13th APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌နိုင်ငံရေးပါတီတွေကို အကြမ်း ဖက်စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ယာယီသမ္မတက တိုက်တွန်းပြောကြား
📌ထိန်းသိမ်းနိုင်တဲ့ စိုးမိုးဒေသတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက တင်ပြမှု အင်မတန်အားရ ကျေနပ်စရာကောင်းလှတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တရားရေးဝန်ကြီးဌာနက မြို့နယ်တရားသူကြီးတွေခန့်အပ်မယ်
📌လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်ကြောင့် စစ်ကောင်စီကို လက်နက်နဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေ တိုးတက် အောင်မြင်ခဲ့
📌ရေတပ်က CDM တပ်ကြပ်ကြီးစာရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေပြီလို့ လူထုကိုအသိပေး
📌CDM ဝန်ထမ်းတွေကို တစ်နှစ်ပြည့် CDM ငွေစုစာချုပ် ပေးအပ်ချီး မြှင့်ဖို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြ
📌အကျဥ်းထောင်တွင်း အကြမ်းဖက် မှုတွေနဲ့ လိင်အခြေပြုအကြမ်းဖက် မှုတွေကို ICRC ထောင်တွင်းသို့ ဝင်ရောက်ကူညီရေး လက်မှတ်ပေါင်း နှစ်သိန်းကျော်ဆက်လက်ကောက်ခံနေ
📌YSO ISA ပြောက်ကျားအဖွဲ့လက်နက်ကြီးစမ်းသပ်ပစ်ခတ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌နိုင်ငံရေးပါတီတွေကို အကြမ်း ဖက်စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ယာယီသမ္မတက တိုက်တွန်းပြောကြား

နိုင်ငံရေးပါတီတွေကို အကြမ်း ဖက်စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ယာယီသမ္မတက ဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။ ဧပြီ ၁၂ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"စစ်ကောင်စီက ၎င်းတို့ဘာသာ စီမံချက်ချမှတ်၊ ၎င်းတို့ကိုယ်တိုင် ရေးဆွဲတဲ့ စည်းမျဥ်းအောက်မှာ ကျင်းပမယ် ရွေးကောက်ပွဲဟာ ဘယ်နည်းနဲ့မှ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိမည်မဟုတ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲကို ပြည်သူလူထုများ လက်မခံသည့် အတိုင်း နိုင်ငံရေးပါတီများအနေဖြင့် လုံးဝလက်ခံ၍ မရပါ။ အကြမ်းဖက် စစ်ကောင်စီ ဦးဆောင်ပြီး ကျင်းပမယ် ရွေး ကောက်ပွဲလမ်းစဥ်တွင် မပါဝင်ကြဖို့ အထူးတိုက် တွန်းလိုပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မူလက ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ စည်းရုံးပြောဆိုခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုဖျက်ပြီး အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ စစ်တပ်ထောက်ခံတဲ့ နိုင်ငံရေးပါတီအချို့ကို အချိုးကျ တင်မြှောက်ရွေးကောက်တဲ့ စနစ်နဲ့ လှည့်ဖျားလျက်ရှိပါတယ်။

========================

📌📌ထိန်းသိမ်းနိုင်တဲ့ စိုးမိုးဒေသတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက တင်ပြမှု အင်မတန်အားရ ကျေနပ်စရာကောင်းလှတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

ထိန်းသိမ်းနိုင်တဲ့ စိုးမိုးဒေသတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက တင်ပြမှု အင်မတန်အားရ ကျေနပ်စရာကောင်းလှတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။ ဧပြီ ၁၂ ရက်က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။

"ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုကော်မတီမှာ ကသုံးလုံးဒေသဘက်က ပအဖတာ ဝန်ခံတွေနဲ့ တွေ့ဆုံပွဲမှာလည်း ဘယ်မြို့နယ်မှာတော့ ကျေးရွာ ပေါင်းတစ်ဝက်ကျော် ထိန်းသိမ်းထား နိုင်ပြီ၊ ဘယ်မြို့နယ်မှာတော့ ၇၀% ကျော်ထိန်းသိမ်းပြီး အုပ်ချုပ်ရေးတွေ အသက်ဝင်အောင် လုပ်ဆောင်နေကြပြီ ဆိုပြီး တင်ပြကြတာ အင်မတန် အားရစရာကောင်းလှပါတယ်။ အရေးကြီးတာ တစ်ခုကတော့ ကာကွယ်ရေးဝန်ကြီး ဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပေါင်းစပ်စီမံရမယ့် ကိစ္စတွေတော့ အတော်လေးတင်ပြသွားကြတာ တွေ့ရပါတယ်။ ပအဖလုပ်ငန်းစဉ်၊ ပကဖလုပ်ငန်းစဉ်တွေ ရှင်းရှင်း လင်းလင်း သိကြဖို့လိုအပ်ပြီး ညီညီညွတ်ညွတ် ပေါင်းစပ်လုပ် ဆောင်နိုင်ကြဖို့ကတော့ အရေးအကြီးဆုံးပါပဲ"လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။

လက်ရှိမှာ စကစတပ်များဟာ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ကရင်နီပြည်၊မကွေးတိုင်း စတဲ့နေရာများမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုကြောင့်အထိနာ ကျဆုံးမှု များပြားလျက်ရှိပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တရားရေးဝန်ကြီးဌာနက မြို့နယ်တရားသူကြီးတွေခန့်အပ်မယ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တရားရေးဝန်ကြီးဌာနက မြို့နယ်တရားသူကြီးတွေခန့်အပ်မယ်လို့သိရပါတယ်။ ဧပြီ ၁၂ ရက်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ တရားရေးဝန်ကြီးဌာနက တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။ တရားရေးဝန်ကြီးဌာနက တရားစီရင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မြို့နယ်တရားသူကြီး တွေ ခန့်အပ်တာဝန်ပေးဖို့ကိစ္စ တင်ပြတာတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာ တွေကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သလို ယာယီသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းတို့ အပါအဝင် ပြည် ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

========================

📌📌လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်ကြောင့် စစ်ကောင်စီကို လက်နက်နဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေ တိုးတက် အောင်မြင်ခဲ့

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်ကြောင့် စစ်ကောင်စီကို လက်နက်နဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေ တိုးတက် အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။ ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဝန်ကြီးဌာနဆိုင်ရာ ဆောင်ရွက်ချက်များအား ပြည်သူသို့ အစီရင်ခံရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"အားလုံးသိတဲ့အတိုင်းပဲ စစ်ကောင်စီရဲ့ နေ့စဥ်ချိုးဖောက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး အထူးသဖြင့် ​ဥရောပနိုင်ငံ​တွေက အစိုးရနဲ့ လွှတ်တော်တွေ၊ အဲဒီနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံအရေးကို ကာကွယ်စောင့်ရှောက်သူတွေနဲ့ လူချင်းတွေ့ပြီး တင်ပြနိုင်ခြင်းရှိခဲ့တဲ့အတွက် အဲဒီရဲ့ အကျိုးဆက်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့အတွက် လွှတ်တော်များရဲ့ဆုံးဖြတ်ချက်၊ စစ်ကောင်စီကို လက်နက်နဲ့စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့အတွက် တောင်းဆိုချက်တွေ တိုးတက်လာတာ အောင်မြင်မှုတစ်ရပ်ပါပဲ"လို့ဝန်ကြီးကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တနှစ်တာအတွင်း ပြည်သူလူထုအား စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ညှင်းပန်းနှိပ်စက်မှုများကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အရေးယူဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းများထံလည်းတင်ပြဆောင်ရွက်ခဲ့ပါတယ်။

========================

📌📌ရေတပ်က CDM တပ်ကြပ်ကြီးစာရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေပြီလို့ လူထုကိုအသိပေး

ရေတပ်က CDM တပ်ကြပ်ကြီးစာရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေပြီလို့ လူထုကိုအသိပေးပြောကြားလိုက်ပါတယ်။ ဧပြီ ၁၂ ရက်နေ့မှာ ပြည်သူ့ပန်းတိုင်အဖွဲ့ကနေ ဖော်ပြချက်အရသိရပါတယ်။

"ကျွန်တော်ကတော့ တပ်မတော် (ရေ) တွင်တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ်ကြီး စာရေး (ဒုတိယတန်း) ဟိန်းသူအောင် ပါ။ စစ်အာဏာသိမ်းတာကို မနှစ်သက်လို့ ၂၆. ၁၂. ၂၀၂၁ မှာ စစ်ကောင်စီကို စွန့်ခွာကာ မိမိဆန္ဒအလျောက် CDM ပြုလုပ်ပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရန်အတွက် KNU/PDF ပူးပေါင်းအဖွဲ့တွေနှင့် တိုက်ပွဲဝင်နေပါပြီ။ ကျွန်တော်တို့ဆိုခဲ့တဲ့ ဆောင်ပုဒ်အတိုင်း "ပြည်သူကို ကာကွယ်ပါ၊ ဖျက်ရန်ဟူသမျှခြေမှုန်းကြ" ဆိုသလို ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဟာ တပ်မတော်သားတွေရဲ့ တာဝန်ပါ။ ဒါပေမဲ့ အထက်အောက် ဖိနှိပ်မှုနှင့် ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေကြောင့် တပ်မတော်ဟာ ပြည်သူနှင့် ဝေးကွာခဲ့ရပါပြီ"လို့လည်း CDM တပ်ကြပ်ကြီးဟိန်းသူအောင်ကဆိုပါတယ်။

စကစတပ်ဟာ တပ်မတော်သားတွေကို အကြောင်းပြပြီး စစ်အသုံးစရိတ်တွေ လိမ်တင်တာ၊ အရာရှိနှင့် အခြားအဆင့် ခွဲခြားဆက်ဆံမှုတွေ ကြီးမားတာ၊ ရေတပ်၊ လေတပ်မှာ ရေယာဥ်ဆီ၊ လေယာဥ်ဆီတွေ ခိုးရောင်းတာ၊ အထွေထွေရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်တွေ ထောက်ခံတဲ့ ပါတီကို မဲ မထည့်ရင်အရေးယူတာ စသဖြင့် တရားမဝင်တာတွေလုပ်ဆောင်ခဲ့တယ်လို့ တပ်ကြပ်ကြီး ဟိန်းသူအောင်ကဆိုပါတယ်။

========================

📌📌CDM ဝန်ထမ်းတွေကို တစ်နှစ်ပြည့် CDM ငွေစုစာချုပ် ပေးအပ်ချီး မြှင့်ဖို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြ

CDM ဝန်ထမ်းတွေကို တစ်နှစ်ပြည့် CDM ငွေစုစာချုပ် ပေးအပ်ချီး မြှင့်ဖို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၁၂ ရက်က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အစိုးရအဖွဲ့ဝင်များက တင်ပြခဲ့ကြပါတယ်။

အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာနက တစ်နှစ်ပြည့် ပြည်သူ့အစီ ရင်ခံစာတင်ပြတာ၊ စီမံကိန်း၊ ဘဏ္ဍာရေး နဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက CDM ဝန်ထမ်းများကို ရာထူးတစ်ဆင့်တိုးပေးခြင်းဆိုင်ရာ မူဘောင်ဝါဒရေးဆွဲ ချမှတ်ရန်နဲ့ သတ်မှတ်တိုးမြှင့်ထားတဲ့ ရာထူးတွေအတိုင်း လစာသတ်မှတ်ရန် မူဝါဒချမှတ်ခြင်းနဲ့ လုပ်ငန်းအကောင် အထည်ဖော် ဆုံးဖြတ်ချက်တောင်းခံတာ၊ CDM ဝန်ထမ်းတွေကို တစ်နှစ်ပြည့် CDM ငွေစုစာချုပ် ပေးအပ်ချီး မြှင့်ဖို့တင်ပြတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို စစ်တပ်က မတရားသိမ်းယူခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများမှာ အများဆုံးပါဝင်ခဲ့ကြတာ CDM ပညာရေးဝန်ထမ်းများနဲ့ကျန်းမာရေးဝန်ထမ်းများ အများစုပဲဖြစ်ကြပါတယ်။

========================

📌📌အကျဥ်းထောင်တွင်း အကြမ်းဖက် မှုတွေနဲ့ လိင်အခြေပြုအကြမ်းဖက် မှုတွေကို ICRC ထောင်တွင်းသို့ ဝင်ရောက်ကူညီရေး လက်မှတ်ပေါင်း နှစ်သိန်းကျော်ဆက်လက်ကောက်ခံနေ

အကျဥ်းထောင်တွင်း အကြမ်းဖက် မှုတွေနဲ့ လိင်အခြေပြုအကြမ်းဖက် မှုတွေကို ICRC ထောင်တွင်းသို့ ဝင်ရောက်ကူညီရေး လက်မှတ်ပေါင်း နှစ်သိန်းကျော်ဆက်လက်ကောက်ခံနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ကဆိုပါတယ်။ ဝန်ကြီးဌာနဆိုင်ရာ တစ်နှစ်တာဆောင်ရွက်ချက်များအကြောင်း ပြည်သူသို့အစီရင်ခံရာမှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် က ထည့်သွင်းပြောကြားခဲ့ပါတယ်။

"အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်တွေအတွက် ဥပဒေရေးရာ အကူအညီတောင်းခံတာမှာ ၁၉၂ ယောက်ကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အကျဥ်းထောင်ထဲမှာ အကြမ်းဖက်မှုတွေနဲ့ လိင်အခြေပြု အကြမ်းဖက်မှုတွေကို ICRC က ထောင်ထဲတွင်းသို့ ဝင်ရောက် ကူညီနိုင်ရေး လက်မှတ်ရေးထိုးကောက်ခံတာမှာ မြေပြင်လူထုသပိတ်တွေ အကူအညီနဲ့ လူ ၂ သိန်းကျော် လက်မှတ်တွေ ဆက်လက်ကောက်ခံနေပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၁၈၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၉၀) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။

========================

📌📌YSO ISA ပြောက်ကျားအဖွဲ့လက်နက်ကြီးစမ်းသပ်ပစ်ခတ်

YSO ISA ပြောက်ကျားအဖွဲ့လက်နက်ကြီးစမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဧပြီ ၁၂ ရက်နေ့မှာ လက်နက်ကြီးပစ်ခတ်တဲ့ရုပ်သံကို YSO ISA ပြောက်ကျားအဖွဲ့ကထုတ်ပြန်ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာလည်း စကစတပ်များကို YSO ISA ပြောက်ကျားအဖွဲ့ကတိုက်ခိုက်တော်လှန်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်မှာ မြေတော်ရဲစခန်းမှ ရဲတပ်သား အာကာစိန် လက်နက်နှင့်အတူ YSO ISA ပြောက်ကျားအဖွဲ့ထံ ပြည်သူ့ရင်ခွင်ခိုလှုံလာ၍ ဆုကြေးသိန်းသုံးဆယ်ကျပ်နဲ့အတူ လွတ်မြောက်နယ်မြေပို့ဆောင်ပေးခဲ့ပါသေးတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment