27th MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၂၇ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ဖက်ဆစ်တော်လှန်ရေးအောင်မြင်ခဲ့သလို နွေဦးတော်လှန်ရေးလည်း အောင်မြင်မှုနဲ့သာ အဆုံးသတ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဆို
📌ခမရ (၃၆၈) တပ်ရင်းမှ ဗိုလ်ကြီးထိန်လင်းနဲ့ တပ်ဖွဲ့ဝင်နှစ်ဦး PDF ရဲ ဘော်‌တွေပစ်ခတ်လို့ ပွဲချင်းပြီး သေဆုံး
📌ကျွန်းလှ PDF ရဲဘော် တစ်ဦးလက်နက်ကြီးထိကာ ကျဆုံး
📌PDF များကို အမြစ်ဖြတ်ချင်ပါက အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် စစ်ကိုင်းကို ကားစီးလာကြည့်ပါလို့ TGR မြောင် ကာကွယ်ရေးတပ်ကဖိတ်ခေါ်
📌ကရင်နီဒေသ ပွန်ချောင်အနီး စကစတပ်စခန်းကို KNDF နှင့် ပူးပေါင်းအဖွဲ့များဝင်ရောက်တိုက်ခိုက်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ဖက်ဆစ်တော်လှန်ရေးအောင်မြင်ခဲ့သလို နွေဦးတော်လှန်ရေးလည်း အောင်မြင်မှုနဲ့သာ အဆုံးသတ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဆို

ဖက်ဆစ်တော်လှန်ရေးအောင်မြင်ခဲ့သလို နွေဦးတော်လှန်ရေးလည်း အောင်မြင်မှုနဲ့သာ အဆုံးသတ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုလိုက်ပါတယ်။ မတ်လ ၂၇ ရက်တော်လှန်ရေးမှာ ကျင်းပတဲ့ဟောပြောပွဲအခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြားခဲ့ပါတယ်။

"နယ်ချဲ့စနစ်မှာ အဆိုးဝါးဆုံး ဖက်ဆစ်စနစ်ကို တိုက်ထုတ်ခဲ့ကြတဲ့ ဒီကနေ့ဟာ ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်တယ်။တစ်စုတစ်ဖွဲ့တည်ကတိုက်ခိုက် တော်လှန်ခဲ့တာမဟုတ်ဘူး။မြန်မာနိုင်ငံအနှံ့ပြည်သူလူထုတွေကနေ လှည်းနေ လှေအောက် မြင်းဇောင်းမကျန်တော်လှန်ခဲ့တာဖြစ်တယ်။ ဒီဖက်ဆစ်တော်လှန်ရေးဟာ အခုနွေဦးတော်လှန်ရေးနဲ့ပုံပန်းသဏ္ဍာန်တူညီနေတယ်။ ဖက်ဆစ်တော်လှန်ရေးမှာ လူထုကနေ ဖြစ်ရာနေရာ၊ရရာနေရာကနေပါဝင်ခဲ့သလိုပဲ အခုနွေဦးတော်လှန်ရေးမှာလည်း ငွေကြေးအားတတ်နိုင်တဲ့သူကငွေကြေးအား စသဖြင့်ပေါ့။ ရရာကူညီတော်လှန်နေကြတယ်။ဖက်ဆစ်တော်လှန်ရေး အောင်မြင်ခဲ့သလိုပဲ အလွှာပေါင်းစုံကပါဝင်တဲ့ နွေဦးတော်လှန်ရေးဟာလည်းအောင်မြင်မှုနဲ့သာအဆုံးသတ်မှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။

မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်ရေးနေ့သာဖြစ်ပြီးတော့ သမိုင်းကိုပုံဖျက်တဲ့လူတစ်စုက တစ်စုတစ်ဖွဲ့ပိုင်နေ့အဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာ ပါဝင်ကြတဲ့တော်လှန်ရေးရဲဘော်များမှာ ကျောင်းသား၊ဆရာဝန်၊ အနုပညာရှင်၊ ကျောင်းဆရာစတဲ့အလွှာပေါင်းစုံကပါဝင်ခဲ့ကြပါတယ်။

========================

📌📌ခမရ (၃၆၈) တပ်ရင်းမှ ဗိုလ်ကြီးထိန်လင်းနဲ့ တပ်ဖွဲ့ဝင်နှစ်ဦး PDF ရဲ ဘော်‌တွေပစ်ခတ်လို့ ပွဲချင်းပြီး သေဆုံး

ဒလန်သတင်းပေးလို့ CDM ဆရာ၊ ဆရာမ အိမ်ကိုဝင်စီးတဲ့ ခမရ (၃၆၈) တပ်ရင်းမှ ဗိုလ်ကြီးထိန်လင်းနဲ့ တပ်ဖွဲ့ဝင်နှစ်ဦး PPDF ရဲဘော်‌တွေ ပစ်ခတ်လို့ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ အချိန် ဖောင်းပြင်မြို့အခြေစိုက် ခမရ (၃၆၈) တပ်ရင်းမှ စကစတပ်ဖွဲ့များဟာ CDM ဆရာနှင့် ဆရာမမိသားစုတို့နေထိုင်ရာကို ဝင်စီးရာမှာ ပစ်ခတ်မှုအပြန်အလှန်ဖြစ်ခဲ့တယ်လို့ ဖောင်းပြင် PDF ကဆိုပါတယ်။

"မတ်လ ၂၆ ရက်နေ့ ညနေ (၄:၃၀) နာရီဝန်းကျင်က ဖောင်းပြင်မြို့အခြေစိုက်ခမရ (၃၆၈) တပ်ရင်းမှ ဗိုလ်ကြီးထိန်လင်း၊ ဗိုလ်ချမ်းမြေ့အောင်၊ တပ်ကြပ်ကြီးဖုန်းနိုင်နှင့် ရဲဘော်(၃)ယောက် စုစုပေါင်း (၆ ) ယောက်ဟာ သညစ်အုပ်စုဘက်သို့ CDM ဆရာနှင့် ဆရာမမိသားစုတို့ နေထိုင်သည့် ဗျူလမ်းဘေးနေအိမ်တွင် PDF များရောက်နေသည်ဟုသူလျှိုသတင်း​အရ AD Van အိမ်စီးကားနှင့် ရောက်ရှိလာပါတယ်။ ဆရာနှင့် ဆရာမနှစ်ဦးမှာ​နေအိမ်အနောက်တံခါးပေါက်မှ ခုန်ချလွတ်မြောက်သွားပြီး PDF (၂)ဦးနှင့် အပြန်အလှန်ပစ်ခတ်ကြတယ်"လို့ဆိုပါတယ်။

အဆိုပါ စစ်ကားဟာအိမ်ရှေ့တွင် ချက်ချင်းရပ်တန့်၍ မပစ်ခတ်သေးဘဲမြောက်ဘက်ဟာပါရွာ အဆုံးအထိမောင်းနှင်သွားပြီး အပြန်တွင်အလစ်အငိုက်ဖမ်းကာ ကားထဲမှရုတ်တရက်ထွက်ပြီးပစ်ခတ်ခဲ့ကြပါတယ်။

စကစတပ်သားများဘက်မှ လက်နက်ငယ်များအပြင် လက်နက်ကြီး (60mm) နှင့် ပါပစ်ခတ်ပြီးစကစ တပ်သားများမှာ PDF နှစ်ဦးပစ်ခတ်သည့် G3 ကျည်နှင့် 79 ဗုံးသီးတို့ကြောင့် ဗက ထိန်လင်း၊ တကက ဖုန်းနိုင်နှင့် တပ်သားတစ်ဦး ပေါင်း(၃)ဦးသေဆုံးပြီး ဗိုလ်ချမ်းမြေ့အောင်ခြေနှစ်လုံးဖြတ်လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

ဗကထိန်လင်းနှင့် အခြားရဲဘော်၏ အလောင်းကို ကောက်သွားနိုင်သော်လည်း တကကဖုန်းနိုင်၏အလောင်းကို မ​ကောက်ယူနိုင်ဘဲ ကျည်ဆံရာ ဗရပွရထားသော AD Van ကားဖြင့် ဒရောသောပါး ပြန်လည်ဆုတ်ခွာသွားခဲ့ကြပါတယ်။
========================

📌📌ကျွန်းလှ PDF ရဲဘော် တစ်ဦးလက်နက်ကြီးထိကာ ကျဆုံး

ခမရ ၃၆၇ စကစတပ်များရှိရာကို ကျွန်းလှ PDF ကသွားရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးထိမှန်၍ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။ မတ်လ၂၇ ရက် မှာ စစ်ရေးသတင်းကို ကျွန်းလှပြည်သူ့ကာကွယ် ရေးတပ်ကဆိုပါတယ်။

"မတ်လ ၂၆ ရက် နေ့ မနက်ခင်း ၁၀:၃၀ အချိန်တွင် ကျွန်းလှမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁ တပ်ခွဲ (၂) မှ တောင်ပေါ်ရေနံမှော်ရှိ အင်္ဂါဘုန်းကြီးကျောင်းသစ်တောင်ဘက်တွင်တပ်ချထား သော ခမရ ၃၆၇ စစ်အုပ်စုအား သွားရောက်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာတွင် ရန်သူဘက်မှ လက်ဦးမှုရယူကာ စက်သေနတ်ဖြင့် တရစပ်ပစ်ခတ်ပြီး နောက် လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ရာ မိမိတိုပြည်သူ့ကာကွယ် ရေးတပ်ဘက်မှ PDF ရဲဘော်တစ်ဦး တိုက်ပွဲတွင်းထိခိုက်ကျဆုံးခဲ့ရပါတယ်"လို့ဖော်ပြပါတယ်။

PDF များဘက် မှ ၄၀ မမ လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ပြီး နောက် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ လတ်တလောမှာစစ်ဘေးရှောင်ပြည်သူ ၁၀၀ ခန့်ရှိပြီး ပြည်သူများထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

========================

📌📌PDF များကို အမြစ်ဖြတ်ချင်ပါက အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် စစ်ကိုင်းကို ကားစီးလာကြည့်ပါလို့ TGR မြောင် ကာကွယ်ရေးတပ်ကဖိတ်ခေါ်

မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ဆွေးနွေးမှုလုပ်မှာမဟုတ်ဘဲ အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားအပေါ် "PDFများကို အမြစ်ဖြတ်ချင်ပါ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် စစ်ကိုင်းကို ကားစီးလာကြည့်ပါလို့" TGR မြောင်ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက ဖိတ်‌ခေါ်ပြောဆိုလိုက်တာ‌ဖြစ်ပါတယ်။

"သူကိုယ်တိုင် စစ်ကိုင်းတိုင်းကို ကားစီလာခဲ့ဖို့‌ပြောချင်ပါတယ်။ အခုဆို ကျနော်တို့တွေ ဝေဟင်ပစ်တွေလည်း အသင့်အတင့်ထုတ်လုပ်အောင်မြင်နေပါပြီ"လို့ဆိုပါတယ်။

စကစတပ်များဟာ မတ်လ၂၇ရက်နေ့မတိုင်မီ စစ်ကိုင်းတိုင်းတွင်းက ကာကွယ်ရေးတပ်ဖွဲ့များကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ အရာရှိများကအစ သေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်။

"စစ်ကိုင်းမှာ ရွာဘက်ကို စစ်ကားတန်းဖြတ်ဖို့မပြောနဲ့။ အစိမ်းရောင် သစ်ရွက်တစ်ရွက်တောင် လမ်းမပေါ်ကျလို့မရဘူး။ ဒါကိုသူက PDF ရဲဘော်တွေကို အမြစ်ဖြတ်မယ်ဆိုတာ ဟာသ ပြောတာနေပါလိမ့်မယ်"လို့ စစ်ကိုင်းတိုင်းဒေသကြီးမှာနေထိုင်သူ ဒေသခံတစ်ဦးကလည်းဆိုပါတယ်။

========================

📌📌ကရင်နီဒေသ ပွန်ချောင်အနီး စကစတပ်စခန်းကို KNDF နှင့် ပူးပေါင်းအဖွဲ့များဝင်ရောက်တိုက်ခိုက်

ယနေ့ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင် ကရင်နီဒေသ ပွန်ချောင်အနီးစကစတပ်စခန်းကို KNDF နှင့် ပူးပေါင်းအဖွဲ့များဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

မတ်လ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ အချိန်မှာ စကစတပ်စခန်းကို တိုက်ခိုက်ပစ်ခတ်ခဲ့တယ်လို့ KNDF ကဆိုပါတယ်။

"မတ်လ၂၇ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်တွင် KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များမှ ပွန်ချောင်းအနီးရှိ စကစများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စကစဘက် မှ သာလွန်လက်နက်ကြီးပစ်ကူနှင့် ဂျက်လေယာဥ်များ ဆက်တိုက်ပျံဝဲနေပါတယ်"လို့ဖော်ပြပါတယ်။

တိုက်ပွဲများ ဖြစ်ပွားနေ၍မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်​ပြီး လမ်းသွားလမ်းလာများ မပြုလုပ်ကြရန် အသိပေးအပ်ပါတယ်လို့ KNDF ကဆိုထားပါတယ်။

ကရင်နီဒေသမှာ စကစတပ်များဟာ မြေပြင်စိုးမိုးမှုတိုးမပေါက်တာကြောင့် လေကြောင်းပစ်ကူနဲ့လက်နက်ကြီးများကို အားပြုတိုက်ခိုက်နေကြပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment