12th APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းမျာ

သတင်းခေါင်းစဉ်များ -

📌နိုင်ငံတော်ယာယီသမ္မတအမိန့်နဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့ကို လက်ရှိသက်တမ်းများ ရပ်ဆိုင်း
📌အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူတို့နှင့်အတူတကွ ဆက်လက် ရပ်တည်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင်ကဆို
📌အမျိုးသားညီညွတ်ရေးအစိုးရက ဟန့်တားကြိုးပမ်းမှုကြောင့် ရေနံနဲ့သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေတွေ စစ်အုပ်စု လက်ထဲမရောက်ခဲ့ဘူးလို့ဆို
📌စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲများတွင် မပါဝင်ခြင်းဖြင့် ကူညီရန် Southern YSO PDF ကလူထုကိုတိုက်တွန်း
📌မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင် အသက်အန္တရာယ်စိုးရိမ်ရ
📌သင်္ကြန်မှာ အပြင်ထွက် မပျော်လို့ အရေးယူနိုင်တဲ့ ဥပဒေကို ပြည်သူ့အစိုးရလက်ထက် မပြဌာန်းခဲ့ဘူးလို့ သထုံအမတ် ဒေါ်သီရိရတနာဆို
📌အရာတော်မြို့နယ်တွင်း 2D, 3D လုပ်ငန်းလုပ်ကိုင်နေသူများအား သင်္ကြန်ကာလအပြီး စတင်ဖမ်းဆီးအရေးယူတော့မယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေညာ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌နိုင်ငံတော်ယာယီသမ္မတအမိန့်နဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့ကို လက်ရှိသက်တမ်းများ ရပ်ဆိုင်း

နိုင်ငံတော်ယာယီသမ္မတအမိန့်နဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့ကို လက်ရှိသက်တမ်းများ ရပ်ဆိုင်းလိုက်ပါတယ်။ ဧပြီ ၁၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထုတ်​ပြန်ချက်အရနိုင်ငံတည်ဆောက်ရေးနှင့် အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးကို ကာကွယ်၍ တာဝန်ယူဆောင်ရွက်ပေးရမည့် အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ပြုဖျက်ဆီးနေသော အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိနေတယ်လို့ဖော်ပြပါတယ်။

ဒါ့အပြင်နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီသည် လိုင်စင်ကြေးများ ကို အဓမ္မကောက်ခံပြီး ယင်းငွေကြေးများအား ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပေးအပ်၍ အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ငန်းများတွင် တတပ်တအားပါဝင်ဆောင်ရွက်ပေးနေသည်ကို အထောက်အထား ခိုင်လုံစွာဖြင့် သိရှိရပါတယ်လို့ဆိုပါတယ်။

အဆိုပါ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ကို တာဝန်ယူထိန်းကြောင်းဆောင်ရွက်နေသော နာယကများ၊ ကောင်စီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဆက်စပ်ကော်မတီဝင်များ အားလုံး၏ လက်ရှိသက်တမ်း အားဖျက်သိမ်းပြီး တာဝန်မှ ရပ်ဆိုင်းကြောင်း ကြေညာလိုက်တယ်လို့ အမိန့်ကြေညာချက်အရသိရပါတယ်။

အဆိုပါတာဝန်မှ ရပ်ဆိုင်းခံရသူအားလုံး၏ လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို တရားဝင်မှု မရှိကြောင်း သတ်မှတ်လိုက်ပြီးမြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့၏ သက်တမ်း အသစ်ဖွဲ့စည်းခြင်းများအားလုံးကို နိုင်ငံတော်သမ္မတရုံးမှ နောက်ထပ်အမိန့်တစုံတရာ ထပ်မံထုတ်ပြန်သည့်အထိ ရပ်ဆိုင်းထားရမယ်လို့ဆိုပါတယ်။

========================

📌📌အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူတို့နှင့်အတူတကွ ဆက်လက် ရပ်တည်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင်ကဆို

အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူတို့နှင့်အတူတကွ ဆက်လက် ရပ်တည်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင်ကဆိုပါတယ်။ ဧပြီ ၁၁ ရက် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင်ရဲ့ ၂၀၂၂ မြန်မာနှစ်သစ်ကူး - သင်္ကြန်အခါသမယ ထုတ်ပြန်ချက်သဝဏ်လွှာမှာဆိုထားပါတယ်။

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိပြောကြားလိုပါတယ်။သင်္ကြန်ဆိုသည်မှာ နှစ်ဟောင်းမှ အဆိုးအညစ်တို့ကိုဆေးကြောသန့်စင်သည့် အခါသမယတစ်ခု ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာပြည်သူများသည် စဉ်းစားတွေးထင်ရန်မဖြစ်နိုင်လောက်သည့် ဒုက္ခသုက္ခများကို ရင်ဆိုင်အံတုခဲ့ကြပြီး စစ်အာဏာရှင်အဖွဲ့အစည်းကို ဆန့်ကျင်ရာတွင် ထူးချွန်ပြောင်မြောက်သည့် သူရသတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ပြသခဲ့ကြပါတယ်။အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူတို့နှင့်အတူတကွ ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်အဖွဲ့ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများနှင့် ဆက်စပ်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်အတွက် ဆက််လက်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရန်နှင့် ရေရှည်တည်တံ့မည့်ငြိမ်းချမ်းရေး ရရှိရန် အကူအညီပေးရာတွင် အမေရိကန်ပြည်ထောင်စု၏ သံန္နိဋ္ဌာန်မှာ ခိုင်ကျည်မြဲမြံလျက်ပင် ရှိပါတယ်လို့ဆိုပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရက ဟန့်တားကြိုးပမ်းမှုကြောင့် ရေနံနဲ့သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေတွေ စစ်အုပ်စု လက်ထဲမရောက်ခဲ့ဘူးလို့ဆို

အမျိုးသားညီညွတ်ရေးအစိုးရက ဟန့်တားကြိုးပမ်းမှုကြောင့် ရေနံနဲ့သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေတွေ စစ်အုပ်စု လက်ထဲမရောက်ခဲ့ဘူးလို့ ဝန်ကြီး ဦးစိုးသူရထွန်းကဆိုပါတယ်။ ဧပြီ ၁၁ ရက် အင်တာဗျူးတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကပြောကြားခဲ့ပါတယ်။

"စွမ်းအင်ကဏ္ဍမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကရတဲ့ဝင်ငွေတွေကို စစ်အုပ်စုရဲ့လက်ထဲရောက် မသွားအောင် တတ်နိုင်သမျှ ပိတ်ပင်တားဆီးတဲ့ လုပ်ငန်းလေးတွေ ကျနော်တို့လုပ်ဖြစ်ပါတယ်။ ၆ လ ကနေ ၈ လ အထိကြိုးဟားခဲ့တာမှာ တစ်စ တစ်စ ရုပ်လုံးပေါ်လာတာတွေ့ရပါတယ်။ဆက်ပြီး ကြိုးစားနေဆဲဖြစ်ပါတယ်"လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ CDM ဝန်ထမ်းများကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနဲ့ လိုအပ်တဲ့မူဝါဒနဲ့ဥပဒေတို့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ လက်ရှိမှာ စစ်အုပ်စုဟာ စစ်ရေးအသုံးစရိတ်ကို ရေနံနဲ့သဘာဝဓာတ်ငွေ့တို့ကလည်း မှီခိုသုံးစွဲလျက်ရှိပါတယ်။

========================

📌📌စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲများတွင် မပါဝင်ခြင်းဖြင့် ကူညီရန် Southern YSO PDF ကလူထုကိုတိုက်တွန်း

စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲများတွင် မပါဝင်ခြင်းဖြင့် ကူညီရန် Southern YSO PDF ကလူထုကိုတိုက်တွန်းလိုက်ပါတယ်။ ဧပြီ ၁၁ ရက်နေ့မှာ ရေစကြိုနယ်နေလူထုကို Southern YSO PDF တိုက်ခိုက်ရေးခေါင်းဆောင် ကဆိုလိုက်တာပါ။

"အရေးကြီး ကာလ ဖြစ်သည့်အတွက် မိဘပြည်သူများ မလိုအပ်ပဲအပြင်မထွက်ကြရန်နှင့် စကစ အလိုကျ သင်္ကြန် ပွဲများတွင် ကျွန်တော်တို့ကို ကူညီချင်းဖြင့် မပါဝင်ကြရန်၊ အိမ်စီး ကားများ မှန်တွေအကုန်ချပြီး မှ မောင်းနှင်ကျပါ စကစတပ်များ ရဲများ ပျူ များကို မြင်ရင် အဝေးသို့ ချက်ချင်း ရှောင်ပေးကြပါရန်"လို့ဖော်ပြပါတယ်။

ရေစကြိုမြို့နယ်မှာ စကစတပ်များ အင်အားတိုးချဲ့ချထားသော်လည်း မကြာခဏတိုက်ခိုက်ခံရပါတယ်။ "ပိတောက် တွေနဲ့အတူ ကျွန်တော် တို့တွေ မကြာမီ ရောက်ရှိ လာပါတော့ မယ်"လို့ Southern YSO PDF ကဆိုပါတယ်။

========================

📌📌မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင် အသက်အန္တရာယ်စိုးရိမ်ရ

မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သတင်းထွက်ပေါ်လျက်ရှိပါတယ်။ ဧပြီ ၁၁ ရက်နေ့မှာ မန္တလေးသပိတ်အင်အားစုက ကိုသူရအောင် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

" အဓမ္မ ဖမ်းဆီးခံထားရတဲ့ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်ဟာ ဖက်ဆစ် အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ကြောရေးမှာ အသက်အန္တရာယ် ရှိနေတယ် (သို့မဟုတ်) ကျဆုံးသွားပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါတယ်။ ၂၀၂၂ ခု၊ ဖေဖော်ဝါရီ (၉) ရက်နေ့က အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ သပိတ်ခေါင်းဆောင် ကိုသူရအောင်ဟာ ဖမ်းဆီးခံရချိန်ကနေ ယနေ့ထိ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရှေ့နေများနဲ့ လုံးဝ အဆက်အသွယ် မရသေးပါဘူး"လို့ထုတ်ပြန်ဖော်ပြထားပါတယ်။

ကိုသူရအောင်ဟာ ယခုအချိန်ထိလည်း မန္တလေးအိုးဘိုအကျဉ်းထောင်ထဲကို မရောက်သေးဘူးလို့ သိရပါတယ်။ ကိုသူရအောင် မန္တလေးလူငယ်သပိတ်ကို ဦးဆောင်ပြီးတော့ စစ်တပ်က အလိုအရှိဆုံးလူအဖြစ်လည်း ဆုကြေးငွေထုတ်ခံခဲ့ရဖူးပါတယ်။

========================

📌📌သင်္ကြန်မှာ အပြင်ထွက် မပျော်လို့ အရေးယူနိုင်တဲ့ ဥပဒေကို ပြည်သူ့အစိုးရလက်ထက် မပြဌာန်းခဲ့ဘူးလို့ သထုံအမတ် ဒေါ်သီရိရတနာဆို

သင်္ကြန်မှာ အပြင်ထွက် မပျော်လို့ အရေးယူနိုင်တဲ့ ဥပဒေကို ပြည်သူ့အစိုးရလက်ထက် မပြဌာန်းခဲ့ဘူးလို့ သထုံအမတ် ဒေါ်သီရိရတနာက ဆိုလိုက်ပါတယ်။ ဧပြီ ၁၁ ရက် လူမှုကွန်ရက်မှာ သင်္ကြန်နဲ့ပတ်သက်လို့ သထုံအမတ် ဒေါ်သိရီရတနာကရေးသားပြောကြားခဲ့ပါတယ်။

"အခုကျမတို့နိုင်ငံဟာ တည်ငြိမ်အေးချမ်းနေခဲ့တဲ့ ပုံမှန်အခြေအနေကနေ ပျက်သုန်းနေခဲ့ရပြီး ပျော်ရွှင်မှုတွေနဲ့ဝေးခဲ့ရတာ ၂၀၂၁ ဖေဖေါ်ဝါရီ (၁) ရက်နေ့ကတည်းကနေ ဒီနေ့အထိဆိုတာ (လူ) လူတိုင်းသိနေတဲ့အမှန်တရားပါ။ဒီအမှန်တရားကိုဖုံးကွယ်ချင်ပြီး အားလုံးပုံမှန်ဖြစ်နေပါပြီဆိုတဲ့ ပုံရိပ်ကိုရစေဖို့ အတင်းပျော်ခိုင်းလည်းကျမတို့အပျော်ကို ကျမတို့ပဲပိုင်တယ်ဆိုတာ ဒီလိုအခါသင့်လို့ အခွင့်သာတဲ့ အချိန်မှာမှ မပြခဲ့ရင်၊ ဟန်ဆောင်အပျော်တွေနဲ့ဖုံးကွယ်မိတဲ့အမှန်တရားကြောင့် အစစ်အမှန်ပျော်ရွှင်မှုတွေ ဘယ်တော့မှပြန်မရနိုင်တော့ဘူးဆိုရင်တန်ပါရဲ့လား။ ဒီလိုတစ်ခါပြရုံနဲ့ မပြီးသွားပေမယ့်လို့ ကျမတို့ရဲ့ရပ်တည်မှု ကျမတို့ရဲ့ တော်လှန်နေမှု ညီညွတ်နေမှုတွေကို အကြိမ်ကြိမ်အခါခါပြသရင်း သွေးအေးမသွားကြောင်းသက်သေတည်ပြဖို့ကအသိတရားရှိတဲ့လူတိုင်းလုပ်နိုင်တဲ့ လုပ်သင့်တဲ့ အရာတစ်ခုပါ။ သင်္ကြန်မှာ အပြင်ထွက်မပျော်လို့ အရေးယူနိုင်တဲ့ ဥပဒေကို ကျမတို့မပြဌာန်းခဲ့တာတော့သေချာပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာ သင်္ကြန်တွင်းကို တော်လှန်သင်္ကြန်အဖြစ်သတ်မှတ်ကာ ငွေတိုက်စာချုပ်များဝယ်ယူခြင်းနဲ့ ​ PDF များကို ထောက်ပံ့ကူညီခြင်း၊ သံပုံးတီးသပိတ်ဆင်နွှဲဖို့ လူထုကိုတိုက်တွန်းနှိုးဆော်ထားကြပါတယ်။

========================

📌📌အရာတော်မြို့နယ်တွင်း 2D, 3D လုပ်ငန်းလုပ်ကိုင်နေသူများအား သင်္ကြန်ကာလအပြီး စတင်ဖမ်းဆီးအရေးယူတော့မယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေညာ

အရာတော်မြို့နယ်တွင်း 2D, 3D လုပ်ငန်းလုပ်ကိုင်နေသူများအား သင်္ကြန်ကာလအပြီး စတင်ဖမ်းဆီးအရေးယူတော့မယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကကြေညာလိုက်ပါတယ်။ ဧပြီ ၁၁ ရက်နေ့မှာ လောင်းကစားတွေနဲ့ပတ်သတ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

"အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ယိုယွင်းနေသော ပြည်သူ့တော်လှန်စစ်ကာလ၌ အရာတော်မြို့နယ်တွင်း 2D,3D အပါအဝင် တရားမဝင် လောင်းကစားလုပ်ငန်းများ ကြီးထွားလာကာ ပြည်သူလူထု၏ အကျင့် စာရိတ္တကို ဖျက်ဆီးနေပါတယ်။အကြမ်းဖက်စစ်တပ်ကလည်း တော်လှန်ရေးအင်အား ယုတ်လျော့စေရန် အတွက် အဆိုပါ တရားမဝင် လောင်းကစားဝိုင်းများကို လိုင်းကြေးယူကာ ခွင့်ပြုပေး ထားသောကြောင့် ဒေသတွင်း ခိုးမှု၊ လုယက်မှု စသော အသေးစားဒုစရိုက်မှုများ တစတစ တိုးပွားလာလျက်ရှိတယ်"လို့ဖော်ပြပါတယ်။

သို့ဖြစ်ပါ၍ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြို့နယ်တွင်းရှိ လောင်းကစားလုပ်ငန်းများတွင် ရောင်းချသူ၊ လုပ်ကိုင်သူ၊ ပါဝင် ပတ်သက်သူများကို ယခု သင်္ကြန်နှစ်သစ်ကူးမှ စတင်၍ ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေထုတ်ပြန်ကြေညာလိုက်တယ်လို့ဆိုပါတယ်။ အရာတော်ပြည်သူလူထု အနေဖြင့်လည်း မိမိဒေသတွင် ဒုစရိုက်မှုများ ထူပြောမလာစေရေးအတွက် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်လို့အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကကြေညာထားပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment