇ နာရီခန့်တွင် ထိုင်းအာဏာပိုင်များက စစ်ရှောင်စခန်းသို့ ပြန်လွှတ်ခဲ့သည်ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောပါတယ်။
မြဝတီ-ဝေါလေလမ်းအတိုင်း ရာနှင့်ချီစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများသည် စခန်းသို့ပြန်မလာရဲသေးဘဲ ရေလယ်ကျွန်းနေရာတွင် နေထိုင်နေကြရသည်ဟု သိရပါတယ်။
“တချို့စစ်ရှောင်တွေက စစ်ရှောင်စခန်းကို ပြန်ရောက်နေကြပြီ။ တချို့ကတော့ သောင်းရင်းမြစ်လယ် ရေလယ်ကျွန်းနေရာတွေမှာ ထိုင်နေကြတယ်။ လက်ရှိအခက်ခဲကတော့ စားနပ်ရိက္ခာတွေ လိုအပ်တာ။ ထိုင်းဖက်ခြမ်းကလည်း အလှူရိက္ခာကားတွေပေးမ၀င်ဘူး။ အဲဒီအတွက် စိတ်ပူနေရတယ်” ဟု စစ်ရှောင်စခန်းကူညီနေသူတစ်ဦးကပြောပါတယ်။
အဆိုပါ လေးကေ့ကော်စစ်ဘေးရှောင်များသည် ဖလူးကြီးနှင့် ကျောက်ခက်ကြားရှိ မြန်မာဖက်ခြမ်း သောင်းရင်းမြစ်ကမ်းဘေးတွင် ယာယီတဲများဆောက်လုပ်၍ ခိုလှုံနေကြရာမှ လက်ရှိစစ်ရေးတင်းမာလာသည့် အခြေအနေများကြောင့် နေရာပြောင်းရွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။
မတ်လ ၂၇ ရက် နံနက် ၁၁ နာရီခန့်ကစကာ စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်ဟု ဒေသခံလုံခြုံရေးတပ်ဖွဲ့များထံမှ သိရှိပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment