၂၀၂၂ ဧပြီလ ၁၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရက မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၆၁.၄၂) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့
📌အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန မှ ထောက်ပံ့ငွေကျပ်သိန်းတစ်ရာကျပ် ရရှိတယ်လို့ မြောင်မြို့နယ်တော်လှန်ရေးတပ်ဆို
📌ကြံ့ခင်းမြို့နယ် NLD ပါတီ အမတ် ဦးစိုးမြင့် စစ်ကောင်စီတပ်များကို ရှောင်တိမ်းနေရာမှ ဖမ်းဆီးခံရ
📌"နန်းထိုက်အောင်"စစ်ဆင်ရေးဖြင့် လမ်းမတော်မြို့နယ်စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင် ကို ပစ်ခတ်ရှင်းလင်းဟုထုတ်ပြန်
📌သကြင်္န ကိုတော်လှန် သကြင်္န အဖြစ်သတ်မှတ်ကာ ရေမဆော့သပိတ်အဖြစ် ပါဝင်ဆင်နွှဲကြဖို့ ရေးပြောက်ကျားတပ်ဖွဲ့တိုက်တွန်း
📌ထောက်ပံ့ငွေများဖြင့် ဝယ်ယူခဲ့သော ဒုံးပစ်လောင်ချာ (RPG) များ သက်ဆိုင်ရာတပ်ဖွဲ့များ လက်ဝယ်သို့ ရောက်ရှိနေပြီလို့ Area – 21 Revolution Network အသိပေး
📌ကျုံပျော်မြို့နယ် ရှားခဲမြို့ရှိ ကက်သလစ်ဘုန်းတော်ကြီးအပါအဝင် လူ ၉ ယောက်ဖမ်းဆီးခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရက မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၆၁.၄၂) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရက မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၆၁.၄၂) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၁၀ ရက်နေ့မှာ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကထုတ်ပြန်ခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၆၁.၄၂) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတက်နိုင်ဆုံးကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိပါတယ်"လို့ဆိုပါတယ်။
ထောက်ပံ့မှုများကို စစ်တပ်၏ အတားအဆီး အမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ် များ၊ စေတနာ့ဝန်ထမ်းပြည်သူများနှင့် ထောက်ပံ့မှု ရန်ပုံငွေအတွက် လှူဒါန်းပေးလျက်ရှိသော ပြည်သူများကို ကျေးဇူးတင်ရှိပါတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။ ထောက်ပံ့မှုအများဆုံးလုပ်နိုင်ခဲ့တဲ့ပြည်နယ်နဲ့တိုင်းမှာ စစ်ကိုင်း၊ကရင်၊ ကရင်နီတို့ဖြစ်ကြောင်းသိရပြီးတော့ လူဦးရေ ၁၀၃၅၇၆ဦးကို ထောက်ပံကူညီနိူင်ခဲ့ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန မှ ထောက်ပံ့ငွေကျပ်သိန်းတစ်ရာကျပ် ရရှိတယ်လို့ မြောင်မြို့နယ်တော်လှန်ရေးတပ်ဆို
အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန မှ ထောက်ပံ့ငွေကျပ်သိန်းတစ်ရာကျပ် ရရှိတယ်လို့ မြောင်မြို့နယ်တော်လှန်ရေးတပ်ဆိုပါတယ်။ ဧပြီ ၁၀ ရက်နေ့မှာ မြောင်မြို့နယ် တော်လှန်ရေးတပ် MRA က ထောက်ပံ့ငွေရရှိကြောင်းကြေညာခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ ကျွန်ုပ်တို့ မြောင်မြို့နယ် တော်လှန်ရေးတပ် - Myaung Revolution Army (MRA) သို့ ထောက်ပံ့ငွေ ၁၀,၀၀၀,၀၀၀ (သိန်း ၁၀၀) ကျပ်အား ဧပြီ ၇ ရက် နေ့ တွင် လက်ခံရရှိပါတယ်"လို့ ဆိုပါတယ်။
မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) သည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) တို့ဦးဆောင်မှုအောက်တွင် ချမှတ်ထားသော စစ်သည်တော်ကျင့်ဝတ် (Code of Conduct) နှင့် အဆင့်ဆင့်ကွပ်ကဲမှု (Chain of Command) တို့ကို အတိအကျလိုက်နာပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်တောင်စု နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အားသွန်ခွန်စိုက် အတူ ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်လျက် ရှိပါတာ်လို့ဆိုပါတယ်။ " အကြမ်းဖက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖြစ်ထွန်း ပေါ်ပေါက်လာရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) တို့၏ နိုင်ငံရေး နှင့် စစ်ရေး ဦးဆောင်မှု ကူညီထောက်ပံ့ပေးမှုများ ၊ နိုင်ငံတကာ နှင့် ပြည်တွင်း၊ပြည်ပရှိ ပြည်သူလူထုအပေါင်း၊ အဖွဲ့အစည်းပေါင်းစုံ၏ အင်တိုက် အားတိုက် ထောက်ပံ့ကူညီ ပံ့ပိုးပေးမှုများကို(MRA)မှ အထူးပင်အသိအမှတ်ပြု ကျေးဇူတင် ဂုဏ်ပြုအပ်ပါတယ်"လို့ မြောင်မြို့နယ်တော်လှန်ရေး တပ် (MRA) ကဖော်ပြပါတယ်။
========================
📌📌ကြံ့ခင်းမြို့နယ် NLD ပါတီ အမတ် ဦးစိုးမြင့် စစ်ကောင်စီတပ်များကို ရှောင်တိမ်းနေရာမှ ဖမ်းဆီးခံရ
ကြံ့ခင်းမြို့နယ် NLD ပါတီ အမတ် ဦးစိုးမြင့် စစ်ကောင်စီတပ်များကို ရှောင်တိမ်းနေရာမှ ဖမ်းဆီးခံလိုက်ရတယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၁၀ ရက်မှာ ဒေသခံတစ်ဦးက ရေဒီယို အန်ယူဂျီကိုအတည်ပြုပြောပါတယ်။ "သူရွာတစ်ရွာမှာဆေးလာကုရင်း သတင်းပေးခံရလို့ မနေ့ ကလာဖမ်းသွားကြတာ။သူ့တစ်ယောက်ထဲခေါ်သွားတယ်"လို့ ဒေသခံကဆိုပါတယ်။ ဧပြီ ၉ ရက်နေ့ မနက်ခင်းမှာ ဂျိုကုန်းရွာမှာဆေးလာကုနေတဲ့ ကြံခင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးမြင့်ကို ရဲနဲ့ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့က ပြုစုထား သော စာရင်းများအရ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစတင်၍ ၂၀၂၂ခုနှစ် မတ်လ (၁၄) နေ့အထိ နိုင်ငံတစ်ဝှမ်းလုံး၌ မတရားဖမ်းဆီးခံရသူ (၁၃၀၀၀) ခန့် ရှိသည့်အနက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၈၃၂) ဦး ပါရှိပြီး ပြန်လည်လွတ်မြောက်လာသူ (၁၇၁)ဦးရှိပါတယ်။ မတရားပုဒ်မများ အထပ်ထပ်ဆင့်ကာ စွဲဆိုခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုတိယဥက္ကဌများဖြစ်ကြသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် (၆၄၅)ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ မတရားဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ်(၁၀၇)ဦးပါဝင်ပြီး၊ ၎င်းတို့အနက် ပြန်လည်လွတ်မြောက်လာသူ(၁၄)ဦးရှိကာ ကျန်လွှတ်တော်ကိုယ်စားလှယ် (၉၂)ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။
========================
📌📌"နန်းထိုက်အောင်"စစ်ဆင်ရေးဖြင့် လမ်းမတော်မြို့နယ်စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင် ကို ပစ်ခတ်ရှင်းလင်းဟုထုတ်ပြန်
ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းက လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဝင်ပေါက်အနီး မော်တင်ဆိပ်ကမ်းမှာ လမ်းမတော်မြို့နယ် စစ်ဘက် အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်ကို နန်းထိုက်အောင်စစ်ဆင်ရေးဖော်ဆောင်တဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရှိရပါတယ်။ ပစ်ခတ်မှုအပြီးမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေပြန်လည်ထွက်ခွာမယ့်လမ်းမှာ ရှိနေတဲ့ ပြည်သူတွေကို သေနတ်ပြပြီး လမ်းဖယ်ခိုင်းခဲ့ရတာကြောင့် ပြည်သူလူထုကို အနူးညွတ်တောင်းပန်တယ်လို့လည်း ဆိုပါတယ်။
ဗိုလ်မှူးကုဋေဖြိုးအောင်ဟာ အာဏာသိမ်းပြီးနောက် စစ်အုပ်စုကခန့်အပ်ထားတဲ့ လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံဖြစ်ပြီး မြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဖိနှိပ်ရာမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူး အထက်မှာရှိတဲ့ အကြီးအကဲဖြစ်ပြီး မြို့နယ်အတွင်းမှ လူငယ်တွေကို ပစ်ခတ်၊ ဖမ်းဆီး၊ နှိပ်စက်၊ အရေးယူခံရခြင်းအတွက် အဓိကတရားခံတစ်ဦးဖြစ်သည်။ ဗိုလ်မှူးကုဋေဖြိုးအောင်ဟာ DSA အပတ်စဉ် ၄၈ ဆင်း ရုရှားပြန် အရာရှိတစ်ဦးဖြစ်ပြီး အရင်က တပ်ထိန်း မှုခင်းဖော်ထုတ်ရေးတပ် (လှိုင်) နဲ့ တပ်ထိန်းချုပ်ရုံး (နေပြည်တော်) တို့မှာ တာဝန်ကျခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းက ရန်ကုန်တိုင်းလွှတ်တော်တွင် တပ်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို့ သိရပါတယ်။
========================
📌📌သင်္ကြန် ကိုတော်လှန် သင်္ကြန်အဖြစ်သတ်မှတ်ကာ ရေမဆော့သပိတ်အဖြစ် ပါဝင်ဆင်နွှဲကြဖို့ ရေးပြောက်ကျားတပ်ဖွဲ့တိုက်တွန်း
သင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ်သတ်မှတ်ကာ ရေမဆော့သပိတ်အဖြစ် ပါဝင်ဆင်နွှဲကြဖို့ ရေးပြောက်ကျားတပ်ဖွဲ့တိုက်တွန်းလိုက်ပါတယ်။ ဧပြီ ၁၀ ရက်နေ့မှာ ပြည်သူများကို ရေးပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။
"ပြည်သူများသိကြသည့်အတိုင်း အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်ကို ပုံမှန်အတိုင်းဖြစ်နေသည်ဟုအထင်မှားစေချင်သည့်အလို့ငှာ သင်္ကြန်ပွဲတော်ကို နိုင်ငံနှင့်အဝန်း ကျင်းပရန် ပြင်ဆင်နေကြသည်ကို ကြားသိရပါတယ်။တကယ်တော့ ကျွန်တော်တို့တွေဟာ လွတ်လပ်ရေးမရသေးပါဘူး။ အခွင့်အရေးတွေ ဆုံးရှုံးနေဆဲပါ။ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေနဲ့ အသက်ပေးသွားခဲ့ကြပြီးသော ညီအကိုမောင်နှမများကို လေးစားသောအားဖြင့် ဒီနှစ်သင်္ကြန်ကိုတော်လှန် သင်္ကြန်အဖြစ်သတ်မှတ်ကာ ရေမဆော့သပိတ်အဖြစ် ပါဝင်ဆင်နွှဲကြဖို့ ကျွန်တော်တို့ ရေးပြောက်ကျားတပ်ဖွဲ့- YGF မှ တိုက်တွန်းလိုက်ရပါတယ်"လို့ ဆိုထားပါတယ်။ မွန်ပြည်နယ် တွင်လည်း စစ်ကောင်စီက သင်္ကြန်ပွဲတော်ကိုကျင်းပရန်စီစဉ်ထားပြီး စကစဝန်ထမ်းများ မတက်မနေရ ညွှန်ကြားထားပါတယ်။
========================
📌📌ထောက်ပံ့ငွေများဖြင့် ဝယ်ယူခဲ့သော ဒုံးပစ်လောင်ချာ (RPG) များ သက်ဆိုင်ရာတပ်ဖွဲ့များ လက်ဝယ်သို့ ရောက်ရှိနေပြီလို့ Area – 21 Revolution Network အသိပေး
ထောက်ပံ့ငွေများဖြင့် ဝယ်ယူခဲ့သော ဒုံးပစ်လောင်ချာ (RPG) များ သက်ဆိုင်ရာတပ်ဖွဲ့များ လက်ဝယ်သို့ ရောက်ရှိနေပြီလို့ Area – 21 Revolution Network ကအသိပေးဆိုလိုက်ပါတယ်။ ဧပြီ ၁၀ ရက်နေ့မှာ RPG များလက်ဝယ်ရောက်ကြောင်း Area – 21 Revolution Network ကထုတ်ဖော်ပြောကြားပါတယ်။
"Click to Donate (C2D) နှင့် အခြားအလှူရှင်အသီးသီးမှ Area – 21 Revolution Network အတွင်းရှိ မြေပြင်တပ်ဖွဲ့များဆီသို့ လှူဒါန်းခဲ့သည့် ထောက်ပံ့ငွေများဖြင့် ဝယ်ယူခဲ့သော ဒုံးပစ်လောင်ချာ (RPG) များမှာ ယခုအခါ သက်ဆိုင်ရာတပ်ဖွဲ့များ၏ လက်ဝယ်သို့ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။လေ့ကျင့်ရည်ပြည့်ဝသော ကျနော်တို့၏မြေပြင်တပ်ဖွဲ့များအနေဖြင့် RPG များကို အသုံးပြု၍၊ ရန်သူအကြမ်းဖက် စစ်ကောင်စီ၏ လေယာဉ်များနှင့် ရဟတ်ယာဉ်များကို အဓိကထား ပစ်ချတိုက်ခိုက်သွားမည်ဖြစ်ရာ၊ နှစ်သစ်အခါသမယတွင် ကျနော်တို့၏ “Area -21 ပုဇဉ်းဖမ်းပွဲကြီး” ကို မိဘပြည်သူများ တွေ့မြင်ကြရတော့မည်ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရကလည်း စကစတပ်များရဲ့ တိုက်လေယာဉ်မောင်းအရာရှိများအနေနဲ့ လေယာဉ်နဲ့အတူ အလင်းဝင်လာပါက အမေရိကန်ဒေါ်လာသုံးသိန်းမှငါးသိန်းထိချီးမြှင့်ပေးအပ်မယ်လို့ကြေညာထားပါတယ်။
========================
📌📌ကျုံပျော်မြို့နယ် ရှားခဲမြို့ရှိ ကက်သလစ်ဘုန်းတော်ကြီးအပါအဝင် လူ ၉ ယောက်ဖမ်းဆီးခံရ
ဧပြီလ ၁၀ ရက်နေ့ မနက် ၂ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲမြို့ရှိ ကက်သလစ် ဘုရားကျောင်း၌ ကက်သလစ်ဘုန်းတော်ကြီး အပါအဝင် လူ ၉ ယောက်အဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံများထံမှ သတင်းရရှိပါတယ်။ ဖမ်းဆီးခံရသူများမှာ ရှားခဲကက်သလစ် ကျောင်းထိုင်ဘုန်းကြီး Fr. Frimin၊ လက်ထောက်ဘုန်းကြီး Fr. Richard၊ Brother တစ်ပါး၊ ဓမ္မဆရာတစ်ဦး၊ လူငယ်ခေါင်းဆောင်တွေဖြစ်ကြောင်း သိရပါတယ်။
နောက်ဆုံးရသတင်းအရ လက်ထောက်ဘုန်းတော်ကြီး Fr.နေဇော်နိုင်မှအပ အဖမ်းခံခဲ့ရသူများအားလုံး လွှတ်မြောက်လာပြီဖြစ်ကြောင်း နှင့် လက်ထောက်ဘုန်းတော်ကြီး Fr. နေဇော်နိုင်အား ၅၀၅ ပုဒ်မအမှုတပ်ကာ ကျုံပျော်သို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ကြားသိရတယ်။
အလားတူ ဧပြီလ ၈ ရက်နေ့က မန္တလေး၊ အောင်မြေသာဇံမြို့နယ် ၂၅ လမ်းနဲ့ ၂၆ လမ်းကြား ၈၁ လမ်းမှာရှိတဲ့ ရွှေနှလုံးတော် ကက်သလစ် ဘုရားရှိခိုးကျောင်း Sacred Heart ကာသီဒြယ်ဘုရားကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ လောက် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment