၂၀၂၂ ဧပြီလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်သူဗဟိုပြု တန်ပြန်တိုက်နေတဲ့ ယူကရိန်းနဲ့ မြန်မာ့နွေဦး တော်လှန်အုပ်စုရဲ့ရည်မှန်းချက်တွေ တူတယ်လို့ NUG ဝန်ကြီးဒေါက်တာတူးခေါင်ဆို
📌ကရင်ပြည်နယ် လေးကေ့ကော်ဒေသသို့ စကစတပ်များ အင်အားအလုံးအရင်းနဲ့ ဝင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားနေပြီး စကစတပ်ဖက်မှအကျအဆုံးများ
📌သိန်း ၁၂၀ တန် စနိုက်ပါ တစ်လက် ရောက်ရှိလာကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နတ်မြောင်းဆို
📌ဒေါညေခူနှင့် ထီးကလူဒေါကျေးရွာကြားတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF က ချုံခိုတိုက်ခိုက်ရာ စကစတပ်က ၁၀ ဦးသေဆုံး
📌ပြည်ပနိုင်ငံပေါင်း ကိုးနိုင်ငံတွင် နွေဦးထီ ကိုယ်စားလှယ်များ ခန့်အပ်ထားပြီးဖြစ်၍ နွေဦးထီကို နိုင်ငံတကာရှိ တော်လှန်ရေးအင်အားစုများထိုးနိုင်ပြီလို့ဆို
📌သထုံမြို့နယ်က ခရိုင်ထွေအုပ်ရုံးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးကို လာကန်တော့သည့် ဆန်တစ်အိတ်၊ ဆီတစ်ပုံးက ထပေါက်ကွဲ၍ ရုံးပါပြိုကျကာ ရဲအပါအဝင် လူလေးဦး ထိခိုက်သေဆုံးနိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်သူဗဟိုပြု တန်ပြန်တိုက်နေတဲ့ ယူကရိန်းနဲ့ မြန်မာ့နွေဦး တော်လှန်အုပ်စုရဲ့ရည်မှန်းချက်တွေ တူတယ်လို့ NUG ဝန်ကြီးဒေါက်တာတူးခေါင်ဆို
ပြည်သူဗဟိုပြု တန်ပြန်တိုက်နေတဲ့ ယူကရိန်းနဲ့ မြန်မာ့နွေဦး တော်လှန်အုပ်စုရဲ့ရည်မှန်းချက်တွေ တူတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဧပြီ ၁၀ ရက်နေ့မှာ လူမှုကွန်ရက်မှာ ရေးသားပြောကြားလိုက်ပါတယ်။
"ငြိမ်းချမ်းရေး အတွက် စစ်တိုက်ကြတယ်၊ စစ်ကိုမုန်းလို့ စစ်တိုက်ကြတယ်ဆိုတဲ့ အဆိုကို စစ်ပွဲများကို Justify လုပ်ချင်တဲ့ စစ်လော်ဘီတွေလဲ ခဏခဏ သုံးနေတာ တွေ့ပါလိမ့်မယ်။ နောက်ပြီး ရုရှားက ယူကရိန်းကိုတိုက်တာ ငြိမ်းချမ်းရေးအတွက်လား ဆိုတာအစ မေးခွန်း မေးစရာရှိပါတယ်။ ရုရှားက ယူကရိန်းတိုက်တာ Negative peace အတွက်ဖြစ်တယ်၊ ပူတင်ရဲ့ သြဇာ မနာခံလို့ အတင်းအဓမ္မ နာခံခိုင်းတဲ့ သဘောနဲ့ တိုက်တာ၊ ယူကရိန် ပြန်တိုက်တာက Positive peace အတွက် ဖြစ်တယ်၊ ဘယ်သူ့အမိန့်မှ နာခံစရာမလိုတဲ့ ပြည်သူ့အုပ်ချုပ်ရေး အခြေခံ အုတ်မြစ်အတွက် တိုက်တာ။
မအလ နဲ့ ရုရှား ဆရာတပြည့် တိုက်နေတဲ့ ပုံစံတူတယ်၊ ပြည်သူဗဟိုပြု တန်ပြန် တိုက်နေတဲ့ ယူကရိန်းနဲ့ မြန်မာ့နွေဦး တော်လှန်အုပ်စုရဲ့ရည်မှန်းချက်တွေ တူတယ်။ ကျနော်တို့ပြောနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဟာ Positive peace အတွက် ဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လတ်တလောမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ခုခံစစ်ကနေ တိုက်စစ်ကို အရှိန်မြှင့်တိုက်ခိုက်တော့မယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
========================
📌📌ကရင်ပြည်နယ် လေးကေ့ကော်ဒေသသို့ စကစတပ်များ အင်အားအလုံးအရင်းနဲ့ ဝင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားနေပြီး စကစတပ်ဖက်မှအကျအဆုံးများ
ဧပြီ ၁၀ ရက် မနက်အစောပိုင်းမှ စတင်ကာ ကရင်ပြည်နယ် လေးကေ့ကော်ဒေသသို့ စကစတပ်များ အင်အားအလုံးအရင်းနဲ့ ဝင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။ စကစတပ်များနဲ့ အပြန်အလှန် ပစ်ခတ်နေတယ်လို့ ကော်ပရာ စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲ အခြေအနေ ပြင်းထန်လျက်ရှိပြီး ယခုသတင်းထုတ်ပြန်ချိန်အထိ ဖြစ်ပွားလျက်ရှိကာ အကြမ်းဖက်စစ်ကောင်စီမှ အကြမ်းဖက်စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်ကောင်စီက MIG 29 အမျိုးအစား တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်နေကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
လက်နက်ကြီးများပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်း (KNLA ပူးပေါင်းတပ်ဖွဲ့) ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။
ယနေ့တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်နေသော ခမရ (၅၈၅) မှ ဗိုလ်မှူးတင်လင်းအောင်နှင့် တပ်မ (၇၇) မှ CDM ဗိုလ်ကြီးတို့မှ ၈၁ မမ လက်နက်ကြီးကို လမ်းညွှန် ပစ်ခတ်ပေးလျက်ရှိသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
========================
📌📌သိန်း ၁၂၀ တန် စနိုက်ပါ တစ်လက် ရောက်ရှိလာကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နတ်မြောင်းဆို
ဧပြီ ၁၀ ရက်နေ့မှာ သိန်း ၁၂၀ တန် စနိုက်ပါလက်နက် အသစ်တစ်လက် ရောက်ရှိလာကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နတ်မြောင်းကဆိုလိုက်ပါတယ်။ "သိန်း ၁၂၀ တန် စနိုက်ပါ တစ်လက်ရောက်ရှိလာပါပြီ။ အဖက်ဖက်မှ ပါဝင်လှူဒါန်းပေးကြသော မိဘပြည်သူညီအကို မောင်နှမ များအားလုံး အထူးပဲ ကျေးဇူး တင်ပါတယ်ဗျ။ နောက်ထပ်လဲဆက်လက်ကူညီပေးကြပါအုံးဗျ "လို့ဆိုထားပါတယ်။
လတ်တလောမှာ လက်နက် ကျွမ်းကျင်သူများက ကာကွယ်ရေးတပ်များအနေနဲ့ လက်နက်ကြီးများကို ကိုယ်ပိုင်တီထွင်မှုသည် အသက်စိုးရိမ်ရ၍ ဝယ်ယူအသုံးပြုကြရန် တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ လပိုင်းကလည်း စစ်ကိုင်းတိုင်းတွင်း ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးလက်လုပ် လက်နက်ကြီးကို စမ်းသပ်ပစ်ခတ်ရာ မတော်တဆ ပေါက်ကွဲရင်း ထိခိုက်ကျဆုံးခဲ့ပါတယ်။
========================
📌📌ဒေါညေခူနှင့် ထီးကလူဒေါကျေးရွာကြားတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF က ချုံခိုတိုက်ခိုက်ရာ စကစတပ်က ၁၀ ဦးသေဆုံး
ဧပြီ ၉ ရက် မနက်ပိုင်းက ဖရူဆိုမြို့နယ်၊ ဒေါညေခူနှင့် ထီးကလူဒေါကျေးရွာကြားတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို KNDF/B-15 က ချုံခိုတိုက်ခိုက်ရာ စကစတပ်က ၁၀ ဦးသေဆုံးခဲ့ပါတယ်။ တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဘက်တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌ပြည်ပနိုင်ငံပေါင်း ကိုးနိုင်ငံတွင် နွေဦးထီ ကိုယ်စားလှယ်များ ခန့်အပ်ထားပြီးဖြစ်၍ နွေဦးထီကို နိုင်ငံတကာရှိ တော်လှန်ရေးအင်အားစုများထိုးနိုင်ပြီလို့ဆို
ပြည်ပနိုင်ငံပေါင်း ကိုးနိုင်ငံတွင် နွေဦးထီ ကိုယ်စားလှယ်များ ခန့်အပ်ထားပြီးဖြစ်၍ နွေဦးထီကို နိုင်ငံတကာရှိ တော်လှန်ရေးအင်အားစုများထိုးနိုင်ပြီလို့ဆိုပါတယ်။ ဧပြီ ၁၀ ရက်နေ့မှာ နွေဦးထီမိသားစုက နိုင်ငံတကာကိုယ်စားလှယ်များခန့်အပ်ထားကြောင်း အသိပေးကြေညာခဲ့ပါတယ်။
"နိုင်ငံတကာရှိ တော်လှန်ရေးအင်အားစုများလည်း နွေဦးထီထိုးရင်း တော်လှန်ရေးတွင် ပါဝင်နိုင်ပြီ။ နွေဦးထီကို အားပေးလျက်ရှိကြသော မိဘပြည်သူများ အဆင်ပြေလွယ်ကူစေရန် အတွက် နွေဦးထီမှ အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိတွင် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဂျာမဏီ၊ ဖင်လန်၊ နယူးဇီလန်၊ ကနေဒါ၊ ဂျပန်၊ စင်္ကာပူနှင့် ထိုင်း နိုင်ငံများတွင် နွေဦးထီ ကိုယ်စားလှယ်များ ခန့်အပ်ထားပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဆက်သွယ်ရန် အသေးစိတ်အား လုံခြုံရေးအရ Social Media တွင် ကြေညာရန် အခက်အခဲရှိပါသဖြင့် မိမိတို့ကိုယ်တိုင် စိတ်ချယုံကြည်ရသော တော်လှန်ရေး ကွန်ယက်များမှ တဆင့် ဆက်သွယ် ချိတ်ဆက်ဝယ်ယူနိုင်ပါတယ်လို့ နွေဦးထီမိသားစုကအသိပေးထားပါတယ်။ နွေဦးထီရောင်းရရငွေများဟာ ပြည်သူဖက်မှ ရပ်တည်သော CDM ဝန်ထမ်းများအား ချီးမြှင့်ပေးအပ်ခြင်းပဲဖြစ်ပါတယ်။
========================
📌📌သထုံမြို့နယ်က ခရိုင်ထွေအုပ်ရုံးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးကို လာကန်တော့သည့် ဆန်တစ်အိတ်၊ ဆီတစ်ပုံးက ထပေါက်ကွဲ၍ ရုံးပါပြိုကျကာ ရဲအပါအဝင် လူလေးဦး ထိခိုက်သေဆုံးနိုင်
မွန်ပြည်နယ် သထုံမြို့နယ်က ခရိုင်ထွေအုပ်ရုံးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးကို လာကန်တော့သည့် ဆန်တစ်အိတ်၊ ဆီတစ်ပုံးက ထပေါက်ကွဲ၍ ရုံးပါပြိုကျကာ ရဲအပါအဝင် လူလေးဦး ထိခိုက်သေဆုံးနိုင်တယ်လို့ ဧပြီ ၁၀ ရက်နေ့မှာ မွန်ပြည်နယ် တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တစ်ဦးက ရေဒီယို အန်ယူဂျီကိုအတည်ပြုပြောပါတယ်။
"ကျွန်တော်တို့အဖွဲ့လုပ်တာတော့မဟုတ်ပါဘူး။ သထုံအခြေစိုက်အဖွဲ့ကပါ။ သထုံကလူတွေ ညကအတည်ပြုတာတော့ လေးဦးထိခိုက်သေဆုံးနိုင်တယ်လို့ပြောတယ်"လို့ တပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။
အဆိုပါ သထုံမြို့ အင်းလိပ်ရပ်ကွက်မှာရှိတဲ့ စုပေါင်းရုံးက ခရိုင်ထွေအုပ်ရုံးကို လူတယောက်က ဆန် ၁ အိတ် ဆီ ၁ ပုံးနဲ့ မြို့နယ်ထွေအုပ် အုပ်ချုပ်ရေးမှူးထံ လာရောက်ကန်တော့ခြင်းဖြစ်တယ်လို့ဆိုပြီး ပေးအပ်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါကန်တော့တဲ့ ဆန်တစ်အိတ် ဆီတစ်ပုံးအား ရဲနှစ်ယောက် မတင်ရာ ပေါက်ကွဲ၍ ရုံးအဆောက်အဦးပါပြိုကျခဲ့တာဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment