၂၀၂၂ ဧပြီလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စွမ်းအင်အသုံးစရိတ်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ရေးတွင် သုံးစွဲလိုက်ခြင်းကြောင့် ပြည်သူလူထု လျှပ်စစ်မီးပြတ်တောက်နေရခြင်းဖြစ်တယ်လို့ NUG လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဖွင့်ချပြောဆို
📌တော်လှန်ရေးအရှိန်အဟုန်ပျက်ပြားစေမည့် သင်္ကြန်ပွဲတော်အား ဆင်နွှဲခြင်းမပြုကြရန် တော်လှန်ရေးအင်အားစု ၃၅ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်
📌ကလေးမြို့တွင် စကစတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စကစတပ်ဖွဲ့ဝင်တစ်ဦး စနိုက်ပါထိမှန်သေဆုံး
📌လျှပ်စစ်မီးပုံမှန်မရရှိခြင်းအပါအဝင် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ထပ်မံပိတ်သိမ်းမယ့် စက်ရုံ၊ အလုပ်ရုံများ စစ်ကောင်စီကိုတင်ပြထား
📌လောင်းရှည်ဒေသတွင်း မည်သည့် လောင်းကစားပွဲများကိုမျှ မပြုလုပ်ကြရန် လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတိပေး
📌ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်အား မျက်ကွယ်သေဒဏ် ချမှတ်ကာ နေအိမ်ကိုပါချိတ်ပိတ်သိမ်းဆည်း
📌မကွေးမြို့ အဝေရာလမ်းထောင့်မှာ စကစနဲ့ရဲများက ဆိုင်ကယ်မောင်းသူ လူငယ်ကို ပစ်ခတ်သတ်ဖြတ်၍ မိန်းကလေးနှစ်ဦးကိုဖမ်းဆီး
📌ဂျပန်နိုင်ငံတွင် အထူးငွေတိုက်စာချုပ် ယန်းပေါင်း (15) သန်း ကျော်ဖိုးရောင်းချရခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စွမ်းအင်အသုံးစရိတ်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ရေးတွင် သုံးစွဲလိုက်ခြင်းကြောင့် ပြည်သူလူထု လျှပ်စစ်မီးပြတ်တောက်နေရခြင်းဖြစ်တယ်လို့ NUG လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဖွင့်ချပြောဆို
ပြည်သူ့အစိုးရလက်ထက်က ပြည်သူလူထုလျှပ်စစ်မီးပုံမှန်ရရှိရေး စိုက်ထုတ်ပေးနေတဲ့ စွမ်းအင်အသုံးစရိတ်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ရေးတွင် သုံးစွဲလိုက်ခြင်းကြောင့် ပြည်သူလူထု လျှပ်စစ်မီးပြတ်တောက်နေရခြင်းဖြစ်တယ်လို့ NUG လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကပြောကြားလိုက်ပါတယ်။
"အရင်က အစိုးရက နှစ်စဥ် သန်း ၄၀၀ ကနေသန်း ၈၀၀ အထိစိုက်ပေးနေရပါတယ်။ ပြည်သူလူထုရဲ့လိုအပ်ချက်ကိုပေါ့။ အဲဒီလို စိုက်ပေးရတာတောင်မှ သူတို့က စိုက်ချင်စိတ်မရှိဘူး။ ဒီပေးရမဲ့ BOT နိုင်ငံခြားကုပဏ္ဍီကို မပေးတဲ့အခါကြတော့ သူတို့ကလည်း ဒါစာချုပ်အရ ဖောက်ဖျက်ခွင့်ရသွားတယ်။ ဓာတ်ငွေ့နဲ့လုပ်တဲ့စက်ရုံတွေမှာ စာချုပ် ချုပ်တုန်းက နောက်ထပ် ၅ နှစ်တာကာလကို ဒီစျေးနဲ့ပဲ ပေးရမယ်လို့ ချုပ်ထားတယ်။ အခုက စျေးကတက်လာတော့ လုပ်ငန်းရှင်တွေအနေနဲ့ တော်တော်စိုက်ထုတ်ရမဲ့အခြေအနေပါ။ အဲဒီအခြေအနေမှာ ဒီငွေကို မပေးဘဲနဲ့ စစ်ရေးမှာသုံးလိုက်တဲ့အခါကြတော့ လုပ်ငန်းရှင်ကသူတို့ကို ငွေမပေးတဲ့အတွက် စာချုပ်အရ စွန့်ခွာသွားတဲ့အခါမှာ ပြည်သူလူထု ဒီလိုလျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်လာတာဖြစ်ပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ ရန်ကုန်၊မန္တလေးမြို့ကြီးများနဲ့ နယ်မြို့များမှာ ပြည်သူလူထုဟာ အလှည့်ကျ လျှပ်စစ်မီးပေးစနစ်ကို သုံးနေကြရပါတယ်။
========================
📌📌တော်လှန်ရေးအရှိန်အဟုန်ပျက်ပြားစေမည့် သင်္ကြန်ပွဲတော်အား ဆင်နွှဲခြင်းမပြုကြရန် တော်လှန်ရေးအင်အားစု ၃၅ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်
တော်လှန်ရေးအရှိန်အဟုန်ပျက်ပြားစေမည့် သင်္ကြန်ပွဲတော်အား ဆင်နွှဲခြင်းမပြုကြရန် တော်လှန်ရေးအင်အားစု ၃၅ ဖွဲ့က ပူးတွဲကြေညာချက်ကို ဧပြီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
"ယခုအချိန်တွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ ရိုးရာသင်္ကြန်ကိုခုတုံးလုပ်ကာ ရေကစားမဏ္ဍပ်များဆောက်လုပ်ခြင်းစသည့် ပွဲလမ်းသဘင်များကျင်းပစေခြင်းဖြင့် လူထုနှင့် တော်လှန်ရေးရေချိန်ကိုဆွဲချရန် ဖိအားပေးဆောင်ရွက်လာပြီဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ စစ်ကောင်စီကဖန်တီးပြုလုပ်လျက်ရှိသော လူထုကိုအခြေမပြုသော သင်္ကြန်ပွဲတော်အား ဆင်နွှဲခြင်းမပြုဘဲ အာဏာရှင်တော်လှန်ရေးခရီးဆက်ကြရန်၊ တော်လှန်ရေးသတိကပ်ထားရန် ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များ၊ သပိတ်နှင့် တော်လှန်ရေးအဖွဲ့အစည်းများစုပေါင်း၍ ပြည်သူတစ်ရပ်လုံးအား နှိုးဆော်သည့်အနေဖြင့် ပူးတွဲကြေငြာချက်ထုတ်ပြန်လိုက်တယ်"လို့ ဖော်ပြပါတယ်။ ၎င်းပျော်ပွဲရွှင်ပွဲများ၊ နေရာများသို့ သွားလာခြင်းမပြုပဲ ရှောင်ရှားခြင်းဖြင့် ကူညီပေးကြပါရန် ပြည်သူများအား မေတ္တာရပ်ခံအသိပေးနှိုးဆော်အပ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌ကလေးမြို့တွင် စကစတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စကစတပ်ဖွဲ့ဝင်တစ်ဦး စနိုက်ပါထိမှန်သေဆုံး
ကလေးမြို့တွင် စကစတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့မနက်ပိုင်းဧပြီ ၁၁ ရက်မနက် ၆ နာရီမှ စတင်၍ တိုက်ပွဲဖြစ်ပွားကာ စကစတပ်ဖွဲ့ဝင်တစ်ဦး စနိုက်ပါထိမှန်သေဆုံးခဲ့တယ်လို့ PDF Kalay ကတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပြောပါတယ်။
“PDF Kalay နဲ့အတူ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအတွက်သတိရဆုတောင်းပေးကြပါဗျာ။ ကလေးမြို့နယ်တောင်ပိုင်းသို့ ခရီးသွားလာခြင်းများမလုပ်ဆောင်ကြပါရန် အထူးမေတ္တာရပ်ခံ သတိပေးအပ်ပါတယ်ဗျာ"လို့ တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ ကလေးမြို့မှာ စစ်ဘေးရှောင် ဦးရေ ရာနဲ့ချီထွက်ပြေးတိမ်းရှောင်နေရပြီး နေ့စဥ်တိုက်ပွဲထိတွေ့ပစ်ခတ်မှုတို့ရှိနေပါတယ်။
========================
📌📌လျှပ်စစ်မီးပုံမှန်မရရှိခြင်းအပါအဝင် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ထပ်မံပိတ်သိမ်းမည့် စက်ရုံ၊ အလုပ်ရုံများ စစ်ကောင်စီကိုတင်ပြထား
လျှပ်စစ်မီးပုံမှန်မရရှိခြင်းအပါအဝင် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ထပ်မံပိတ်သိမ်းမည့် စက်ရုံ၊အလုပ်ရုံများ စစ်ကောင်စီကိုတင်ပြထားတယ်လို့ ရန်ကုန်မြို့ရှိ စက်မှုဇုန်များထံက စုံစမ်းသိရပါတယ်။ ဧပြီ ၁၀ ရက်နေ့က စုံစမ်းသိရှိမီုအရ ပိတ်သိမ်းရန်တင်ပြထားတဲ့လုပ်ငန်း ၅၀ ထက်မနည်းရှိတယ်လို့သိရပါတယ်။
"တချို့ဆို စက်ရုံကမလည်တော့ဘူး။ စာရင်းရှင်းဖို့နဲ့ အလုပ်သမားတွေကို နစ်နာကြေးမပြီးပြတ်တာလေးတွေပေးဖို့ ဒါပဲကျန်တော့တယ်။ အများစုက ကုန်ကြမ်းဆိုတာ တပြင့်က ချပေးတာကို တစ်ဆင့်ပြန်လုပ်ပေးရတာ။မြန်မာပြည်ကို တိုက်ရိုက် မပေးဘူး။ အခု စစ်တပ်က ဟိုဟာကန့်သတ်၊ဒီဟာကန့်သတ်နဲ့ မီးကလည်းမမှန်တော့ လာလုပ်တာ တရုတ်၊ကိုရီးယား၊ဂျပန် ကဆိုတော့ သူတို့ကသိပ်ပြီး အရှုံးမခံဘူးလေ။ ပိတ်ပြီး တော့ပြန်မဲ့သဘောပါပဲ"လို့ အသေးစားလုပ်ငန်းရှင်တစ်ဦးကဆိုထားပါတယ်။
========================
📌📌လောင်းရှည်ဒေသတွင်း မည်သည့် လောင်းကစားပွဲများကိုမျှ မပြုလုပ်ကြရန် လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတိပေး
လောင်းရှည်ဒေသတွင်းနှစ်လုံး ၊သုံးလုံး ၊ ကြက်ဝိုင်း အစရှိတဲ့ မည်သည့် လောင်းကစားပွဲများကိုမျှ မပြုလုပ်ကြရန် လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဧပြီ၁၁ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ "လောင်းကစားပွဲများ ပြုလုပ်ခဲ့ပါက ကျွနု်ပ်တို့ လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ထိရောက်စွာအရေးယူ သွားမှာဖြစ်တယ်"လို့ဖော်ပြပါတယ်။ လောင်းရှည်ဒေသမှာ စကစတပ်များဟာ လောင်းကစားဝိုင်းများထံက အခွန်အခများရရယူကာ ခွင့်ပြုကျင်းပခွင့်ပြုတယ်လို့သိရပါတယ်။
========================
📌📌ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်အား မျက်ကွယ်သေဒဏ် ချမှတ်ကာ နေအိမ်ကိုပါချိတ်ပိတ်သိမ်းဆည်း
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်အား မျက်ကွယ်သေဒဏ် ချမှတ်ကာ နေအိမ်ကိုပါချိတ်ပိတ် သိမ်းဆည်းလိုက်တယ်လို့ ဧပြီလအတွင်းမှာ bahan information ကထုတ်ပြန်ချက်အရ သတင်းရရှိပါတယ်။ "လက်ရှိမှာတော့ ဦးထွန်းမြင့်ဟာ ဘေးကင်းလုံခြုံစွာနဲ့ CRPH အဖွဲ့ဝင်အနေဖြင့် ပြည်သူများနဲ့အတူ စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်ပေးနေလျှက်ရှိပါတယ်"လို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ရရှိထားသောစာရင်းများအရ လွှတ်တော်ကိုယ်စားလှယ် (၉၃) ဦးအပါအဝင် စုစုပေါင်းပါတီဝင် (၁၅၅) ဦး၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံထားရပါတယ်။
========================
📌📌မကွေးမြို့ အဝေရာလမ်းထောင့်မှာ စကစနဲ့ရဲများက ဆိုင်ကယ်မောင်းသူ လူငယ်ကို ပစ်ခတ်သတ်ဖြတ်၍ မိန်းကလေးနှစ်ဦးကိုဖမ်းဆီး
ဧပြီ ၁၀ ရက်နေ့ ည ၈ နာရီအချိန်က မကွေးမြို့ အဝေရာလမ်းထောင့်မှာ အရပ်သားဆိုင်ကယ်ကို စစ်တပ်နဲ့ရဲစစ်ဆေးနေရင်း ဆိုင်ကယ်မောင်းသူ လူငယ်ကို ပစ်ခတ်သတ်ဖြတ်၍ မိန်းကလေးနှစ်ဦးကိုဖမ်းဆီးမကွေး MDPDF ကဆိုပါတယ်။ "ပစ်သတ်လိုက်တဲ့ အလောင်းအား ရင်ခွဲရုံပို့လိုက်တယ်လို့ သိရှိရပါတယ်။ ကျန်ရှိနေသော ကောင်မလေး ၂ ဦးကိုလည်းစစ်သားနဲ့ ရဲတွေဖမ်းခေါ်သွားတယ်"လို့ ဆိုပါတယ်။ အဆိုပါလူငယ်များဟာ မင်းဘူးဖက်မှလူငယ်များဖြစ်နိုင်ပြီး အဆိုပါသတင်းကို စကစတပ်နဲ့ရဲများကဖုံးဖိထားတယ်လို့သိရပါတယ်။
========================
📌📌ဂျပန်နိုင်ငံတွင် အထူးငွေတိုက်စာချုပ် ယန်းပေါင်း (15) သန်း ကျော်ဖိုးရောင်းချရခဲ့
ဧပြီ ၁၀ ရက်နေ့ ဂျပန်နိုင်ငံတွင် ဂျပန်သင်္ကြန်မှာ အထူးငွေတိုက်စာချုပ် ယန်းပေါင်း (15) သန်းကျော်ဖိုးရောင်းချနိုင်ခဲ့ပါတယ်။ "ဂျပန်သကြင်္န်မှာ ရောင်းချရတဲ့ဘွန်းတွေကို စီမံဘဏ္ဍာသို့ အားလုံးပေးအပ်ပြီးစီးကြောင်းလည်း ပြောထားပါတယ်။ United Bond Page စစ်ဆေးအတည်ပြုကြေညာပါလိမ့်မယ်"လို့ ဆိုပါတယ်။
ဧပြီ ၁၀ ရက်နေ့က ကျင်းပတဲ့ ငွေတိုက်စာချုပ်ရောင်းချပွဲမှာ ငွေတိုက်စာချုပ် တထောင်ဖိုးနှင့်အထက် ဝယ်ယူသူတိုင်းကို MGSF နှင့်ဘွန်းအဖွဲ့မှ အလင်းရောင်ပေးတဲ့ “”အမေစုပုံ ဖန်မီးအိမ် စားပွဲတင်ပန်းချီကားများလက်ဆောင်ပေးအပ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက အထူးငွေတိုက်စာချုပ်ပေါင်း ခုနစ်သောင်းကျော်ရောင်းချရပြီဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment