12th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီးများနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တွေ့ဆုံ
📌အာဏာသိမ်းစစ်ခေါင်းဆောင်ပြောစကား မယုံရလို့ မျှော်လင့်ချက် မထားရန် နိုင်ငံရေးသမားများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ဆို
📌ပြင်းထန်ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ တစ်သားတည်းရှိနေပါတယ်လို့ နော်ဝေသံရုံးထုတ်ပြန်
📌အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဝန်ကြီးများနဲ့ NY မြန်မာမိသားစုများ ဧပြီ ၁၃ ရက်နေ့ ရင်းနှီးစွာ တွေ့ဆုံစကားပြောမယ်
📌နှစ်ရက်တာတိုက်ပွဲအတွင်း PDF Kalay နဲ့ ပူးပေါင်းတပ်များတိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံး
📌သင်္ကြန်ရက်တွေမှာ စစ်ရေးလုပ်ဆောင်ချက်တွေရှိမယ်လို့ အမျိုးသမီးစစ်သည်တော် တပ်ရင်း (မြောင်)အသိပေး
📌ပုလဲနယ်မှ ဇီးဖြူကုန်းရွာကို ဒရုန်းနဲ့ ဗုံးတပ်ကာ လေးကြိမ်တိုက်ခိုက်၍ စကစတပ်နဲ့ ပျူသုံးဦး ပြင်းထန်စွာထိခိုက်
📌အာဏာရှင်ဝောာ်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) ဒုဥက္ကဌ ရဲဘော်ဘုန်းခန့် (ခ) ဒီလျှံနောင်နောင်ထွန်း မိုင်းပေါက်ကွဲထိမှန်ကာကျဆုံး
📌က​လေးမြို့ တာဟန်းရပ်ကွက် Methodist Mission Veng ဘုရားကျောင်းအနီး စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာလူနေအိမ်များထိမှန်
📌မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံတူးတူးနဲဲ့ လူ ၆ ဦးကို PDF တပ်ဖွဲ့တွေလို့ဆိုကာ စစ်တပ်ကဖမ်းဆီးသွား
📌ဟင်္သာတမြို့ ဗဟိုသင်္ကြန်မဏ္ဍာပ်အနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ဗုံးဖောက်ခွဲခဲ့

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီးများနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီးများနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တွေ့ဆုံခဲ့တယ်လို့ ဧပြီ ၁၂ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။

"ကုလကိုယ်စားလှယ် ဦး​ကျော်မိုးထွန်းနဲ့ နယူး​ယောက် မြန်မာသံရုံးမှာ​တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ အမြဲတမ်းလက်တွဲလုပ်ဆောင်မှု​တွေအတွက် ​လေးစားပါတယ်"လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စားလှယ်များဟာ အမေရိကန်နိုင်ငံကို မြန်မာနိုင်ငံအရေးအတွက်ရောက်ရှိနေခြင်းပဲဖြစ်ပါတယ်။

========================

📌📌အာဏာသိမ်းစစ်ခေါင်းဆောင်ပြောစကား မယုံရလို့ မျှော်လင့်ချက် မထားရန် နိုင်ငံရေးသမားများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ဆို

နိုင်ငံရေးသမားများကို အာဏာသိမ်းစစ်ခေါင်းဆောင်ပြောစကား မယုံရလို့ မျှော်လင့်ချက် မထားရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ဧပြီ ၁၂ ရက်နေ့မှာ သူ၏ လူမှုကွန်ရက်မှာ ရေးသားပြောကြားလိုက်ခြင်းဖြစ်ပါတယ်။

"အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာအစတုန်းက တနှစ်အတွက် ရွေးကောက်ပွဲ လုပ်ပေးမယ် လို့ ပြောတယ်။ နောက်တော့ မဟုတ်တော့ဘူး ၂ နှစ် ဖြစ်သွားတယ်။ ဒါကို မျှော်ဖြစ်နေတဲ့ လူတွေက ရှိသေးတယ်။ ဒီတိုင်း ထိုင်ကြည့်နေလို့ ဘာမှ ပြောင်းမသွားဘူး။ ဒီချိန်ဟာ Once for all ပြောင်းလဲ ပစ်ဖို့ အခွင့်အရေးကြီးပါ။ ဒီတိုင်းတော့မျှော်မနေနဲ့ တသက်မပြောင်းဘူး"လို့ဆိုပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အစောပိုင်းကာလများကကြေညာထားပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုကို ထောက်ခံတဲ့ နိုင်ငံရေးပါတီများဟာ စစ်အုပ်စုကျင်းပမဲ့ ရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ ရည်မှန်းနေကြပါတယ်။

========================

📌📌ပြင်းထန်ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ တစ်သားတည်းရှိနေပါတယ်လို့ နော်ဝေသံရုံးထုတ်ပြန်

စစ်တပ်အာဏာသိမ်းမှု စတင်ခဲ့ချိန်တွေကတည်းက ပြင်းထန်ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ တစ်သားတည်းရှိနေပါတယ်လို့ နော်ဝေသံရုံးကထုတ်ပြန်လိုက်ပါတယ်။ ဧပြီ ၁၂ ရက်နေ့မှာ နော်ဝေသံရုံးရန်ကုန်က မြန်မာပြည်သူတွေအတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းပေးတဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

"သင်္ကြန် ဒါမှမဟုတ် ရေသဘင်ပွဲတော်ဟာ မြန်မာနိုင်ငံမှာ အထူးခြားဆုံး အားလပ်ရက်တွေထဲက တစ်ခုဖြစ်သလို နိုင်ငံတစ်ဝန်းလုံးမှာ ကျင်းပလေ့ရှိကြပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်သူတွေဟာ ကိုဗစ်-၁၉ ကူးစက်မှုတွေ စတင်လာချိန်၊ ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းမှု စတင်ခဲ့ချိန်တွေကတည်းက ပြင်းထန်ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အခုလို ခက်ခဲတဲ့ကာလမှာ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ တစ်သားတည်းရှိနေပါတယ်။ နှစ်သစ်က မြန်မာပြည်သူလူထုအတွက် ပိုမိုကောင်းမွန်တဲ့အရာတွေ ဆောင်ကြဉ်းပေးလာမယ်လို့ မိမိတို့မျှော်လင့်ပါတယ်"လို့ဆိုပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးကြိုးပမ်းရာမှာ နော်ဝေနိုင်ငံနဲ့အစိုးရအဖွဲ့ကလည်းအပါအဝင်ပဲဖြစ်ပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဝန်ကြီးများနဲ့ NY မြန်မာမိသားစုများ ဧပြီ ၁၃ ရက်နေ့ ရင်းနှီးစွာ တွေ့ဆုံစကားပြောမယ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဝန်ကြီးများနဲ့ NY မြန်မာမိသားစုများ ဧပြီ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ Jackson Heights Area မှာတွေ့ဆုံသွားမှာဖြစ်ပြီးတော့ ဝန်ကြီးများတာဝန်ယူထားတဲ့ နိုင်ငံ့ရေးရာအပိုင်းများနှင့်ပက်သက်ပြီး မေးမြန်းနိုင်မှာဖြစ်တယ်လို့လည်းသတင်းရရှိပါတယ်။ တွေ့ဆုံပွဲကို လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်း နှင့် နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးတို့တက်ရောက် မှာဖြစ်ပါတယ်။

========================

📌📌နှစ်ရက်တာတိုက်ပွဲအတွင်း PDF Kalay နဲ့ ပူးပေါင်းတပ်များတိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံး

နှစ်ရက်တာတိုက်ပွဲအတွင်း PDF Kalay နဲ့ ပူးပေါင်းတပ်များတိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးခဲ့တယ်လို့ ဧပြီ၁၂ရက်နေ့မှာ PDF Kalay တပ်ရင်းက တပ်ဖွဲ့ဝင်များကဆိုပါတယ်။

"ဧပြီ၁၀ရက်နေ့ ၁၁ရက်နေ့ နစ်ရက်တာတိုက်ပွဲအတွင်း စစ်ခွေး ၃၅ ကောင်ကို ငရဲပြည်ပို့နိင်ခဲ့ပါပြီ။ ကလေးမြို့နယ်တောင်ပိုင်းက PDF (Kalay) CNDF. CDF.KKG.ပကဖ တွေရဲ့အစွမ်းများကြောင့် စစ်ခွေးများ ဆန့်ငင်ဆန့်ငင်များလည်း မကြာခင် ငရဲပြည်ဆင်းရတော့မယ်"လို့ PDF Kalay ရဲဘော်တစ်ဦးကဆိုပါတယ်။

ဧပြီလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅၀ ခန့်ဟာ ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ချောင်းခွရွာနှင့် နတ်ချောင်းရွာဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးခဲ့ပြီးတော့ ချောင်းခွရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီစစ်ကားများနှင့် စစ်ကောင်စီ၏ရိက္ခာများ တင်ဆောင်လာသည့် ကုန်တင်ကားများ စုစုပေါင်း အစီး ၂၀ ခန့်ပါဝင်သော နောက်ချန်ယာဉ်တန်းမောင်းနှင်လာစဉ် မွန်းလွဲ ၄ နာရီခန့်၌ ပန်းမွန်ချောင်းတံတားအနီးတွင် PDF (Kalay) ၊ CNDF နှင့် CDF (KKG) ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ဧပြီ ၁၁ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ နတ်မြောင်းရွာမှ စည်သာရွာဘက်သို့ ခြေလျင်စစ်ကြောင်းများ ဖြန့်ခွဲ၍တက်လာပြီး နောက်ချန်ယာဉ်တန်းလိုက်ပါ၍ ထွက်ခွာလာစဉ် PDF (Kalay) တပ်ဖွဲ့ဝင်များက အသင့်တပ်ဆင်ထားသော မိုင်းအရေအတွက် စုစုပေါင်း ၂၄ လုံးဖြင့် စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်လာသည့်နေရာအသီးသီးတွင် ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ထပ်မံသေဆုံးခဲ့ပါတယ်။

========================

📌📌သင်္ကြန်ရက်တွေမှာ စစ်ရေးလုပ်ဆောင်ချက်တွေရှိမယ်လို့ အမျိုးသမီးစစ်သည်တော် တပ်ရင်း (မြောင်)အသိပေး

ဧပြီ ၁၂ ရက်နေ့မှာ အမျိုးသမီး စစ်သည်တော်တပ်ရင်း(မြောင်)က စစ်ဆင်ရေးအတွက် လိုအပ်ချက် များကို တင်ပြခဲ့သလို့ သင်္ကြန်ရက်တွေမှာ စစ်ရေးလုပ်ဆောင်ချက်တွေရှိမယ်လို့ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်)အသိပေးလိုက်ပါတယ်။

"တိုက်စရာရှိတဲ့အခါ နောက်မဆုတ်တမ်းတိုက်မယ်။ တိုက်စရာမရှိတဲ့အခါ လေ့ကျင့်မှုတွေနဲ့ အသင့်ဖြစ်အောင်ပြင်ဆင်နေသလို ထုတ်လုပ်မှု မှာ အရှိန်မြှင့် ဆောင်ရွက်နေမယ်။ သင်္ကြန်ရေအစား ဖက်ဆစ်သွေးများနှင့် နီရဲစေရမယ်။ အမျိုးသမီးစစ်သည်​တော်တပ်ရင်း(မြောင်) Taw Hlan Bees - တော်လှန်ပျားများ Ei Thinzar Maung တို့ အတူချဲမဲ့ တော်လှန်သင်္ကြန် မဏ္ဍပ်မှာ ဖက်ဆစ်သွေးတို့ နီရဲစေဖို့စိတ်ကြိုက်သာ ပံ့ပိုးပေးလိုက်ပါ။ ဖက်ဆစ်အာဏာရှင်စနစ် အမြစ်ပါမကျန် မြေလှန်ပစ်မယ်။ စနစ်ဆိုးကို ချေမှုန်းပစ်မယ်"လို့ဆိုပါတယ်။

ကူညီထောက်ပံ့လိုသူများအနေနဲ့ ကျည်ဆန်မှစ၍ လက်ပစ်ဗုံးနဲ့ မိုင်းများကုန်ကျစရိတ်ကို ကျည်တတောင့်နှုန်း ကျပ်ငါးထောင်မှစတင်၍ မိုင်းနှစ်လုံးဆင့်အတွက် ကျပ်နှစ်သိန်းအထိ ကူညီနိုင်ကြောင်းသိရပါတယ်။

========================

📌📌ပုလဲနယ်မှ ဇီးဖြူကုန်းရွာကို ဒရုန်းနဲ့ ဗုံးတပ်ကာ လေးကြိမ်တိုက်ခိုက်၍ စကစတပ်နဲ့ ပျူသုံးဦး ပြင်းထန်စွာထိခိုက်

ဧပြီ ၁၁ ရက် နံနက် ၉ နာရီတွင် "မုံရွာခရိုင်တပ်ရင်း ၅၊ အောင်ဆန်းတပ်ရင်း၏ ဒရုန်းတပ်ဖွဲ့သည် ပုလဲနယ်မှ ဇီးဖြူကုန်းရွာကိုဒရုန်းဖြင့် ဗုံးတပ်ကာ (၄) ကြိမ်တိုက်ခိုက်ခဲ့၍ စကစတပ်နဲ့ ပျူသုံးဦး ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း အောင်ဆန်း PDF ကဆိုပါတယ်။

ယင်းအပြင် မုံရွာ၊ ​ချောင်းဦး၊ ယင်းမာပင်၊ ပုလဲ မြို့ပေါ်များမှ စကစ၏ သင်္ကြန် မဏ္ဍပ်များကို မုံရွာခရိုင်တပ်ရင်း ၅ ၏ ဒရုန်းတပ်ဖွဲ့မှ အတာသင်္ကြန်ကာလအတွင်း၌ ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့လည်းထုတ်ပြန်ပါတယ်။ သို့ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စကစ၏ သင်္ကြန်မဏ္ဍပ်များသို့ သွားရောက်လည်ပတ်ပျော်ပါးခြင်း မပြုကြရန် အသိပေးထုတ်ပြန်အပ်ပါသည်ဟုအောင်ဆန်းတပ်ရင်း ASF ကကြေညာထားပါတယ်။

========================

📌📌အာဏာရှင်ဝောာ်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) ဒုဥက္ကဌ ရဲဘော်ဘုန်းခန့် (ခ) ဒီလျှံနောင်နောင်ထွန်း မိုင်းပေါက်ကွဲထိမှန်ကာကျဆုံး

အာဏာရှင်ဝောာ်လှန်ရေးပြည်သူ့တပ်မတော် (DRPA) ဒုဥက္ကဌ ရဲဘော်ဘုန်းခန့် (ခ) ဒီလျှံနောင်နောင်ထွန်း မိုင်းပေါက်ကွဲထိမှန်ကာကျဆုံးခဲ့တယ်လို့ ဧပြီ ၁၂ ရက်နေ့မှာ အာဏာရှင်ဝောာ်လှန်ရေးပြည်သူ့တပ်မတော် (DRPA) ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒုဥက္ကဌ ရဲဘော်ဘုန်းခန့်အား အာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင်ဂုဏ်ပြု၍ အလေးနီပြုအပ်ပါတယ်လို့ဖော်ပြထားပါတယ်။ "ကျန်ရှိသူရဲဘော်များအနေဖြင့် အာဏာရှင်တော်လှန်ရေး ပြည်သူ့တိုက်ပွဲအား အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ကတိသစ္စာပြုအပ်ပါတယ်"လို့ DRPA ကထုတ်ပြန်ပါတယ်။

========================

📌📌က​လေးမြို့ တာဟန်းရပ်ကွက် Methodist Mission Veng ဘုရားကျောင်းအနီး စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာလူနေအိမ်များထိမှန်

ဧပြီ ၁၂ ရက် မနက် ၁ နာရီအချိန်နဲ့ ၃ နာရီအချိန်တို့မှာ က​လေးမြို့တာဟန်းရပ်ကွက် Methodist Mission Veng ဘုရားကျောင်းအနီး စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ လူနေအိမ်များထိမှန်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်တပ်ကပစ်လို့လက်နက်ကြီး ၃ ကြိမ်ပေါက်ကွဲပြီး ပစ်ခတ်သံများလည်းကြားရတယ်လို့သိရပါတယ်။ စကစတပ်များနဲ့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ပူးပေါင်းတပ်များဟာ ကလေးမြို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။

========================

📌📌မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံတူးတူးနဲဲ့ လူ ၆ ဦးကို PDF တပ်ဖွဲ့တွေလို့ဆိုကာ စစ်တပ်ကဖမ်းဆီးသွား

ဧပြီ ၁၁ ရက် ညပိုင်းမှာ စကုမြို့ မင်းချောင်းတံတားအနီး ရွှေအိမ်သစ်စားသောက်ဆိုင်မှာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ တူးတူးနဲဲ့ လူ ၆ ဦးကို PDF တပ်ဖွဲ့တွေလို့ဆိုကာ စစ်တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ မကွေး MDPDF ကဆိုပါတယ်။

"၁၁.၄.၂၀၂၂ နေ့တွင် တူးတူး(နဂါးမာန်) နဲ့ အဖွဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရှိရပါတယ်။မကွေးတိုင်း / မင်းဘူးခရိုင် / စကုမြို့က စားသောက်ဆိုင် တစ်ဆိုင်မှာ လက်နက်/ကျည်ဆံ/အသီးများနဲ့အတူတူ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရှိရပါတယ်။မကွေးသားတွေ အတွက်တော့ ရင်နာစရာပါ"လို့ဆိုပါတယ်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်သူ တူးတူးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် တော်လှန်ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ တူးတူးနှင့် ၆ ဦးကို Globe. ပစ္စတို ၃ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၁၁၀ တောင့်စသည်တို့နှင့် ဖမ်းမိခဲ့တယ်လို့ စကစဘက်ကထုတ်ပြန်ထားပါတယ်။

========================

📌📌ဟင်္သာတမြို့ ဗဟိုသင်္ကြန်မဏ္ဍာပ်အနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ဗုံးဖောက်ခွဲခဲ့

ဟင်္သာတမြို့ဗဟိုသင်္ကြန်မဏ္ဍာပ်အနီး ယနေ့မနက် တွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ဟင်္သာတက ဗုံးဖောက်ခွဲခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၁၂ ရက် နံနက် ၄ နာရီ ၅၀ အချိန်မှာ စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဟင်္သာတကဆိုပါတယ်။ ဖေါက်ခွဲမှုဖြစ်စဉ်တွင်ပြည်သူများအားငဲ့ညှာနေရသည့်အတွက် အစီစဉ်အချို့ဖျက်သိမ်းခဲ့ရပါတယ်လို့ဆိုပါတယ်။ စကစတပ်များဟာ ဟင်္သာတမြို့မှာလည်း သင်္ကြန်ပွဲတော် ဆင်နွှဲရန် လုပ်ဆောင်နေပြီးတော့ စကစခန့်ဝန်ထမ်းများကို မတက် မနေရညွှန်ကြားစာထုတ်ပြန်ထားပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment